Saturday, September 11, 2010

အပစ်ရပ် နယ်ခြားတလျှောက်ရှိ တပ်စခန်းများအား လားရှိုးတိုင်းမှူးသစ် ကွင်းဆင်းစစ်ဆေး

မွေခေါင်

အပစ်ရပ် SSA တပ်မဟာ ၁ ထိန်းချုပ်နယ်မြေနှင့် ၀ နယ်ခြားတလျှောက်ရှိတပ်စခန်းများအား လားရှိုးအခြေစိုက် ရမခ တိုင်းမှူးနှင့် တန့်ယန်းဗျူဟာမှူးတို့ ကွင်းဆင်းစစ်ဆေးနေကြောင်း စုံစမ်းသိရှိရပါသည်။

စက်တင်ဘာ ၇ ရက် လားရှိုးရမခတိုင်းမှူး ဗိုလ်မှူးချုပ်အောင်ကျော်ဇော တန့်ယန်းကိုရောက်တယ်။ နောက်တစ်နေ့ နေ့လည်ပိုင်း တန့်ယန်းဗျူဟာမှူးဗိုလ်မှူးကြီးခိုင်ဇော်နဲ့အတူ ကားဆယ်စီးလောက် မိုင်းကောင်(၀်) အခြေစိုက် ခလရ ၃၃ တပ်ရင်းကိုခရီးဆက်တယ်။ ညနေ ၃း၀၀ နာရီလောက် အပစ်ရပ် SSA တပ်မဟာ ၁ ထိန်းချုပ်နယ် မြေနဲ့မျက်နှာချင်းဆိုင် မိုင်းကောင်(၀်)တပ်စခန်းကိုသွားစစ်ဆေးတယ်”ဟု တန့်ယန်းရောက်မိုင်းကောင်(၀်)ဒေသခံ တစ်ဦးကပြောပါသည်။

တိုင်းမှူးသစ်သည် ခလရ ၃၃ တပ်ရင်းရှိ ဆေးရုံကိုလည်းစစ်ဆေးကြောင်း၊ ခလရ ၃၃ တပ်ရင်းအား တန့်ယန်းမြို့နယ်ရှိ ပြည်သူ့စစ်များအား ကားလမ်း၊ ကားလမ်းတလျှောက်တံတားကြီးငယ်အားလုံးနှင့် သံလွင်ကူးတို့ဆိပ်တိုင်း လုံခြုံရေးယူ ကင်းစောင့်ရန်ညွှန်ကြားခိုင်းကြောင်း၊ ညနေ ၄း၃၀ နာရီ မိုင်းကောင်(၀်)မှတန့်ယန်းသို့ ပြန်လည်ထွက်ခွါကြောင်း ၎င်းကဆက်လက်ပြောပါသည်။

ယနေ့ နံနက် ၉း၀၀ နာရီကျော် လားရှိုးတိုင်းမှူးနှင့်တန့်ယန်းဗျူဟာမှူးတို့အဖွဲ့ ကားဆယ်စီးဖြင့် သံလွင်မြစ်ကူးတံတား တာ့ကောင်းအက်မှတဆင့် အရှေ့ဘက်ကမ်းရှိ ၀ နယ်ခြား(လွယ်ပန်ဇုံ ၀ တပ်စခန်းနှင့်မျက်နှာချင်းဆိုင်) နအဖတပ်၏ အကြီးဆုံးခံတပ်လွယ်ပန်လုံတပ်စခန်းအား သွားရောက်စစ်ဆေးသည်ဟုသိရှိရသည်။

တန့်ယန်း-မိုင်းကောင်(၀်)-နမ့်လောဝ်းကားလမ်း၊ သံလွင်ကူးတို့ဆိပ်ဆင်းကားလမ်းနှင့် ကူးတို့ဆိပ်တို့၌ လားဟူပြည်သူ့ စစ်များအား ၂၄ နာရီကင်းစောင့်ခိုင်းကာ အခွင့်အာဏာအပြည့်ပေးထားသောကြောင့် အနီးတ၀ိုက်ရှိကျေးရွာများထံမှ စားနပ်ရိက္ခာများဆင့်ဆိုနေသည်ဟု တန့်ယန်းဒေသခံတစ်ဦးက ဤကဲ့သို့ပြောပြပါသည်။

“ပန်မူကူးတို့ဆိပ်မှာစောင့်တဲ့ ဂျထောဦးဆောင်တဲ့ လားဟူပြည်သူ့စစ် ၁၅ ယောက်နဲ့ ပိန်းဖိကူးတို့ဆိပ်မှာစောင့်တဲ့ ဂျထီးဦးဆောင်တဲ့လုပ်ရှားရဲအဖွဲ့က နားကော်ကျေးရွာအုပ်စု ပိန်းယောင်းရွာ၊ ကောင်းကော်ရွာနဲ့ ကောင်းမူးရွာ တွေကနေ ဆန်၊ ကြက်တွေအလကားတောင်းစားတယ်။ တစ်ခါကိုကြက်သား ၂-၃ ပိဿာအဓမ္မတောင်းတယ်”

ဂျဟယ်ဦးဆောင်သော မိုင်းကောင်(၀်) ပြည်သူ့စစ်က နမ့်ပန်တံတား၊ ဂျဟဲ့ ဂျနူးဦးဆောင်သော ပြည်သူ့စစ်က နမ့်လောဝ်း -မိုင်းကောင်(၀်) ကားလမ်းရှိ နမ့်ပင်ပန်အနီး၊ ဂျညီး ဂျဟယ် ဦးဆောင်သောလုပ်ရှားရဲအဖွဲ့က နမ့်လောဝ်း-ပန်ဟိုင်း-မိုင်းကောင်(၀်) ကားလမ်းရှိ လွယ်ဖာဖင့်အရပ်၊ ဂျညီး ယောစု ဂျထီးဦးဆောင်သော လူသူလက်နက်အင်အား ၈၀ ခန့်ရှိ လုပ်ရှားရဲအဖွဲ့က မိုင်းကောင်(၀်)တောင်ဘက် တပ်မဟာ ၁ ထိန်းချုပ်နယ်မြေသွားလမ်း နောင်ဟျိုးဂိတ်၌အသီးသီး စောင့်ကြပ်ကြသည်။

မိုင်းကောင်(၀်) အခြေစိုက် ခလရ ၃၃ တပ်ရင်းမှူးဗိုလ်မှူးကြီးကျော်ကျော်နိုင်လည်း ဧပြီ ၂၄ ရက်မှယနေ့တိုင် တန့်ယန်း-မိုင်းကောင်(၀်)ပြေးလိုင်းကားနှင့်ကိုယ်ပိုင်ကားများအား တစ်ရက်လျှင် ၂ စီးကျချောဆွဲပြီး မိုင်းကောင်(၀်) တပ်စခန်း အတွင်း နေ့စဉ်သွားရောက်စောင့်ခိုင်းသည်ဟုဆိုသည်။

No comments: