ဦးမျိုး (ဥပဒေ)
လေ့လာသုံးသပ်ချက် စာတမ်း
၃) လွတ်လပ်ရေးခေတ် တောင်သူလယ်သမားများ အခြေအနေ။
ဗမာပြည်တွင် ရှေးမြန်မာမင်းတို့ လက်ထက်က ရှိသော ပဒေသရာဇ် မြေရှင် (နယ်စား၊ ပယ်စား၊ မြေရှင်များ) တို့်ကိုလည်း ပုံပြောင်း စေသည်။ သို့ရာတွင် အဓိကမှာ ပိုက်ဆံနှင့် ဖလှယ်ခြင်းကို မဏ္ဍိုင်ပြုသော မြေယာစီးပွားရေးမှ လက်ရှိမြေရှင်စနစ်ကို ပေါက်ဖွားပေး သည်ဟု ယူဆပေသည်။
ရှမ်းပြည် စော်ဘွားစနစ်သည် ရှင်း၏။ ရှေးမြန်မာမင်း လက်ထက်၏ ကံကြွေးချ ပဒေသရာဇ် မြေရှင်စနစ်ကို
“ ပိုက်ဆံနှင့် ဖလှယ်မှု” အဆောင်အယောင် တပ်ဆင်၍ ပြောင်းလဲထားခြင်းသာ ဖြစ်သည်။
Feudal exploitation ခေါ် မြေရှင်ခေတ် သွေးစုပ်မှု ဖြစ်သည်။”သီးစားစနစ်” သည်မြေရှင်သွေးစုပ်မှု၏ အခြေခံ အနှစ်သာရ ဖြစ်သည်။ဤအနှစ်သာရကား မပြောင်း။ သို့ရာတွင် ပုံကား ပြောင်းလဲသည်။
လက်ရှိ အခြေအနေတွင် ပိုက်ဆံနှင့် ဖလှယ်ခြင်းကို မဏ္ဍိုင်ပြုသော စီးပွားရေးကြောင့် ပေါ်လာသည်။ မြေရှင်စနစ် Landlordism သည် အဓိက လွှမ်းမိုးနေသည်။
ပုသိမ်ခရိုင်၌ ၁၈၈၂-၈၃ ခုနှစ်တွင် ပုသိမ်၊ သာပေါင်း၊ ကျုံပျော်နှင့် ရေကြည်နယ်များတွင် မြေပိုင်သောသူများအားလုံး၏ ၆ဝ-ရာခိုင်နှုန်းသည် ကုန်သည်နှင့် ငွေချေးစားသူများ ဖြစ်ကြသည်။
ချစ်တီးများပိုင် မြေယာများသည် ငွေတိုးချေးခြင်းမှ ရလာခြင်းဖြစ်သည်။ ချစ်တီးတို့သည် အောက်ဗမာပြည်၌ ထွန်ယက်စိုက်ပျိုးသော မြေများ၏ ၅ ပုံ ၁ ပုံ (သို့မဟုတ်) မြေရှင်အားလုံးပိုင် မြေများ၏ တဝက်နီးပါးကို ပိုင်ဆိုင်ကြသည်။
၁၉၃၈ ခုနှစ်က ဦးပု၊ ဆာထွန်းအောင်ကျော်၊ ဦးတင်ထွဋ်၊ မစ္စတာ ဘဲလ်(စ်)တာ၊ မစ္စတာ ဆွီသင်ဘင့်(တ်) စသည်တို့ ပါ၍ ဖွဲ့စည်းသော မြေယာကော်မတီသည် မြေယာပြဿနာများကို စုံစမ်းကာ ကြွေးမြီပြဿနာနှင့် ပတ်သက်၍အောက်ပါအတိုင်း အစီရင်ခံလေသည်။
”မည်သို့သော ငွေတိုးချေးစားသူပင် ဖြစ်စေကာမူ၊ သူ၏ လုပ်ငန်းကို လူမှုဆန့်ကျင်ရေးလမ်းဖြင့် ဆောင်ရွက်သည်သာ
ဖြစ်ကြ၏။ သူသည် တောင်သူလယ်သမား အများအပြားကို စီးပွားရေးအရ ကျွန်သဘောက်ဖြစ်သည်အထိ ယုတ်ညံ့စေလေသည်။”
