စန္ဒီမေ
၂ဝ၁၁ ဇွန်လ ၂၄ ရက်နေ့ ရန်ကုန်မြို့ ပြည်လမ်းမပေါ်မှာရှိ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရှိရာ နေရာ၊ ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် အစည်းအဝေးခန်းမကို သွားဖို့ ကျမ ပြင်ဆင်ခဲ့ပါတယ်။
အချိန်က နေ့လည် ၁၂ နာရီထိုးနေပြီ။ ၁၂ ခွဲ - ၁၂ ၊ ၄၅ မိနစ်လောက်မှာ ပြည်လမ်းမရဲ့ ပြည်သူ့ ရင်ပြင်ရှေ့က
စုရပ်ကို အရောက်သွားရမှာ။
ကျမမှာ ရှိတဲ့ ကင်မရာ၊ ရီကော်ဒါ အမျိုးအစားက ###### ပါ။ ကျမရဲ့ သတင်းစာတိုက်က စာရင်းပေးသွင်းလိုက်တာက ရုံးမှာရှိတဲ့ အမျိုးအစားတွေပေါ့။ အခက်တွေ့သွားတာက အခုလို လွှတ်တော်တွေ့ဆုံပွဲ၊ စာနယ်ဇင်း ရှင်းလင်းပွဲတွေ တက်တော့မယ်ဆိုရင် တက်ချင်တာနဲ့ တက်ချင်တိုင်း တက်လို့ မရဘူး။ လက်ကိုင်ဖုန်းကအစ အတိအကျ စာရင်းသွင်းရတာ။ ဘယ်ကို စာရင်းလှမ်းသွင်းရလဲလို့ မေးရင် စာပေစိစစ်ရေးကိုပေါ့လို့ ဖြေရမှာပါ။
ဒါကြောင့် ဒီနေ့ ကျမ အခက်တွေ့နေတာပါ။ တိုင်ကပ်နာရီကို ပြေးမြင်လိုက်တော့ အချိန်က ၁၂ နာရီနဲ့ ၂၅ မိနစ် ရှိနေပါပြီ။ ရုံးက ကင်မရာနဲ့ ရီကော်ဒါ ယူသွားတဲ့ သတင်းထောက် ပေါက်စကလည်း ပြန်ရောက်မလာ။ ကျမ သတ္တိမွေးလိုက်ပါပြီ။
‘‘ဖြစ်ချင်ရာဖြစ်၊ ငါက သတင်းထောက်ပဲ။ မဟုတ်တာလုပ်မယ့် အဖျက်သမားလည်း မဟုတ်။ ရှိတာနဲ့ပဲ သွားမယ်။ ဟိုရောက်လို့ စာရင်းပေးထားတာနဲ့ မတူလို့ ပြန်လာခိုင်းကာမှသာ ပြန်လာလိုက်မယ်။ ဒီပွဲကိုတော့ ရအောင်တက်ပြီး ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးသူရရွှေမန်း ဘာတွေပြောမှာလဲဆိုတာတော့ သိချင်သေးတယ်’’
အဲဒီအတွေးနဲ့ ကျမ လမ်းမပေါ် ရောက်လာခဲ့ပါတယ်။ တိတိကျကျ ဆိုသလို ၁၂ နာရီ ၄ဝ မိနစ်မှာ ကျမ စုရပ်ကို ရောက်သွားပါတယ်။ စုရပ်မှာ ဖိတ်ကြားထားသူတွေ အစုံအလင် ရောက်လို့နေပါပြီ။ ကျမတို့ ရပ်နေတဲ့ ရှေ့မျက်နှာချင်းဆိုင် တဖက်တချက်မှာတော့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးခန်းမပဲ ဖြစ်ပါတယ်။
