Wednesday, July 6, 2011

မြန်မာနိုင်ငံ တောင်သူလယ်သမားအရေး အပိုင်း (၃)

ဦးမျိုး (ဥပဒေ)

လေ့လာသုံးသပ်ချက် စာတမ်း (အပိုင်း - ၃)

ကိုလိုနီခေတ် တောင်သူလယ်သမားများ လှုပ်ရှားမှုများ

လူခွန်တော်ငွေ ၅ ကျပ် မပေး ငြင်းဆန်ရေး တိုက်ပွဲကြီးသည် သာယာဝတီ အနောက်ပိုင်း တခွင်လုံးတွင် မီးဟုန်းဟုန်းတောက်ခမန်း ဆူပွက် လှုပ်ရှားသွားလေတော့သည်။ ရွာတိုင်း ရွာတိုင်း၊ အိမ်တိုင်း အိမ်တိုင်းတွင် ကပ်ထားသော ”အခွင့်မရှိ မဝင်ရ” ဟူသော ငြိမ်းချမ်းစွာ အာဏာဖီဆန်ရေး ဆိုင်းဘုတ်များကို စစ်ပုလိပ်တို့ကပြားပြားဝပ်သွားအောင် ဖြုတ်ချဖျက်ဆီးပစ်လိုက်လေသည်။ သို့သော် ဝံသာနု အသင်းသား လူထုကြီး၏ အင်္ဂလိပ်အစိုးရ မုန်းတီးရေး စိတ်ဓာတ်ကြီးကိုကား မချေမှုန်းနိုင်၊ ဆထက်ထမ်းပိုးတိုး၍ပင် ကြီးမားပြင်းထန် လာလေတော့သည်။

ပြည်သူတို့၏ မရှိမဲ့ ရှိမဲ့ ပစ္စည်းကလေးများကို ဓားပြကြီးများပမာ အဓမ္မ ဖျက်ဆီးလုယူခဲ့ကြပေသည်။ လူများကိုလည်း ကျွဲနွားပမာ ရိုက်နှက်ထုထောင်းခဲ့ကြလေသည်။ အင်္ဂလိပ်နယ်ချဲ့ အစိုးရ၏ ဤသို့သော အနိုင်ကျင့်မှု ရက်စက်မှုများသည် နောင်သောအခါ ၁၂၉၂ ခုနှစ် တောင်သူလယ်သမား လက်နက်ကိုင် အရေးတော်ပုံကြီးကို
ဖြစ်ပေါ်စေခြင်းပင် ဖြစ်ပေတော့သည်။

ကျွန်ုပ်တို့ အိမ်ထောင်စုများ အားလုံးတို့သည် ဗြိတိသျှ နယ်ချဲ့အစိုးရအား လူအိုခွန် ၅ ကျပ်၊ လူပျိုခွန် ၂ ကျပ် ၈ ပဲ ဟုဆိုသော လူခွန်တော်ကို မပေးလိုကြပေ။ ပေးရန် တရားသည်၊ တာဝန်ရှိသည်ဟုလည်း မယူဆကြပေ။ ထို့ကြောင့် မြန်မာနိုင်ငံ ဂျီစီဘီအေ ဝံသာနု အသင်းချုပ်ကြီး၏ ခေါင်းဆောင်မှုဖြင့် လူခွန်တော် မပေးရေး တိုက်ပွဲကြီးကို ရဲရဲတောက် ဆင်နွဲခဲ့ကြခြင်း ဖြစ်ပေသည်။

ကျေးဇူးရှင် အာဇာနည် ဝံသာနု ဆရာတော်ကြီး ဦးဝိစာရအား ပုဒ်မ ၁၂၄ (က) အရ အစိုးရအား အကြည်ညိုပျက်အောင် ဟောမှုဖြင့် ဖမ်းဆီးထောင်ချရာတွင် ဝံသာနု တရားပွဲကြီး ဆင်ခဲ့သော ရွာပင်ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ ဇာတိကျေးရွာနှင့် နှစ်ရွာသာခြားပါသည်။

၁၉၃၇ ခုနှစ် တို့ဗမာ အစည်းအရုံးကြီး ကွဲကြရသောအခါ ကျွန်တော်တို့က သခင်ကိုယ်တော်မှိုင်းနှင့် သခင်မြတို့ ဦးစီးသော သခင်ဂိုဏ်းသို့ ပါသွားခဲ့ပြီး သခင်တလုတ်ကြီးမှာ ”သခင်အစ ဗစိန်ကကွ” ဟု ယုံယုံကြည်ကြည်ကြီး ဟစ်ကြွေးကာ သခင်ဗစိန်၊ သခင်ထွန်းအုပ်တို့၏ ဂိုဏ်းတွင် ကျန်ရစ်ခဲ့လေသည်။
(ဝိဓူရ သခင်ချစ်မောင်၊ လွတ်လပ်ရေး ရပြီးနောက် မြန်မာပြည်။ စာ - ဌ ၊ ဍ ၊ ဏ)