အတိုးကို ၃ မျိုး ခွဲသည်။ ပထမမှာ ဘဏ်တိုး သဘောမျိုးဖြစ်၍ ငွေသက်သက် ချေးခြင်း၏ အတိုးဖြစ်သည်။ အတိုးမှာ တနှစ်လျှင် ၄၅ ရာခိုင်နှုန်းမှ ၆ဝ ရာခိုင်နှုန်းအထိ ဖြစ်သည်။ ဒုတိယအမျိုးမှာ ”စပါးပေး” ဖြစ်သည်။ ငွေချေးပြီး စပါးပြန်ဆပ်ရသည့် နည်းဖြစ်သည်။ ဤနည်းအရ အတိုးသည် တနှစ်လျှင် ၃ဝဝ ရာခိုင်နှုန်းမက ဖြစ်လေသည်။ တတိယအမျိုးမှာ ဈေးကြွေးဖြစ်သည်။ ကုန်သည်နှင့် ရွာရှိ ဈေးသည်များထံမှ ကုန်ပစ္စည်း အကြွေးဝယ်ခြင်း ဖြစ်သည်။ ”စပါးပေး” ကဲ့သို့ပင် အတိုးကြီးသည်။
သို့ဖြစ်ရာ မြေရှင်များလက်ထဲ မြေများ စုပြုံရောက်မှု အတိုင်းအတာကို ကြည့်၍၎င်း၊ ကြွေးမြီထူထပ်ခြင်းတို့ကို ကြည့်၍၎င်း၊ ကျေးလက်စီးပွားရေးတွင် မြေရှင်ငွေတိုးချေးစားသူနှင့် ကုန်သည်တို့သည် တကယ့် အရှင်သခင်များ ဖြစ်နေသည်ကို ကောင်းကောင်း ခန့်မှန်းနိုင်လေသည်။
ယင်းအချက်မှ အခြေပြု၍ ငွေနှင့်ဖလှယ်ခြင်းကို အခြေခံသော မြေယာစီးပွားရေးကြောင့် ပေါ်ပေါက်လာသောမြေရှင်စနစ် Land lordism သည် အဓိက လွမ်းမိုးနေကြောင်း တွေ့ရသည်။
ထို့ကြောင့် ကောက်ချက်သည် ယင်း ၃ ပွင့်ဆိုင် ကျေးလက် အရှင်သခင်များကို အရှင်သခင်များ အဖြစ်မှ ရပ်စဲသွားအောင် မလုပ်နိုင်လျှင်၊ မတတ်နိုင်လျှင် ဤမည်သော ”မြေရှင်စနစ်” ဖျက်သိမ်းရေးသည် လယ်သမားတို့၏နေထိုင်မှုအခြေကို မြှင့်တင်မည်မဟုတ်၊ အကျိုးဖြစ်ထွန်းမည် မဟုတ်။
”စစ်မဖြစ်မီက နှစ်စဉ် နိုင်ငံခြားသို့ ဆန်တင်ပို့တဲ့ တန်ဘိုးဟာ ကုဋေ ၂ဝ မျှရှိတယ်လို့ တွက် ချက်ထားတယ်။ ဒီလိုတင်ပို့သည့် ဆန်များကို တောင်သူလယ်သမားတွေဆီက ဝယ်ယူတာမဟုတ်၊ အတိုးနှင့် သီးစားအဖြစ် ရကြတဲ့ မြေရှင်များနဲ့ ငွေတိုးချေးစား သမားထံတို့ဆီက ဝယ်ယူတာ ဖြစ်ပါတယ်။ တောင်သူလယ်သမားတို့လက်ထဲ ကျန်တဲ့စပါးဟာ သူတို့အတွက် ဝမ်းစာမလောက် မငှပါဘဲ။ နိုင်ငံခြား တင်ပို့သူတွေ ကြားပွဲစားတွေနဲ့ သယ်ယူပို့ဆောင်ရေး စရိတ်တို့အတွက် ၅ဝ ရာခိုင်နှုန်းတို့ သပ်သပ်ဖယ်ထားရင်ပဲ မြေရှင်လူတန်းစားဟာ ဆန်စပါး အရောင်းအဝယ်တခုတည်းကပဲ နှစ်စဉ် ၁ဝ ကုဋေ မြတ်စွန်းသင့်ပါတယ်။ (၁၉၄၈ ခုနှစ် ပါလီမန်မှ အတည်ပြုသော လယ်ယာမြေ နိုင်ငံပိုင် ပြုလုပ်ရေး ဥပဒေ တင်သွင်းစဉ်က ဝန်ကြီးချုပ်ဦးနုက ထောက်ခံပြောကြားသည့် မိန်းခွန်းမှ)
(၁၉၃၉) ဇယား ၁၄ လူတန်းစား လိုက်ပိုင် စပါး ပြဇယား