ကျမတို့ စုရပ်မှာတော့ အပွင့်တွေ၊ အခက်တွေ၊ အရွက်တွေနဲ့ တာဝန်ရှိသူ အစောင့်အရှောက်တွေ ဝိုင်းကာဝန်းကာ ရှိနေပါတယ်။ ပြီးတော့ ကျမတို့ အစည်းအဝေးခန်းမထဲကို ဝင်ဖို့ အချိန်နီးကပ်လာပါတယ်။
ကျမတို့ကို မော်တော်ယာဉ် လိုင်းပေါင်းစုံ ထိန်းသိမ်းရေး ကော်မတီ - မထသ ၃၄ ဘတ်စ်ကားပေါ်ကို တက်ကြလို့ ဆိုလာပါတယ်။ ဒီဘတ်စ်ကားကို ကျမတို့လိုပဲ စီကြရတဲ့ သူတွေက ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များ အသင်းချုပ် UMFCCI က တာဝန်ရှိသူများလည်း ပါဝင်ပါတယ်။ သူတို့ စီးနင်းလာတဲ့
နောက်ဆုံးပေါ် ဇိမ်ခံကားတွေကို စွန့်ပြီး ဒီ ဘတ်စ်ကားတွေနဲ့ လိုက်ပါရပါတယ်။
ဒီနေရာမှာ ကျမ စိတ်အေးချမ်းသာရခဲ့ပါတယ်။ ကျမ ကိုင်လာတဲ့ ကင်မရာအမျိုးအစားက ဘာ၊ ရီကော်ဒါက ဘာဆိုတာ မစစ်ပါဘူး။ ဒီတခုတော့ ကျမတို့နိုင်ငံ အုပ်ချုပ်သူတွေရဲ့ ပြောရင် ပြောတဲ့အတိုင်း မလုပ်တာကို ကျေးဇူးတင်ရမလိုပါပဲ။
ဒါပေမဲ့ ကံဆိုးစွာနဲ့ပဲ ရီကော်ဒါ သုံးခွင့်မရှိလို့ ဆိုလာပါတယ်။ ပြီးတော့ လက်ကိုင်ဖုန်းတွေကို စက်ပိတ်ပြီး ထားခဲ့ပါတဲ့။ ကင်မရာတော့ သယ်သွားခွင့်ရခဲ့တယ်၊ ကံကောင်းလို့ပေါ့။
ဒီလိုနဲ့ အဆောက်အအုံ ရှိရာကို လမ်းမကြီးပေါ်ကနေ ကန့်လန့်ဖြတ်ပြီး ကျမတို့ ရောက်လာပါတယ်။ ရှေ့ကားတွေမှာ ပါသွားတဲ့ လူကြီးလူကောင်းတွေက ခန်းမရဲ့ ရှေ့ခုံတွေမှာ နေရာယူပြီးပါပြီ။
ခန်းမကြီးတခုလုံး ပြည့်လုပြည့်ခင် ဖြစ်နေပါပြီ။ ကျမတို့သတင်းထောက်တွေမှာ တချို့လည်း ထိုင်စရာရတယ်။ တချို့ ယောက်ျားလေး အများစုကတော့ နောက်နား မတ်တပ်ရပ်ပြီးပဲ ဓာတ်ပုံရိုက်ဖို့ စိုင်းပြင်းနေကြပါတယ်။
အချိန်အားဖြင့် နေ့လည် ၁ နာရီတိတိမှာ အနောက်ဘက် ဝင်ပေါက်ကနေ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း စင်မြင့်ထက်မှာ နေရာယူပြီး ဖြစ်နေပါပြီ။
အစည်းအဝေးခန်းမ စပြီး အသက်ဝင်လာပါပြီ။ ကျမတို့ သတင်းထောက်တွေလည်း ဘောလ်ပင် တချောင်း၊ စာအုပ် တအုပ်ထုတ်လို့ အသင့်အနေအထားနဲ့ပေါ့။
ကျမတို့လိုပဲ အထူးဖိတ်ကြားခံရတဲ့ ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေ၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တွေနဲ့ UMFCCI ဥက္ကဋ္ဌနှင့် ဗဟိုအလုပ်အမှုဆောင်တွေလည်း အသင့် အနေအထားနဲ့ အမှာစကားကို နားစွင့်လို့ နေကြပါတယ်။
သူရဦးရွှေမန်း အမှာစကား စတင်ပြောနေပါပြီ။ ဘာကြောင့် ဒီအစည်းအဝေး ပြုလုပ်ရသလဲဆိုတာကို ဦးစွာပထမ ပြောပြပါတယ်။
သူပြောဆိုပုံ ဆိုလိုရင်း အတိုချုပ်မှာ -
ဒီအခမ်းအနားဟာ မိမိတို့လွှတ်တော်နဲ့ လွှတ်တော်ကိုယ်စားလှယ်များအနေနဲ့ ဘာတွေ လုပ်ဆောင်ခဲ့တယ်၊ ဘာတွေ လုပ်ဆောင်နေတယ်၊ ဘာတွေ လုပ်ဆောင်ဦးမယ် ဆိုတာတွေကို ကြားသိစေလိုတဲ့ စေတနာနဲ့ ရည်ရွယ်တွေ့ဆုံတာ
ဖြစ်တယ်လို့ စကားချီး ပြောဆိုပါတယ်။
အဲဒီနောက် ဖိတ်ကြားထားသူတွေနဲ့ ပတ်သက်ပြီး အခုလို ဆက်ပြောပါတယ်။
အခုဖိတ်ကြားလိုက်တဲ့ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ဟာ အသင်း ၅၉ သင်း စုစည်းပြီး ဖွဲ့ထားတဲ့ အသင်းကြီး ဖြစ်တယ်။
ဒါ့အပြင် အသင်းမှာ ပါဝင်ဆောင်ရွက်နေသူတွေဟာ ဥာဏ်ပညာအရ မြင့်မားသလို၊ စီးပွားရေးအင်အား
ကောင်းမွန်သူတွေ ဖြစ်ကြတယ်။ သူတို့ဟာ တခြားအသင်းတွေ၊ ပြည်သူတွေနဲ့ တိုက်ရိုက်ထိတွေ့နေသူတွေ ဖြစ်သလို လွှတ်တော်ရေးရာ ကိစ္စတွေ ဆောင်ရွက်နေတာကိုလည်း သိကြတယ်။ သူတို့ကတဆင့် ပြည်သူတွေ၊ သတင်းမီဒီယာတွေကို ပျံ့နိုင်တယ်။ ဒါကြောင့် ဖိတ်ကြားထားရတာ ဖြစ်တယ်လို့ ဆိုပါတယ်။
နောက်ပြီး စာနယ်ဇင်းသမားတွေကို ဖိတ်ရတာကတော့ စာနယ်ဇင်းသမားတွေက အမြင်စူးရှတဲ့၊ အပြောအဆို အရေးအသား ထက်မြက်တဲ့ စတုတ္ထမဏ္ဍိုင်မှာ ပါဝင်သူတွေမို့ လွှတ်တော်ရေးရာ ကိစ္စတွေနဲ့ ပတ်သက်ပြီး ဘယ်လို ဆောင်ရွက်နေသလဲဆိုတာ သိရှိနိုင်အောင် ဖိတ်ရတာပါလို့ အကြောင်းပြချက် ဝေဝေဆာဆာနဲ့
ပြောဆိုလာပါတယ်။
ဆက်လက်ပြီး ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက - မေးမြန်းထားတဲ့ မေးခွန်း ၃ ခုရှိကြောင်းနဲ့ အဲဒီမေးခွန်း ၃ ခုကို ဖြေကြားပေးခဲ့ပါတယ်။