၁၉၂၁ ခုနှစ်မှစ၍ ဆန်စပါးကို စုပေါင်းပြီး လက်ဝါးကြီးအုပ် လုပ်ကိုင်ရန် ဘူလင်ဂျာပူး ခေါ် အဖွဲ့က စပါးဈေးကို
နှိမ့်ချဝယ်ယူလာခဲ့သည်။ ၁၉၃ဝ ပြည့်နှစ် ကမ္ဘာ့စီးပွားပျက်ကပ်ကြုံသည်နှင့် တပြိုင်နက် စပါးဈေးကို အနိမ့်ဆုံးဈေးသို့
ရောက်အောင် နိမ့်ချဝယ်ယူခဲ့သည်။

၁၉၃၄ ခုနှစ်အထိ ဆန်စက်ပေါင်း ၆၃၇ နှင့် သစ်စက်ပေါင်း ၁၅၅ ခု ရရှိခဲ့သည်။ နိုင်ငံခြားသို့ ဆန်တင်ပို့သည့် လုပ်ငန်းထက်ဝက်ကို စတီးဘရားသား ကုမ္ပဏီက ချုပ်ကိုင်ထားသည်။ ကျန်ထက်ဝက်ကို အင်္ဂလိပ်၊ အိန္ဒိယ အရင်းရှင်ကြီးများပိုင်သော ကုမ္ပဏီများက ချုပ်ကိုင်ထားသည်။

၁၉၂၄ ခုနှစ် မေလ ၁၇ ရက်နေ့တွင် ရန်ကုန်ဆိပ်ကမ်း ကုန်တင်ကုန်ချ အလုပ်သမားပေါင်း ၂၅ဝဝ ကျော်က -

၁ - ကန်ထရိုက်စနစ် ပယ်ဖျက်၍ အလုပ်သမားများအား တိုက်ရိုက်ခန့်ထားရေး။
၂ - ကူလီခေါင်း (မယ်ဇလီ) များ၏ မတရား လာဘ်စားမှုနှင့် ခေါင်းပုံဖြတ်မှု ပပျောက်ရေး။
၃ - လုပ်ခများကို စတီဗီဒို ကုမ္ပဏီများက တိုက်ရိုက်ရှင်းလင်းပေးရေး။ - တို့အတွက် သပိတ်တိုက်ပွဲ ဆင်နွဲခဲ့ကြသည်။

၁၉၃၈ ခုနှစ် နိုဝင်ဘာလ ၂၆ ၊ ၂၇ နေ့များတွင် ချောက်မြို့၊ ရေနံချောင်းမြို့များတွင် ကျင်းပသည့် အလုပ်သမား အစည်းအဝေးပွဲ ဆုံးဖြတ်ချက်အတိုင်း နိုဝင်ဘာ ၃ဝ ရက် ဗုဒ္ဓဟူးနေ့တွင် ရေနံမြေ အလုပ်သမားတို့၏ ခရီးရှည် ချီတက်ပွဲကို စတင်ခဲ့သည်။ ရေနံတပ် အလုပ်သမားပေါင်း ၁၄ဝဝ ကျော် ပါဝင်ချီတက်ခဲ့ကြသည်။

ပဲခူး စီရင်စု ဝေါမြို့နယ်မှ လယ်သမား ၈ ဦး ကော်မတီက ရန်ကုန်မြို့သို့ ချီတက်ရန် ကြေညာချက် ထုတ်ပြန်ခဲ့သည်။ သထုံ၊ သိမ်ဆိပ်တို့မှ လယ်သမား ၄ဝဝ ကျော်တို့သည် ၁၉၃၈ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့ ညနေ ၅ နာရီတွင် ရွှေတိဂုံ ကုန်းတော်ပေါ်၌ စခန်းချခဲ့ကြသည်။ ၁၉၃၈ ခုနှစ် ရေနံမြေ အလုပ်သမား တိုက်ပွဲကြီးတွင်
ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ကျောင်းသားများ ပါဝင်ခဲ့ကြသည်။ လယ်သမားများ ပါဝင်ခဲ့ကြသည်။

နယ်ချဲ့လက်ပါးစေ ဂေါ်ရာပုလိပ်များ၏ ရိုက်နှက်မှုကြောင့် စုစုပေါင်း ၃ဝဝ ကျော် ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။ ဒီဇင်ဘာလ ၂၂ ရက်နေ့ နေ့လည် ဝ နာရီ ၂၅ မိနစ် အချိန်တွင် ကိုအောင်ကျော် (၂၂ နှစ်) မှာ အနိစ္စရောက်ရရှာသည်။

ကိုအောင်ကျော် ကျဆုံးရသည်ကို အကြောင်းပြု၍ မန္တလေးမြို့မှ သံဃာတော်များ၊ ကျောင်းသားများ၊ မြို့လူထု တရပ်လုံး အုံကြွကာ ဖေဖော်ဝါရီလ ၉ ရက်နေ့ နေ့လည် ၁၂ နာရီတွင် အိမ်တော်ရာ ဘုရားအတွင်း အစည်းအဝေးတရပ် ကျင်းပခဲ့ကြသည်။ ၁ဝ ရက်နေ့ နေ့လည် ၁ နာရီတွင် ဆန္ဒပြ ချီတက်ခဲ့ကြသည်။ ရိုး ကုမ္ပဏီ တိုက်အနီးတွင် သေနတ်ဖြင့် ပစ်ခတ်ပြီး ရဟန်း ၇ ပါးနှင့် လူ ၉ ဦးကို ဖမ်းဆီးသွားသည်။ ကျဆုံးသွားသော အာဇာနည် ၁၇ ဦး တွင် ရဟန်း ၇ ပါးနှင့် လူ ၁ဝ ဦး ကျဆုံးခဲ့သည်။ အာဇာနည် ၁၇ ဦး သတ်ဖြတ်ခံရသည့်အတွက် ရန်ကုန်လူထုကြီးက ဇန်နဝါရီလ ၁၂ ရက်နေ့တွင် ရှုတ်ချပွဲများ ပြုလုပ်ခဲ့ကြသည်။ ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် ဒေါက်တာ ဘမော် အစိုးရ ပြုတ်ကျသွားသည်။

၁၉၄၅ ခုနှစ် ဇူလိုင်လတွင် ရန်ကုန်မြို့၊ စမ်းချောင်း ဗားကရာလမ်း၊ ကွန်မြူနစ်ပါတီ ဌာနချုပ်တွင် ဗမာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂ All Burma Trade Union Congress ကို အောက်ပါ ဗဟိုစည်းရုံးရေး ကော်မတီများဖြင့် ဖွဲ့စည်းခဲ့သည်။

၁ - သခင်ဗဟိန်း ဥက္ကဋ္ဌ
၂ - ဦးအောင်သိန်း (မြဒေါင်းညို) ဒု-ဥက္ကဋ္ဌ
၃ - ဗိုလ်ဗတင် (သံတွဲ) အထွေထွေ အတွင်းရေးမှုး
၎ - ဦးကျော်ငြိမ်း (အာအီးတီ) အမှုဆောင်
၅ - မူကာဂျီ ။
၆- ဆရာ ရာဂျန် ။
၇- ကိုထွန်းစိန် (ရေနံမြေ) ။
၈ - ဗိုလ်သက်တင် (ရေနံမြေ) ။
၉ - ကိုအောင်ဝင်း စည်းရုံးရေးမှူး
၁ဝ - ကိုအောင်ကြီး ။
၁၁- ကို မြင့်ဆွေ ။ တို့ ပါဝင်ခဲ့ကြသည်။ ရည်ရွယ်ချက်နှင့် လုပ်ငန်းစဉ်များ ချမှတ်လုပ်ဆောင်ခဲ့သည်။

အလုပ်သမား လူတန်းစား ညီညွတ်ရေးအတွက် -

(က) အလုပ်သမား ညီညွတ်ရေး အရမနေ(မရမနေ) တည်ဆောက်ရေး၊
(ခ) ကမ္ဘာ့အလုပ်သမား သမဂ္ဂ အဖွဲ့ချုပ် (WFTU) ၏ လုပ်ငန်းများကို ထောက်ခံအားပေးရေး၊ အကောင်အထည် ဖော်ရေး။
(ဂ) အလုပ်သမားထု အသိဆန္ဒဖြင့် တခုတည်းသော အလုပ်သမား အဖွဲ့ချုပ် ဖော်ထုတ်ရေး။
(ဃ) အလုပ်သမားထု ညီညွတ်ရေးအတွက် အခြေခံကျစွာ ကျယ်ပြန့်ခိုင်မာစေရေးအတွက် အကျိုးတူ လုပ်ငန်းမှန်သမျှတွင် မည်သည့် အဖွဲ့ချုပ်နှင့်မဆို ပူးတွဲလုပ်ဆောင်ရန်၊
(င) အလုပ်သမား၊ လယ်သမား မဟာမိတ်ပြုမှုအပေါ် အခြေခံသော အမျိုးသား ညီညွတ်ရေးတပ်ဦး တည်ဆောက်ရေး။ တို့ ဖြစ်ကြသည်။

မြန်မာနိုင်ငံ စစ်ပြီးကာလ လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းစဉ်တွင် ၁၉၄၆ ခုနှစ်၊ မေလ ၁၈ ရက်နေ့၌
ဖြစ်ပွားခဲ့သော တောင်သူ လယ်သမားကြီးများ သွေးမြေကျခဲ့ရသည့် ထန်းတပင် တောင်သူ လယ်သမား တိုက်ပွဲကြီး သည် မြန်မာနိုင်ငံ စစ်ပြီးခေတ်တွင် လွတ်လပ်ရေး ကြိုးပမ်းမှု၏ ပွဲဦးထွက်တိုက်ပွဲအဖြစ် ဥဒါန်းတွင်ခဲ့ပေသည်။

(အပိုင်း - ၄) အား ဆက်လက်ထုတ်ပြန်ပါမည်။

No comments: