မဇ္ဈိမသတင်းဌာန
ခင်ခင်မြင့်နှင့် ခင်ခင်ဆင့် ညီအမပင်ဖြစ်သော်လည်း ရုပ်ရည်သွင်ပြင်မှာ မတူကြပေ။ တက္ကသိုလ်တွင် ဒီဂရီရယူပြီးသူများပီပီ ပညာတတ်၍ ရည်မွန်ကြသော်လည်း ခင်ခင်မြင့်၏ ဟန်ပန်က ပိုမိုသားနား ခန့်ထည်လှ၏။ သူသည် ဝမ်းရေးအတွက် လခနှင့်ရော ပြင်ပအလုပ်ကိုရော လုပ်ကိုင်သူ မဟုတ်ပေ။
နေ့စဉ် သူထုံးသော ဆံထုံးမှာ ရှေးဘီအေများဟန်အတိုင်း ခပ်မြင့်မြင့် ပြည့်ပြည့် ဆံထုံးကိုထုံးတတ်၍ သူ့မျက်နှာနှင့်လည်း လိုက်လျောပေသည်။ ပြည့်ဖြိုးသော မျက်နှာတွင် နှာတံမြင့်ပုံ မျက်လုံးဝိုင်းစက် တောက်ပပုံတို့မှာ မင်းကတော်ကြီး တယောက်သဖွယ် လှပရုံမျှမက နက်မှောင်ထူထဲသော မျက်ခုံးမှာ သူ့မျက်နှာ၏ ကျက်သရေပင်ဖြစ်ပေသည်။ သူ့နှုတ်ခမ်းပါးလေးများသည် သေးသွယ် သပ်ရပ်၍ ပါးစပ်ကျဉ်းကျဉ်း ဖြစ်သောကြောင့် စကားပြောလျှင် ပိုမို၍ ချစ်စရာကောင်းပေသည်။
အထူးသဖြင့် စကားပြောလျှင်လည်း လှပသော စကားလုံးလေးများကိုသာ ရွေးချယ်ပြောတတ်ရုံမက သိမ်သိမ်မွေ့မွေ့လည်း ပြောဆိုတတ်လေသည်။
“ခုနေများ ရေတခွက်လောက်သောက်ရရင် အပုကို မမ နှောက်ယှက်ရာများ ကျမလားကွယ်”
သူက ယခုစကားလုံးသုံးလျှင် အိမ်စေမလေး အပုက ပြုံးရွှင်စွာ ရေခပ်ပေးရလေ၏။ အပုသည် အစေခံ သက်တမ်းရှည်ပြီဖြစ်၍ ခင်ခင်မြင့်၏ လေယူလေသိမ်းကို နားလည်ပြီးဖြစ်သည်။
“ဟောဒီမြက်တွေသာ တကယ်လို့ ညီညီညာညာ ဖြစ်သွားရင် ဒို့များအိမ်ပန်းခင်းလေးဟာ ပိုပြီး လှသွားမှာပဲ”
ယခုလိုပြောပြန်လျှင်လည်း မာလီဆာထူးမှာ မြက်ခင်းကို ညှိဖြတ်ပေးရ၏။ ခြံထဲက ပန်းပွင့်များ အိပ်ခန်းစားပွဲအိုးတွင် ထိုးရန် လိုချင်သည့်အခါတွင်လည်း “တကယ်လို့များ မမ အခန်းထဲမှာ နှင်းဆီပန်းရနံ့လေး မွှေးနေရင် သိပ်ကောင်းမှာပဲ” ဟု ပြောတတ်၏။ ဆာထူး ရောက်စက သူ့စကား၏ ဆိုလိုချက်ကို ရုတ်တရက်နားမလည်ဘဲ ကြောင်တောင်တောင် ဖြစ်နေသောကြောင့် အပုက သင်ပြပေးရ၏။
မမကြီး၏ ဆိုလိုချက်မှာ အိပ်ခန်းရှိ စားပွဲခုံပေါ်က ပန်းအိုးကို နှင်းဆီပန်းအိုးထိုးလိုကြောင်း နှင်းဆီပန်းဖြတ်၍ပေးရန် ပြောပြရ၏။
ထမင်းစားပွဲတွင်လည်း အစ်မအကြီးဖြစ်၍ ဟင်းအရင်ဆုံး မြည်းပြီးလျှင် စားပွဲထိုး ခင်မောင်ကို ပြုံး၍ ကြည့်တတ်၏။ သူပြုံးလျှင် ခင်မောင်က အနားကပ်လာရသည်။
“တကယ်လို့များ ဟောဒီ ဟင်းခါးလေးထဲ ငရုတ်ကောင်းပိုထည့်ရင် အဆင်ပြေမလားမသိ” ခင်မောင်ငေး၍ ကြည့်နေစဉ်
“ခင်မောင် ငရုတ်ကောင်းပုလင်း သွားယူချေ။ မမကြီး ငရုတ်ကောင်း လိုချင်လို့” ခင်ခင်ဆင့်က ဝင်ပြောလိုက်မှ ခင်မောင်သည် မီးဖိုရှိရာသို့ ပြေးသွား၏။
“မမကြီးကလည်း ငါ ငရုတ်ကောင်းလိုချင်တယ် ပြောရောပေါ့ မမကြီးရယ်”
ခင်ခင်ဆင့်သည် စိတ်မရှည်သလို ဝင်ပြောလိုက်လျှင် ခင်ခင်မြင့်က ပြုံး၍ နေတတ်၏။ သူသည် သူ့ပရိသတ်ရှေ့တွင်လည်း တဘက်သား စွဲလမ်းအောင် စကားပြောကောင်းသူ တယောက် ဖြစ်ပေသည်။
သူစကားပြောရာတွင် စိတ်ရှည် လက်ရှည်ပြောတတ်သလောက် ညီမ ခင်ခင်ဆင့်က ခပ်ပြတ်ပြတ် ပြောတတ်၏။ မျက်ခုံးမွေးထူသည့် သွင်ပြင်မှလွဲ၍ ညီအစ်မနှစ်ယောက် မျက်နှာမှာ မတူပေ။
ခင်ခင်ဆင့်သည် အကျိုးပေးနုံချာသည်ဟု ပြောရမလားမသိ။ သူ့မျက်နှာသည် ချွန်း၍ ရှည်သေးသေးဖြစ်သည်။ ကိုယ်လုံး ကိုယ်ပေါက်မှာလည်း ခင်ခင်မြင့်လို ခန့်ထည်ပြည့်ဖြိုးဖို့ဝေး၍ လူစဉ်မှီဖို့ပင် မနည်းကြိုးစားနေရဟန်ရှိသည်။ သူသည် အစိုးရကျောင်းတကျောင်း၏ ကျောင်းအုပ်ဆရာမဖြစ်သော်လည်း သူ့ကိုယ်သူ ခန့်ထည်အောင် ပြင်ဆင်၍မရ တခါတရံ ရှည်လျားသော ပုဝါကြီးချထားသော်လည်း အရုပ်ကိုပုဝါတင်ထားသလို တခြားစီ ဖြစ်နေတော့သည်။ ခင်ခင်မြင့်ကတော့ ပုဝါ ရှည်ရှည် ခြုံလိုက်လျှင် အင်မတန် လှပ ခန့်ထည်သော အပျိုကြီးဟန် ပေါ်လာ၏။
ခင်ခင်ဆင့်သည် နေ့စဉ် ကျောင်းကိစ္စနှင့် အလုပ်များနေတတ်၍ ခင်ခင်မြင့်ကမူ အသင်းအပင်းနှင့် ရပ်ရေးရွာရေး ကိစ္စများနှင့် တခါမျှ မအားလပ်ပေ။ “အမျိုးသမီး စာရိတ္တမြှင့်တင်ရေး အသင်း”၊ “ကယ်တင်ရေးအသင်း”၊ “အိမ်ထောင်ရှင်မ အစည်းအရုံး”၊ “စာပေမြှင့်တင်ရေးအဖွဲ့” စသော အဖွဲ့များတွင် ပါဝင်ရုံမက နိုင်ငံခြားသို့ စေလွှတ်သော မစ်ရှင်များတွင်လည်း ခင်ခင်မြင့်သည် အမြဲလိုလို ပါတတ်၏။
အိမ်ရှေ့ခန်းရှိ အလှပြင်မှန်ဘီရိုထဲတွင် ခင်ခင်မြင့်သည် သူရောက်သော တိုင်းပြည်များမှ ပစ္စည်း တခုစီတခုစီ ဝယ်ယူလာ၍ စုဆောင်းထား၏။ တရုတ်နီပြည်မှာ ချယ်ရီပန်းပင်လေးနှင့် ငှက်ဖြူလေးသုံးကောင်တို့အား ပြင်ဆင်ထားသည်မှာ လှပသော ရဂုံတောသဖွယ် သာတောင့်သာယာရှိလှ၏။ ထီးဆောင်းထားသော ဂျပန်ပျိုဖြူ၏ ချိုပြုံးသော ရုပ်သွင်ကိုလည်း ဆွစ်ဇာလန်မှ ဂါဝန်ကားလေး ဝတ်ထားသော အရုပ်ငယ်နှင့်အတူ ယှဉ်လျက်တွေ့ရပေသည်။
အမေရိကားမှ လူနီအရုပ်များ၊ အိန္ဒိယ၏ ကြေးနှင့်ထုလုပ်ထားသော အိန္ဒိယတိုင်းရင်းသူ အရုပ်များကိုလည်း ကမ္ဗောဒီးယားမှ ဝယ်ယူခဲ့သော လှေငယ်ဘေးတွင် တွေ့ရပေသည်။ တခြားရောက်သမျှ တိုင်းပြည်အသီးသီးမှ ပစ္စည်းမျိုးစုံကို ပြင်ဆင်ထား၏။
သူ့အိပ်ခန်း၏ ခန်းဆီးများကို ဂျပန်ပိုးတု ပွင့်ရိုက်များနှင့် ပြင်ဆင်စေ၍ အိပ်ရာဖုံးကိုမူ ချက်ကိုစလိုဗက်မှ ဖဲကို ဖုံးရပေသည်။ ကြက်သွေးရင့်ရင့်အပေါ်တွင် ရွှေရောင်ပွင့် သေးသေးခက်ထားသော ဖဲအိပ်ရာဖုံးကို ခင်ခင်မြင့်က အနှစ်သက်ဆုံးဖြစ်၏။ အိမ်ရှေ့ဧည့်ခန်းဆိုဖာ အဖုံးကိုပင် သူသည် အပြာရင့်ခံထားသော ဖဲပြောင်ပေါ်တွင် နှင်းပန်းပွင့်အခက်များ ကျဲကျဲခက်ထားသော အဖုံးကို အိမ်၏ အထူးဧည့်ခံပွဲများ ကျင်းပသောနေ့တွင် အသုံးပြုတတ်၏။
ဖြူနုသော ဖဲကြိုးမျှင်များ၏ တောက်ပပုံသည် တကယ့် ပန်းပွင့်၏ တောက်ပခြင်းမျိုးနှင့်တူ၍ သူက ပိုမိုနှစ်သက်ပေသည်။ ခင်ခင်ဆင့်သည် ခင်ခင်မြင့် ပြုပြင်သုံးစွဲပုံများကို ဘာမှ ဝင်ရောက်မပြောဆိုပေ။ ကျောင်းအုပ်လခမှလွဲ၍ ခင်ခင်ဆင့်က မသုံးသောကြောင့် ကျန်ဝင်ငွေများမှ ခင်ခင်မြင့်၏ သုံးစွဲပုံများအတွက် ကန့်ကွက်စရာမရှိပေ။
မိဘများကွယ်လွန်ပြီးနောက် စိန်ရွှေအတွင်းပစ္စည်း အားလုံးနှင့် တိုက်တာလယ်ယာများသည် သူတို့ ညီအစ်မအတွက်သာ ဖြစ်၏။ လယ်များကို အစိုးရက သိမ်းသည့်အတွက် အင်းတကော်အနီးတွင် ဥယျာဉ်တခုသာ သူတို့ပိုင်မြေအဖြစ် သူတို့ ကျန်ရစ်သည်။ တခြားပစ္စည်းများအဖြစ်နှင့်မူ နိုင်ငံခြား သံရုံးကိုငှားထားသော တိုက်နှစ်လုံးကပင် တလ သုံးထောင်ဝင်ငွေရနေ၏။ ညီအစ်မနှစ်ယောက် အတွက် ပူပင်စရာမရှိပေ။
ခင်ခင်မြင့်သည် ညီမငယ်ကို ချစ်သလို ခင်ခင်ဆင့်ကလည်း အစ်မကို အလိုလိုက်၏။ အစ်မက ရှေ့လအတွက် အင်္ဂလန်မှ မှာယူထားသော ပန်းကန်စုံများကို မကြိုက်မနှစ်သက်တော့၍ ဂျပန်မှ ဝါးရွက်အခက် အဆင်လေးများပါသော ပန်းကန်စုံလိုချင်သေးသည်ဆိုလျှင် ခင်ခင်ဆင့်က မှာပေး၏။
ထိုစာပေးစာယူ ကိစ္စ သာမက ခင်ခင်မြင့် ပါဝင်ထားသော အသင်းအဖွဲ့ပေါင်းစုံမှ စာပေးစာယူ ကိစ္စ၊ ဖိတ်စာအကြောင်းပြန်ကိစ္စ တို့ကိုလည်း ခင်ခင်ဆင့်သည် (Private secretary) တယောက်သဖွယ် အားလုံး လုပ်ပေး၏။
“ပြင်သစ်က ဒီနှစ်ဖိတ်တဲ့ အမျိုးသမီးအခွင့်အရေး နှီးနှောဖလှယ်ပွဲကိုတော့ မတက်နိုင်ကြောင်း အကြောင်း ပြန်လိုက်ပါကွယ်။ သူတို့ကလည်း မမတို့ကို တက်စေချင်တယ်”
“ကလေးသူငယ်များ စောင့်ရှောက်ရေး ရန်ပုံငွေအတွက် စားပင်စိုက်ပျိုးတဲ့ ဥယျာဉ်ဖွင့်ပွဲကိုလည်း မမ မတက်နိုင်ကြောင်း အကြောင်းပြန်ပါ။ ဟို အမေရိကားက အမျိုးသမီးကြီးလာမယ့် ဧည့်ခံပွဲတော့ မမတက်မယ်။ တခါက ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ နှီးနှောပွဲ ဘန်ကောက်မှာ လုပ်တုန်းက မမနဲ့ အင်မတန် ရင်းနှီးခဲ့တာ”
ခင်ခင်မြင့်သည် ညဥ့်ဘက် အိပ်ရာဝင်ခါနီးအချိန်တွင် ခင်ခင်ဆင့်အား အလုံးပြောပြ၏။
ခင်ခင်ဆင့်ကား မှတ်သားကာ အကြောင်းပြန်သင့်သမျှကို နောက်နေ့တွင် အကြောင်းပြန်ရပေသည်။ ကြွေးမြီချထားသော ငွေများမှ အတိုးအပွားကိစ္စကိုလည်း ခင်ခင်ဆင့်က အချိန်ကျတိုင်း တွက်ချက် သိမ်းဆည်းရလေသည်။
တနင်္ဂနွေနေ့နံနက်တိုင်းလိုလိုတွင် ခင်ခင်ဆင့်သည် အပုနှင့်အတူ လမ်းလျှောက်ထွက်တတ်သော်လည်း ခင်ခင်မြင့်က မလိုက်တတ်ပါပေ။ သူပြောစရာရှိသော မိန့်ခွန်းများ အစီရင်ခံစာများကို ပြင်ဆင်တတ်၏။
ယခုတလော မမကြီးသည် ညဥ့်အိပ်ရာ ဝင်ခါနီးတွင် ခဏခဏဆိုသလို ညည်းညူတတ်၏။
“ဆင့်ဆင့်ရယ် မမတော့ အခုအလုပ်တွေ သိပ်ပိပြီး ငြီးငွေတာပဲ။ ဘယ်အသင်းမှလည်း မပါချင်ပါဘူး။ လူရှေ့မှာ ပုဝါစုံချပြီး သွားရလာရတာ သိပ်အသက်ရှုကျပ်တာပဲ။ ခေါင်းကို မူးနောက်နေတယ်။ မမ နေချင်တာက ဘူးစင်အောက်မှာ လေဝဝရှူပြီး စိတ်အေးလက်အေး နေချင်တယ်။ တောရွာက ကလေးတွေကိုပဲ စာသင်ပေး ချင်ပါတယ်နော်..”
ခင်ခင်ဆင့်သည် သူ့အစ်မ မျက်နှာကို သနားကြင်နာသော မျက်နှာနှင့် ကြည့်တတ်၏။
အစည်းအဝေးများမှ ပန်းလျသော ဟန်နှင့်ပြန်လာသော အစ်မကို တွေ့မြင်ရလျှင်လည်း သူ့မှာ ဂလူးကို့စ်နှင့် လိမ္မော်ရည်ကို ဖျော်တိုက်ရသည်။ သူ့စိတ်ထဲတွင် သူ့အစ်မသက်သာမှု အသင်းအပင်းလောကမှ လွတ်မြောက်ရာ လွတ်မြောက်ကြောင်းကို နေ့စဉ်တွေးမိ၏။ သူကတော့ စိတ်မောလွန်း၍ ဘယ်မှမပါပေ။
သူ့အစ်မကမူ စေတနာကြီးစွာ အများကောင်းကျိုးအတွက် အနစ်နာခံ အပင်ပန်းခံ လုပ်ပုံများကို သူသည် စိတ်ထဲမှ ချီးကျူးမိ၏။ သို့သော် တခါတခါ အစည်းအဝေး၊ ဧည့်ခံပွဲ ထမင်းစားပွဲများ စဉ်တိုက် ဆက်တိုက်ကျင်းပလျှင် မမကြီးကို သနားမိပြန်သည်။ မမကြီးသည် စိတ်မပါဘဲ ထိုပွဲများတွင် ဝင်ရောက် ထိုင်နေသည်မှာ မည်မျှ ခေါင်းခဲရှာမည်နည်း ဟု တွေး၍ သနားမိပြန်သည်။
သူ့စားပွဲပေါ်တွင်မူ အပြည်ပြည်မှ ဖိတ်စာများ၊ ရန်ကုန်ရှိ အသင်းအပင်းများမှ ဖိတ်စာများ ပုံ၍ပုံ၍ ရောက်လာ၏။ မမကြီးကလည်း တစောင်နှစ်စောင်မှလွဲ၍ အားလုံးလိုလို လက်ခံသည်။ သူ့မှာ နိုင်ငံခြားသွားရ အစည်းအဝေးတက်ရနှင့် အချိန်ပင် မရှိ သလိုဖြစ်လာ ပေသည်။
ဆောင်းဦးပေါက်တွင် ဂျီနီဗာသို့ ဖိတ်စာကဒ်များသည် အစီအရီ မျက်လုံး ထဲတွင် ပေါ်လာ၏။ ကတော်ပေါင်းစုံ၏ ရွှင်ပြုံးသော မျက်နှာများ၊ နိုင်ငံခြား သံတမန် များ၏ ရုပ်သွင်၊ သူရောက်ခဲ့သော နိုင်ငံ အသီးသီး၏ ဧည့်ခံပွဲများမှ အလံကလေးများ မျက်လုံးထဲတွင် တရိပ်ရိပ်နှင့် ဖြတ်သန်းသွား ကြ၏။
“ခုနေများ မမဖိတ်စာတွေအကြောင်း သိရရင် ကောင်းမယ်ထင်တယ် ဆင့်ဆင့်ရေ”ခင်ခင်ဆင့်သည် သူ့ရှေ့တွင် ငြိမ်ငြိမ် သက်သက် ထိုင်နေ၏။ သူ၏ နှုတ်ခမ်းမလှုပ်သလို မျက်လုံးတို့လည်း ခင်ခင်မြင့် မျက်နှာပေါ်တွင်စိုက်ထားကာ ခြေထောက်ကိုလည်း လုံးလုံး မရွေ့လျားပေ။
“ဘယ်နဲ့လဲကွယ် ဘယ်လိုများ အကြောင်းထူးသေးလဲ”
ခင်ခင်ဆင့် အမူအရာကို အံ့သြစွာကြည့်ရင်း သူက ထပ်ဆင့်၍မေး၏။ အရင်ကသာဆိုရင် သူပြန်ရောက်လျှင် ရောက်ချင်း အသင်းအပင်းကိစ္စ ဖိတ်စာကိစ္စများကို ခင်ခင်ဆင့်သည် သွက်လက်စွာ ပြောတတ်၏။ ထိုပြောပြ ချက်များအပေါ်တွင် ခင်ခင်မြင့်သည် သင့်လျော်သော မှတ်ချက်များချ၍ ပေးတတ်လေသည်။ ယခုတကြိမ် ငြိမ်ချက်သားကောင်းနေသော ညီမ၏ အမူအရာကို သူနားမလည်ပေ။
“ဆင့်ဆင့် မမသွားနေတုန်း ဖိတ်စာတွေ အစီရင်ခံစာတွေ မလာဘူးလား၊ အဲဒါတွေများမမသိခွင့်ရရင်”
သူသည် ထပ်၍မေးရင်း စကားမဆက်သေးဘဲ ရပ်ထား၏။ ခင်ခင်ဆင့်သည် နဂိုရ်ကသေး၍ ကျဉ်းသော ပုခုံးကို ထပ်၍ရှုံ့လိုက်ကာ ကိုယ်ကိုညွှတ်၍ “ဖိတ်စာတွေတော့ လာပါတယ်” ဟု ပြန်ပြောလိုက်၏။
“ကဲ အဲဒီစာတွေ မမကြည့်ချင်တယ်ကွယ်”
“ကြည့်လို့မဖြစ်တော့ဘူး၊ ကျမ အားလုံးမီးရှို့ပစ်လိုက်ပြီ”
“ဟယ် ဘယ်လို”
ခင်ခင်မြင့်သည် အလွန်အံ့သြသော အမူအရာနှင့် မေးလိုက်၏။ ခင်ခင်ဆင့် မျက်နှာကမူ ဘာမှ မထူးခြားသလို ဘာမှ တုန်လှုပ်စရာမရှိသလို ငြိမ်သက်နေသည်။
“ဟုတ်ကဲ့ ကျမ မီးရှို့ ပစ်လိုက်ပြီ၊ မမကြီး ဝင်ထားတဲ့ အသင်းတွေ အားလုံးကလဲ ကျန်းမာရေး မညီညွတ်တဲ့ အတွက် နှုတ်ထွက်လိုက်ကြောင်း နှုတ်ထွက်စာတွေ တင်လိုက်တယ်။ ကျမကိုယ်တိုင် (Private secretary) တယောက်အဖြစ် မမရဲ့ကိုယ်စား အောက်က လက်မှတ်ထိုးလိုက်တယ်”
“တကယ်ပြောနေတာလား ဆင့်ဆင့်”
ယခုတခါတွင် ခင်ခင်မြင့်သည် လှပသော စကားလုံးများ သုံးရန်သော်လည်းကောင်း သိမ်မွေ့သော စကားလုံးများ သုံးရန်သော်လည်းကောင်း မေ့သွားသည်ဟုထင်၏။ မျက်လုံးကို ဗြုန်းကနဲပြူးလိုက်ကာ အသံမာမာနှင့်မေးလိုက်၏။
“ဟုတ်ပါတယ် မမကြီးရဲ့ ကျမ မလိမ်ပါဘူး။ မမကြီးကို မြင်ရတာ ကျမ သိပ်ကို သနားတယ်။ မမကြီးကလဲ အမြဲညည်းနေတယ်မဟုတ်လား။ အများကောင်းကျိုး အတွက်မို့ လုပ်နေရတယ်၊ ပင်ပန်းတယ်၊ ပုဝါစုံချပြီး သွားလာနေရတာလည်း ခေါင်းခဲတယ်ဆို။ ဒီတော့ မမနဲ့ ဒီလောကနဲ့ ပြတ်ဖို့ဟာ ကျမ ဒီတခုပဲ စဉ်းစားလို့ ရတယ်။ မမကြီးက အသင်းဥက္ကဋ္ဌတို့ အတွင်းရေးမှူးတို့ မက်တာမှ မဟုတ်တာဘဲဟာ”
ခင်ခင်မြင့်သည် သက်ပြင်းရှိုက်လိုက်ကာ ဆိုဖါ နောက်မှီသို့ မှီလိုက်၏။
“အခု ဒီလို စဉ်းစားထားတယ်၊ အင်းတကော်ရွာနားက ကျမတို့ ဥယျာဉ်မှာ မမကြီးနဲ့ သွားနေမယ်လေ”
“ဘာ ဟိုမှာ သွားနေရမယ်”
ခင်ခင်မြင့်သည် ရုတ်တရက် ဣနြေ္ဒ မဆောင်နိုင်သလို မျက်စိမျက်နှာပျက်သွားပြီးမှ သူ့မျက်နှာကို ချက်ချင်း ပြင်လိုက်၏။
“ဟုတ်ကဲ့ ဟိုမှာနေရင် မမကြီးပြောသလို လေဝဝ ရှူရမယ်။ ဘူးစင်ရိပ်အောက်မှာ နားပြီး ရွာပတ်ဝန်းကျင် က ကလေးတွေကိုလဲ စာသင်နိုင်တာပေါ့။ ဒီမှာလို မမ ခေါင်းခဲတဲ့ ပုဝါစုံတင်ရတဲ့ အလုပ်တွေ မလုပ်ရတော့ဘူး။ ကဲ မမကြီးအတွက် ဦးဏှောက်ရှင်းမသွားဘူးလား”
ခင်ခင်မြင့်သည် ဘာမျှ ပြန်မပြောနိုင်ဘဲ ငိုင်နေ၏။ သူ့စကားနှင့်သူ မိနေခြင်းဖြစ်ပေသည်။ သူသည် တကယ်ပဲ မြို့ဧည့်ခံပွဲများကို ငြီးငွေ့ပါလျှင် ခင်ခင်ဆင့် စီစဉ်ထားသကဲ့သို့ တောသို့ လိုက်ပါသွားမှ ဖြစ်မည်။
တကယ်ပင် ချမ်းမြေ့အေးချမ်းပုံ ရိုးသားသော ကလေးငယ်များနှင့် စာမတတ်သော ရွာသူရွာသားတို့၏ ဓလေ့ထုံးစံများကို ချစ်ပါလျှင် သူသည် တောသို့ ပြောင်းရမည့်အတွက် ပျော်ရွှင်ရမည်ဖြစ်ပေသည်။ ယခုတော့ စိတ်မှာ အတော်မချမ်းမသာ အိုက်နွမ်းနွမ်းကြီး ဖြစ်လာတော့၏။ မျက်စိထဲတွင် ရောက်နေကျ ဖိတ်စာကဒ်ပြားများကို မြင်ယောင်လာသည်။
“မမ ခဏ အပန်းဖြေဦးမယ်ကွယ်။ အပုတို့ မပင်ပန်းဘူးဆိုရင် မမကို လိမ္မော်ရည်တခွက်လောက် အိပ်ခန်းထဲကို ပို့ပေးနိုင်မလားလို့ မေးပေးပါ ဆင့်ဆင့်ရယ်”
သူသည် သုံးနေကျ စကားလုံး ယဉ်ယဉ်လှလှများကို ပြောကာ အိပ်ခန်းရှိရာ အိမ်ပေါ်သို့ တက်သွားတော့သည်။ အင်းတကော် သွားရမည့် နေ့တွင် သူ့ပစ္စည်းများအားလုံးကို ခင်ခင်ဆင့်နှင့် အပုတို့က သိမ်းဆည်းကာ နောက်ကားတစီးတွင် ခင်မောင်နှင့်အတူ ပစ္စည်းများ ထည့်လိုက်၏။
သူ၊ ခင်ခင်ဆင့်နှင့် အပုတို့က ကားတစီး စီးကာ အင်းတကော်သို့ ထွက်သွားကြသည်။ အင်းတကော်သည် ပဲခူးနှင့် ရန်ကုန်ကားလမ်းပေါ်တွင်ဖြစ်၍ ပဲခူးကို ၁၂ မိုင်ခန့်ပင် ဝေးတော့သည်။ သို့သော် သူတို့ ဥယျာဉ်မှာ ရွာထဲတွင် မဟုတ်ပေ။ ရွာနောက်သို့ လှည်းနှင့် တမိုင်လောက် သွားရ၏။
သူတို့ကားကို အဆင်သင့်ပင် လှည်းနှစ်စီး လာ၍ကြိုဆိုနေပေသည်။ လှည်းမောင်းသူ လယ်သမားကြီးများမှာ သူတို့၏ လယ်မြေများပိုင်ရှင် အရှင်သခင်ကြီးများ၏ သမီးနှစ်ဦး လာနေမည်ဖြစ်၍ ဝမ်းသာအားရ ပြိုးပြိုးပျာပျာ ဆီးကြိုနေကြ၏။ ပစ္စည်းများကို လှည်းပေါ်ပြောင်းသူပြောင်း ခင်ခင်မြင့်၊ ခင်ခင်ဆင့်တို့အား နှုတ်ဆက်သူဆက်နှင့် အလုပ်ရှုပ်နေကြသည်။
ခင်ခင်မြင့်သည် ဇာပုဝါအပြာနုကို ဆံထုံးပေါ်မှာခြုံ၍ စည်းလိုက်ပြီး ကားထဲမှ မျက်နှာ မသာမယာနှင့် ထွက်လာ၏။
“မမတို့ စီးရမှာ ဘယ်လှည်းလဲ”
သူ့မေးခွန်းကို လှည်းမောင်းသူ လယ်သမားကြီးတယောက်က ကိုယ်ကိုရို့ကာဖြေ၏။
“ရှေ့လှည်းပါ မမ.. ကျနော်ကိုယ်တိုင် မောင်းပါ့မယ်။ ကြွကြွပါ ရှေ့လှည်းကို ကြွပါ”
ခင်ခင်မြင့်သည် ခင်ခင်ဆင့်ကို မျက်စောင်းတချက်ထိုးလိုက်ကာ လယ်သမားကြီး ညွှန်ပြသောလှည်းပေါ်ကို တက်လိုက်၍ လှည်းနောက်မြီးတွင် ခြေချထိုင်လိုက်၏။
“မမတို့ ရှေ့တိုးထိုင်ပါလားခင်ဗျာ၊ လှည်းနောက်မြီးက နဲနဲ ဆောင့်မလားလို့ ဖုံလဲ ထတတ်တယ်” လယ်သမားကြီးက ထပ်မံ၍ ပြောပြန်သည်။
“အထဲက လှောင်တယ်၊ ဒီမှာပဲထိုင်မယ်” ဟု သူသည် ခပ်ဆောင့်ဆောင့်ပင် ပြန်ပြောလိုက်၏။ ခင်ခင်ဆင့်သည် လှည်းပေါ်တက်လာကာ ပြုံးရယ်လိုက်ရင်း “ကိစ္စမရှိပါဘူး ဦးစံ၊ မမက တောဓလေ့ တောအကျင့်ကို သိပ်သဘောကျတတ်တာ” ဟုပြောလျှင် ခင်ခင်မြင့်သည် ညီမမျက်နှာကို ဗြုန်းကနဲ လှမ်းကြည့်လိုက်သည်။ ခင်ခင်ဆင့်၏ ဟန်မှာ တကယ်ပင် ရိုးရိုးသားသား ပြောနေခြင်းဖြစ်သည်ကို မြင်ရသောအခါ ဒေါသဖြစ်ရန် မကောင်းသလို သူ့စိတ် ချုပ်တည်းလိုက်ရပြန်သည်။
လှည်းသည် စထွက်ကတည်းက ဆောင့်၍ တခါတရံ မြောက်၍တက်သွားတတ်သည်။ ဝုန်းကနဲဖြစ်သွားလျှင် အပုက သူ့ကိုဖေး၍ ကိုင်ထားတတ်၏။ သို့သော် ချက်ချင်းဆိုသလိုပင် အပုလက်များကို ဖယ်ရှားပစ်လိုက်၏။ ဖုံများမှာ လိမ့်၍လိမ့်၍ အပေါ်တက်လာကြသည်။ နောက်လှည်းကို မမြင်ရအောင်ပင် တထောင်းထောင်း ထ နေတော့သည်။
သူသည် ယပ်ဒလေ ရေမွှေးဆွတ်ထားသော လက်ကိုင်ပုဝါဖြင့် နှာခေါင်းဝကို ပိတ်ထား၏။ စိတ်ထဲတွင် ညီမဖြစ်သူကို ဒေါသဖြစ်လာသည်။ ဖိတ်စာကဒ်များသည် အစီအရီ မျက်လုံးထဲတွင် ပေါ်လာ၏။ ကတော် ပေါင်းစုံ၏ ရွှင်ပြုံးသော မျက်နှာများ၊ နိုင်ငံခြားသံတမန်များ၏ ရုပ်သွင်၊ သူရောက်ခဲ့သော နိုင်ငံအသီးသီး၏ ဧည့်ခံပွဲများမှ အလံကလေးများ မျက်လုံးထဲတွင် တရိပ်ရိပ်နှင့် ဖြတ်သန်းသွားကြ၏။
သူ့ကိုများ တမင် အရွဲ့တိုက်၍ သူ့ညီမသည် ဖိတ်စာများကို ဆုတ်ပစ် အသင်းများမှ ထွက်ရအောင် လုပ်လိုက်လေသလား။ တကယ်ပင် သူသည် ထိုအပေါ်ယံ အလုပ်များကို မနှစ်မြို့လျှင် ယခုလို ထွက်ခွာလာရခြင်းအတွက် စိတ်မချမ်းမမြေ့ ဖြစ်စရာမလိုပေ။ အမှန်တော့ သူသည် ဟိုဘဝကို အများကြီး သာယာသော်လည်း ဟုန်လုပ်ပြောမိသော စကားများကို သူ့ညီမ တကယ်ပင် စိတ်ထိခိုက်၍ ယခုလို ရိုးသားစွာ စီစဉ်ခြင်းပေလား။
ဖတ်ကနဲစင်၍ လက်တွင်လာကပ်သော နောက်ချေးဖတ်မှာ သူ့ဒေါသကို ထိုးဆွလိုက်သလို ဖြစ်ပြန်သည်။ သူသည် ကြွက်တွေ့သော အင်္ဂလိပ်မတယောက်လို အသံသေး အသံကြောင်နှင့် ကုန်း၍ အော်လိုက်၏။ လှည်းကရပ်ပေးလိုက်ရကာ ခင်ခင်ဆင့်နှင့် အပုက သူ့ကို ဝိုင်းကိုင်ထားရသည်။
“မမကြီး ဘာဖြစ်လို့လဲ” ညီမဖြစ်သူ ပြူးပြူးပြာပြာနှင့် မေးရ၏။
“ငါ့လက်မှာ နောက်ချေးတွေ”
သူက ရှုံ့မဲ့ကာ ဖြေလိုက်၏။ အပုသည် သူ့ခေါင်းမှာ ပတ်ထားသော မျက်နှာသုတ်ပုဝါကို ဖြုတ်ကာ ခင်ခင်မြင့် လက်မှ နောက်ချေးကို သုတ်လိုက်၏။ လှည်းပြန်၍ မောင်းထွက်လာသောအခါ ခင်ခင်ဆင့်သည် လှုပ်ရှားနေသော ကိုယ်ကို သဘောကျသလို ကြည့်၍ ရယ်၏။
“ခုမှပဲ ကျမတော့ ကျန်းမာရေးနဲ့ ညီတော့မယ်။ ရွှံ့တို့ နောက်ချေးတို့ ကို မြင်ဖူးတွေ့ဖူးတော့မယ်”
ဆင့်ဆင့်က ရိုးရိုးသားသား အေးအေးသာသာ ပြောနေသလောက် ခင်ခင်မြင့်ရင်ထဲတွင် ဒေါသူပုန် ထလာတော့သည်။ ညီမကို ထ၍ပင် ရိုက်ချင်တော့သည်။
“မမကြီး မပျော်ဘူးလား၊ ကားစီးရတာနဲ့ ဘယ်နှယ့်နေလဲ။ ဟိုမှာဆို “ဟန်” လုပ်ရတဲ့ ကိစ္စတွေက သိပ်များနေတာနော်။ အစည်းအဝေး အကြောင်းအရာထက် ဘယ်လုံချည် ဝတ်ရမလဲဆိုတာ စဉ်းစားနေရတာက ခေါင်းခဲစရာကြီး” ခင်ခင်မြင့်သည် ညီမကိုလှည့်၍ စကားမပြောတော့။
ဖုံတွေလုံးနေသော နောက်ပိုင်းကိုသာ တစုံတခု မြင်ရမလို စူးစိုက်ကြည့်နေ၏။ လှည်းလမ်းဘေးတွင် ကြခတ်ဝါးရုံများမှာ တချို့ပြွတ်သိပ်ကာ ပေါက်နေ၏။ တချို့နေရာတွင် ကျဲသွားသောအခါ ယာခင်းများနှင့် လယ်ခင်းများကို တွေ့ရသည်။ ဝါးခက်တခက်မှာ လှည်းပေါင်းမိုးနှင့် မလွတ်ဘဲ ဒစ်-ဒစ်-ဒစ်နှင့် ငြိပြီးမှ ခင်ခင်မြင့် မျက်နှာကို လာ၍ စင်သည်။
“ဟယ် ဒီဝါးခက်ကလဲ ဘာမှ အလိုက်မသိဘူး” သူသည် ရုတ်တရက် အော်ပြီးမှ မျက်နှာပျက်သွားမိသည်။
ပြောချင်သည်မှာ ညီမဖြစ်သူ၏ အလိုက်မသိတတ် ခြင်းကို စိတ်ထဲမှ တနုံ့နုံ့ဖြစ်လာ၍ ဖွင့်ပြောလိုက်၏။ ပြောရမှာလည်း ခက်နေသည်။ အမှန်တော့ မျက်စိထဲတွင် အုတ်နီလမ်း ညက်ညက်ဘေးမှ သရက်ထည်ပန်းပွင့်ခင်းကလေးများ ပန်းချဉ်ပေါင်ခင်းကလေးများကိုသာ မြင်ယောင်လာသည်။ ဤလမ်းကြောင်းဘေးမှ ဝါးချုံများကို ဘယ်လိုလုပ်၍ သူ့စိတ်က သာယာပါမည်နည်း။
တောဆိုသည်မှာတော့ အဓိပ္ပါယ်က သစ်ပင်များ စုရုံးကာ ပေါက်သောနေရာပင်ဖြစ်၏။ အစီအစဉ် အကန့်အသတ် ရှိချင်မှ ရှိပေမည်။ ပန်းပွင့်များကလည်း တောပန်းပွင့် အရိုင်းများဖြစ်ကာ ပေါက်ချင်သော နေရာတွင် ပေါက်ပေမည်။ ချုံကလည်း နွယ်ချင်သော နေရာတွင် နွယ်ကာ စုရုံးထူထပ်နေကြမည်ဖြစ်၏။ မာလီလွှမ်းမိုးခြင်းခံရသော မြို့ဥယာဉ်များလို နေထားတကျ လှပချင်မှ လှပပေမည်။
လှည်လမ်းခရီးမှာ သိပ်မကြာဘဲ သူတို့ ဥယျာဉ်ထဲသို့ ရောက်လာ၏။ လှည်းရပ်လိုက်လျှင် အပုသည် သူ့ကို ခြေတံရှည်အိမ်လေးအောက်ရှိ ကွပ်ပျစ်ပေါ်သို့ ခေါ်သွား၏။ သူသည် ခေါင်းမှ ဇာပုဝါကို ဖြုတ်ပစ်လိုက်၏။ အပုကို သူ့ကိုယ်နှင့် ခေါင်းမှ ဖုံများကို ခါခိုင်းနေသည်။
ခင်ခင်ဆင့်ကမူ သူ့အနားသို့ မရောက်လာသေး၊ ဥယျာဉ်အဝတွင် လှည်းသမားကြီးနှင့် စကားပြောနေ၏။ ဘယ်ကရောက်လာသည် မသိသော ကလေးတစုနှင့် မိန်းမကြီးအချို့မှာ ခင်ခင်ဆင့်အနားတွင် ပတ်လည် ဝိုင်းနေသည်။
ခင်ခင်မြင့်သည် ဥယျာဉ်ပတ်ဝန်းကျင်ကို မျှော်ကြည့်၏။ ဥယျာဉ်ထဲတွင် စားပင်အခင်းများနှင့် သရက်၊ သြဇာ၊ ရှောက်၊ ပိန္နဲ စသော ပင်စောက်ပင်ကြီးများ များ၏။ ပန်းပင်ထဲကဆိုလျှင် ခံပွင့်ချုံ၊ ဇွန်ပန်းချုံ၊ ကရမက်ပန်းချုံကြီးများကို အိမ်ခေါင်းရင်းဘက်တွင် တွေ့ရသည်။
ကလေးတို့နှင့် မိန်းမများသည် ခင်ခင်ဆင့်ကိုဘာတွေ ပြောနေသည်မသိ၊ ကြွက်စီကြွက်စီနှင့် အသံစာစာညံကာ ခင်ခင်မြင့်ပင် အဝေးက နားငြီးလာ၏။ မကြာခင်ပင် ထိုအသံများသည် သူ့နားထဲသို့ရောက်လာသည်။ မိန်းမများသည် သူ့ကို လေးစားစွာကြည့်ရင်း ဝမ်းသာအားရဟန်ပြ၏။ ကလေးများကတော့ လူထူးလူဆန်းလို သူ့ကိုကြည့်၏။ သူ့ခေါင်းထဲတွင် နောက်ကျိလာသည်။ ချွေးနံ့နှင့် စီစီညံသော စကားသံများ မခံနိုင်တော့သလို ဖြစ်လာသည်။
“သူတို့တွေက ဒီနားက လယ်သမား ယာသမားတွေရဲ့ မိန်းမများနဲ့ ကလေးတွေ၊ မမကြီး စာသင်ပေးချင်တယ် ဆိုတာ သူတို့ကို သင်ပေးရမှာ။ အင်းတကော်မှာ ကျောင်းရှိပေမယ့် သူတို့ မသွားကြဘူး” ခင်ခင်ဆင့်က မိတ်ဆက်သဖွယ် ပြောလိုက်လျှင် သူသည် အားယူပြုံးလိုက်ရ၏။
သို့သော် သူ့အပြုံးထဲတွင် မနည်းဟန်ဆောင်ရသည်မှာ အကဲခတ်တတ်သူတို့အဖို့ အထင်းသား ပေါ်လွင်နေတော့သည်။
“ဪဪ သူတို့လေးတွေလား၊ တွေ့ရတာ ဝမ်းသာပါတယ်” သူသည် မြို့ကြီးသူတို့ အသုံးအနှုန်းအတိုင်း သုံးလိုက်၏။
ဗိုက်သားပေါ်က ဖျင်ကြမ်းကို ဝတ်ထားသော မိန်းမ “...သူတို့ကို ဆင်းရဲပေမယ့် သန့်ရှင်းအောင် ဘယ်လိုနေရမယ်၊ အနာဖြစ်စေတာကို ကာကွယ်ဖို့ ဗိုက်တာမင်ဓာတ်တွေ ဘာလိုတယ်။ ဘယ်လို အစာတွေ တောမှာ များများ ရနိုင်တယ်။ ဆေးလိုရင်လဲ ဆေးပြားလေးတွေဝေရမှာပေါ့ မမကြီးရဲ့။...” တယောက်မှာ သူ့ခေါင်းရင်းဘက်တွင် ဆေးပြင်းလိပ်ကြီး ခဲကာ ရှိုက်၍ရှိုက်၍ ဖွာနေ၏။ သူ့နှာခေါင်းထဲမှာမူ အနံ့ကို အခံရပ်နိုင်တော့ပေ။ အင်္ဂလိပ်သံရုံးမှ ဆက်ဆံရေး အရာရှိ မစ္စတာဘာတင်ကမူ ဆေးလိပ်သောက်ခါနီးတွင် သူ့ကို ခွင့်တောင်းပြီးမှ သောက်၏။ ခုတော့ သူသည် အော်ဂလီဆန်လာပြန်၏။ ဘာမဆို အရမ်းလုပ်သော တောသူ ရွာသားများကို ရွံရှာလာသည်။သူ့ကို ဖုံသုတ်ပေးပြီး ပုဝါကို အပုက ခါလိုက်၏။ ပုဝါစွန်းမှာ သူ့ဆံထိုးနှင့် ငြိသွားပြန်သည်။
“ဘာမှ အလိုက်မသိတဲ့ ကောင်မလေး။ မိပု သိပ်ရမ်းတာပဲ” သူက ငေါက်လိုက်လျှင် အပုသည် ပါးစပ်ကလေး ဟ သွား၏။ ယခင်ကသာဆိုလျှင် “အပုသာ ဒီလိုပုဝါကို ရမ်းပြီးမခါရင် မမ ဆံထုံးကိုထိမှာမဟုတ်ဘူး” ဟု ရှည်လျားသွယ်ဝိုက်ကာ ဖြည်းဖြည်း ညှင်းညှင်း ပြောမည်ဖြစ်၏။ ယခုမူ ဘာလို့များ အော်ငေါက်သည်ကို အပုက နားမလည်ပေ။
အမှန်တော့ ခင်ခင်မြင့်၏ “အလိုက်မသိတတ်သော ကောင်မလေး” ဟုဆိုလိုချင်သည်မှာ အပုကို မဟုတ်၊ သူ့ညီမ ခင်ခင်ဆင့်ကိုဖြစ်၏။ သို့သော် သူ့အော်သံကို ခင်ခင်ဆင့်သည် လုံးဝမကြားသလို အရယ်အပြုံးမပျက်ဘဲ စကားပြောနေသည်ကို မြင်ရသောအခါ သူသည် ကုန်း၍ပင် ဟစ်အော်လိုက်ချင်အောင် ဒေါသထွက်လာသည်။ သို့သော် ဆက်လက်မျိုသပ်၍ ဟန်ဆောင်ရဦးမည်တကား။
ဦးစံသည် မုန့်ဆန်းမရွေး၊ ငါးခြောက်သေးသေးကလေးများကို ဆီပူထိုးထားသော ငါးခြောက်ကြော်များကို ပန်းကန်ပြားတခုနှင့်ထည့်ကာ ရေနွေးကြမ်းကရား၊ ပန်းကန်လုံးလေးလုံးနှင့် လင်ဗန်းပေါ်တင်၍ ယူလာခဲ့၏။ ခင်ခင်မြင့် မျက်လုံးသည် ဗြုန်းကနဲ ရေနွေးကြမ်းပန်းကန်လုံးများပေါ်သို့ ရောက်သွား၏။ ပန်းကန်များသည် လဘက်ခြောက် ဆီချေးတက်၍ ဝါညစ်ညစ် ဖြစ်နေကြသည်။ သူ့မျက်နှာသည် မဲ့၍သွား၏။ ပါးစပ်နှင့်တေ့ သောက်ဖို့ဝေး၍ လက်ဖျားနှင့်ပင် မတို့ချင်ပေ။ သူ့စိတ်ထဲအတွင် အနိဋ္ဌာရုံတို့ကို တခုပြီးတခု တွေ့နေရသလို ရွံရှာလာ၏။
သူ့အနားက မိန်းမကြီးကလည်း ဆေးပြင်းလိပ်ကို တွင်တွင်ဖွာဆဲပင်တည်း။ မိန်းမကြီးဘေးရှိ ကလေးငယ် တယောက်ပါးစပ်ထောင့်များတွင် အိုင်းကျနေသော အနာများမှ ယင်တလှောင်းလှောင်းနှင့် ဖြစ်နေပေသည်။
ဦးစံနှင့် အပုသည် ပစ္စည်းများကို အိမ်ပေါ်သို့ သယ်လာကြ၏။ ကလေး၊ မိန်းမများနှင့် လူကြီးအချို့မှာ သူတို့ကို နှုတ်ဆက်ကာ ပြန်သွားကြသည်။ ညီအစ်မ နှစ်ယောက်ထဲကျန်မှ ခင်ခင်မြင့် စကားပြောတော့၏။
“ဒီလူတွေကို မမ က ဘာလုပ်ပေးရမလဲ” သူ့အသံသည် အလွန်မာ၍ လေယူလေသိမ်းမှာ တိုတောင်းလှသည်။
“လူကြီးနဲ့ မိန်းကလေးတွေက ညပိုင်းမှာမှ စာသင်အားမယ်တဲ့၊ ကလေးတွေကတော့ နေ့လယ်အားတယ်။ အရွယ်ရောက်စ ကလေးမလေးတွေကိုတော့ အချုပ်အလုပ်ပညာနဲ့ သန့်ရှင်းရေးကို အားလပ်ချိန်တွေမှာ သင်ပေးမလားလို့။ မမဘယ်အချိန်ကြိုက်သလဲ” ခင်ခင်ဆင့် အမေးကို စကားပြန်မပြောသေးဘဲ သူသည် အတန်ကြာ ငြိမ်နေပြီးမှ“သိပ်ညစ်ပတ်တာပဲ၊ အနာတွေလည်းပေါရဲ့၊ သူတို့ကိုယ်မှာလဲ ချေးလက်လေးသစ်” ဟု ခင်ခင်မြင့်က ညည်းလိုက်၏။
“ဟုတ်တယ် ဒါကြောင့် သူတို့ကို ဆင်းရဲပေမယ့် သန့်ရှင်းအောင် ဘယ်လိုနေရမယ်၊ အနာဖြစ်စေတာကို ကာကွယ်ဖို့ ဗိုက်တာမင်ဓာတ်တွေ ဘာလိုတယ်။ ဘယ်လို အစာတွေ တောမှာ များများ ရနိုင်တယ်။ ဆေးလိုရင်လဲ ဆေးပြားလေးတွေဝေရမှာပေါ့ မမကြီးရဲ့။ ကျမမှာတောင် ယိစ် တွေပါလာသေးတယ်။ ပြီးတော့ သန့်ရှင်းတဲ့ အိမ်သာ ဘယ်လိုလုပ်ရမယ်ဆိုတာလဲ သူတို့ကို ပြသရမှာပဲ”
“ငါတော့ မလုပ်နိုင်ဘူး၊ ဒါလောက် စုတ်ပြတ်တဲ့လူတွေကြားမှာ ငါ မလုပ်နိုင်ဘူး” ခင်ခင်မြင့်သည် မသုံးဘူးသော စကားလုံး “ငါ” ကို သုံးလာ၏။
“နက်ဖြန်ဆို ပြန်မယ်… ဦးစံနဲ့ အားလုံး စီစဉ်ပေး၊ ဟိုမှာလဲ ငါ အများကောင်းကျိုးအတွက် လုပ်နိုင်တာပဲ”
ယခုမှာပင် ခင်ခင်ဆင့်သည် အစ်မကို သဘောပေါက်လာ၏။ သူသည် အစ်မ မျက်နှာကို စေ့စေ့ကြည့်ရင်း ခေါင်းခါမိသည်။
“အများကောင်းကျိုး” သူသည် သူ့အစ်မ စကားလုံးအတိုင်း အသံထွက်အောင် ရေရွက်မိသည်။
အမှန်တော့ သူ့အစ်မ ဆိုလိုသော “အများကောင်းကျိုး” ဆိုသည်မှာ ပုဝါစုံချကာ မင်းပွဲသဘင်ထက်ဝယ် ရှေ့ဆုံးမှနေခြင်းကို ဆိုလိုသည်မှာ ယခုမှပင် သဘောပေါက်တော့ပေသတည်း။
ခင်နှင်းယု
(သက်လျာ မဂ္ဂဇင်းမှ)
No comments:
Post a Comment