သူဖြေကြားပုံက ရှည်လျားထွေပြားတဲ့အတွက် အမြင်စူးရှတဲ့ သတင်းသမားတယောက်အနေနဲ့ ကျမကတော့ အခုလို အတိုချုပ် ကောက်ချက်ချ မှတ်သားလာပါတယ်။
မေးခွန်း ၁ က ပထမအကြိမ် ပုံမှန်လွှတ်တော်အစည်းအဝေးများမှာ လွှတ်တော်ကိုယ်စားလှယ်များနဲ့ လွှတ်တော်များ ဘာလုပ်ခဲ့သလဲ။
သူဖြေတာက ပထမအကြိမ် ပုံမှန်အစည်းအဝေးမှာ ကိုယ်စားလှယ်တွေရဲ့ မေးခွန်း ၁ဝ၆ ခုနဲ့ အဆို ၄၃ ခုမှာ မေးခွန်းတွေ အကုန်ကို ဖြေခဲ့ပြီး၊ အဆိုတွေကိုလည်း ညှိနှိုင်းဆုံးဖြတ်ခဲ့ကြတယ်။ ဒါကြောင့် ကိုယ်စားလှယ်များနဲ့ လွှတ်တော်အနေနဲ့ ဆောင်ရွက်ရမယ့် လုပ်ငန်းများစွာ ရှိနေသေးတယ်လို့ ဆိုပါတယ်။
မေးခွန်း ၂ ကတော့ လွှတ်တော်၊ လွှတ်တော်ကော်မတီများနဲ့ ကိုယ်စားလှယ်များ ဘာလုပ်နေကြသလဲ။
ဒီမေးခွန်းကိုတော့ လွှတ်တော်အတွင်းတာဝန်များကို ထမ်းဆောင်နိုင်ရေးအတွက် လွှတ်တော်ကိုယ်စားလှယ်များနဲ့ လွှတ်တော်ကော်မတီများကို စွမ်းဆောင်ရည် ပြည့်မီဖို့ ပြုလုပ်နေတဲ့အပြင် အဓိက ထမ်းဆောင်ရမယ့် ဥပဒေပြုရေး တာဝန်ကို ဥပဒေပညာရှင်များ မဟုတ်ပေမယ့် အတွေ့အကြုံ၊ ဗဟုသုတ၊ ဥာဏ်အမြော်အမြင်များနဲ့ ကိုယ်တိုင်သင်ယူ၊ အချင်းချင်း ဆွေးနွေး စတဲ့ ပုံစံတွေနဲ့ လေ့လာနေပါကြောင်းနဲ့ ဥပဒေပြုမယ်ဆိုရာမှာ တည်ဆဲဥပဒေများကို ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်း၊ ဥပဒေသစ်များ ပြဋ္ဌာန်းခြင်းများ ပြုလုပ်နိုင်ဖို့ စိစစ်လေ့လာနေရကြောင်း စသဖြင့် ပြောဆိုသွားပါတယ်။
နောက်ဆုံး မေး ၃ ကတော့ ဘယ်တော့ လွှတ်တော်ခေါ်မလဲဆိုတာပါ။
ဒီမေးခွန်းနဲ့ ပတ်သက်လို့ မေးခွန်းကို တိုက်ရိုက်တန်းမဖြေသေခင် လွှတ်တော် ၃ ရပ် ရှိကြောင်း ဆိုလာပါတယ်။ ၁ က ပုံမှန်အစည်းအဝေး၊ ၂ ကတော့ အထူးအစည်းအဝေးနဲ့ ၃ က အရေးပေါ်အစည်းအဝေးတွေပါတဲ့။
အဲဒီမှာ ပုံမှန်ဆိုရင် ၂၁ ရက် ကြိုပြောမယ်။ အထူးဆိုရင် အနည်းဆုံး ၁၅ ရက်၊ အရေးပေါ်ဆိုရင် အနည်းဆုံး ၃ ရက် ကြိုတင် အသိပေးသွားမယ်လို့ ဆိုပါတယ်။
ဘယ်တော့ လွှတ်တော်ခေါ်မှာလဲဆိုတာကို ဖြေရရင် လွှတ်တော်ခေါ်ဖို့ အကြောင်းပေါ်လာရင် ခေါ်ပေးမယ်လို့
ဖြေဆိုသွားပါတယ်။
ဒီနေရာမှာ သူရဦးရွှေမန်းရဲ့ ကြားဖြတ်စကားကတော့ - ကချင်ပြည်နယ်မှာ တပ်မတော်နဲ့ KIA အကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲအကြောင်းပဲ ဖြစ်ပါတယ်။
တပ်မတော်နဲ့ KIA အကြား ရက်အနည်းငယ်အတွင်းက ပစ်ခတ်မှုတွေ ဖြစ်ခဲ့ပေမယ့် အခုအခါ မူလအခြေအနေ အတိုင်း တည်ငြိမ်အေးဆေးမှု ပြန်ရနေပြီ ဖြစ်ကြောင်းနဲ့ ဒီအခြေအနေ ပြန်ရဖို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တဦးဖြစ်တဲ့ ဦးသိန်းဇော်နဲ့ သက်ဆိုင်သူများ ညှိနှိုင်းခဲ့ရကြောင်း ကြားဖြတ် အစီအစဉ်အဖြစ် သူရဦးရွှေမန်းက တင်ပြသွားတာပါ။
ဒီလို ဥက္ကဋ္ဌကြီး မိန့်ခွန်းတွေ အများကြီး ခြွေရလို့ အာခေါင်ခြောက်ပြီး ရေတောင်းသောက်ရတဲ့ အဆင့် ဖြစ်သွားပါတယ်။
ဥက္ကဋ္ဌကြီး စကားများကို စာရွက်ပါအတိုင်း ဖောင်ဖွဲ့ပြောဆိုအပြီးမှာတော့ နိဂုံးချုပ်စကားနဲ့ အတူ ဘာများ မေးစရာ ရှိပါသလဲတဲ့။
ဘယ်သူမှ ထမမေးကြပါ။ မေးစရာ မရှိလို့တော့ မဟုတ်ပါ။ မမေးဖို့ တာဝန်ရှိသူတချို့က ကြိုတင်သတိပေးထားခြင်းပါ။ ကျမနဲ့အတူ အမြင်စူးရှတဲ့ စာနယ်ဇင်းသမားတွေလည်း အားလုံးငုပ်တုတ်။
အဲဒီနောက်မှာ ထူးခြားတဲ့ မြင်ကွင်းတခုကို တွေ့လိုက်ရတယ် (ဖြတ်ခနဲ)။
ဂျာနယ်တိုက်တတိုက်ရဲ့ တာဝန်ရှိသူတယောက်က သူရဦးရွှေမန်း ဧည့်သည်တွေကို ပျူငှာစွာ လိုက်နှုတ်ဆက်နေတဲ့ အချိန်မှာ အခုလို မေးလိုက်ပါတယ်။
‘‘ခုနက ပြောသွားတဲ့ KIA တိုက်ပွဲနဲ့ ပတ်သက်ပြီး မေးစရာလေးတွေ ရှိလို့ပါ’’ တဲ့။
အဲဒီအခါ သူရဦးရွှေမန်းက ‘‘ အခုတော့ မအားလို့။ မေးချင်ရင် ရုံးကို စာပို့လိုက်ပါ’’ (အသံထွက်တယ်ဆိုရုံမျှ) ဆိုပြီး အဖြေပေးသွားပါတယ်။
ဒီနေရာမှာ ကျမ မေးချင်တဲ့ မေးခွန်းက တခုထဲပဲ ရှိပါတယ်။
အဲဒါကတော့ ‘‘ဆရာတို့ အပြောနဲ့ အလုပ်ဘယ်တော့ ထပ်တူကျမှာလဲ’’ လို့ …။ ။
No comments:
Post a Comment