စဉ် စပါးထွက် ၇ ၅ဝဝ ဝဝဝ တန်
၁ သီးစားခ ၁ ၁ဝဝ ဝဝဝ တန်
၂ ငွေရင်း ငွေတိုး ၄ ၁၁၂ ၅ဝဝ တန်
၃ ချမ်းသာသော လယ်သမား ၆၅ဝ ဝဝဝ တန်
၎ မြေခွန် ၇၅ဝ ဝဝဝ တန်
၅ လယ်သမား လက်ကျန် ၈၈၇ ဝဝဝ တန်
ဇယား ၁၄ ကို ကြည့်လျှင် ”ဈေးသို့ စပါးပို့ ရောင်းချနိုင်သော သူများမှ ၁၊ ၂၊ ၃၊ နှင့် ၅ မှ အနည်းငယ် ဖြစ်လေသည်။ စုစုပေါင်း စပါးထွက်၏ တဝက်နီးပါးကို နိုင်ငံခြားသို့ တင်ပို့နေကျဖြစ်သည်။
ပထမ အချက်မှာ မြေယာ ကုန်ထုတ်လုပ်ငန်းသည် “ဈေး” နှင့် “ငွေ” ကို မဏ္ဍိုင်ပြုလာရခြင်း ဖြစ်၏။ ဈေးနှင့် နီးကပ်စွာ ဆက်သွယ်လာရခြင်း ဖြစ်၏။ ပြည်တွင်းဈေးရော နိုင်ငံခြားအတွက်ပါ စုစုပေါင်း စပါးထွက်ထဲမှ ၇၂ ရာခိုင်နှုန်း နီးပါးကို ထောက်ပံ့နေရခြင်းပင် ဖြစ်၏။ ဒုတိယအချက်မှာ ဈေး ၂ ခုစလုံးကို အဓိက ထောက်ပံ့သူသည်မြေရှင်နှင့် ငွေတိုးကြီး ချေးစားသူများ (၎င်းတို့လည်း မြေရှင်များပင် ဖြစ်သည်။)ပင် ဖြစ်၏။ ဈေးနှစ်ခုစလုံးကို အဓိက လွှမ်းမိုးသူသည် မြေရှင်များ၊ အထူးသဖြင့် ချစ်တီးများ ဖြစ်သည့်အတိုင်း “စပါးဈေး” သည်သူတို့ လက်ထဲတွင် ရှိသည်။ စပါးဈေးကို မဂိုလမ်းက ကန့်သတ်နိုင်ကြောင်းက ထင်ရှားသည်။ စပါးဈေးနှုန်း၌ပင် “ချစ်တီး ဈေးနှုန်း” ဟူ၍ သပ်သပ်ရှိသည်။
ဗမာ့မြေယာစီးပွားရေးသည် မြေရှင်ကုန်လုပ်ဆက်ဆံရေးရော အရင်းရှင် ကုန်လုပ်ဆက်ဆံရေးပါ ရောထွေးနေသော ကပြားစနစ် ဖြစ်သည်။ ၎င်းကုန်ုလုပ်ဆက်ဆံရေး ၂ ခု၌ ပဋိပက္ခလည်း ရှိသည်။ ဤပဋိပက္ခသည် မြေယာဥပဒေများပြဋ္ဌာန်းရာ၌ အထူးပေါ်လွင်လှသည်။ ဗြိတိသျှခေတ်က အင်္ဂလိပ်အရာရှိ အချို့သည် မြေယာတွေ အများအပြား မြေရှင် လူနည်းစုလက်ထဲ စုပြုံနေခြင်းကို မကြိုက်ကြ။ သူတို့က မြေရှင်များလက်ထဲ အများအစား ပိုင်ဆိုင်ခြင်းအစား Large-holding “ချမ်းသာသော လယ်သမား” များလက်ထဲ ဤမြေများ ဖြန့်၍ ပိုင်ဆိုင်ခြင်းကို သဘောကျကြသည်။ ထို့ကြောင့် မြေယာပိုင်ဆိုင်မှုကို မြေရှင်များ လက်ထဲမှ “ချမ်းသာသော လယ်သမား”များ လက်ထဲ ဖြန့်ထုတ်ရေးကို ရည်ရွယ်သော ဥပဒေကြမ်းများ ရေးဆွဲအကြံပေးလာကြသည်။
ဤသို့ အကြံပေးခြင်းသည် အရင်းရှင် ကုန်လုပ်ဆက်ဆံရေးကို ကြီးထွားစေလိုသော သူများဘက်မှ ဖြစ်သည်။ ဤသို့ အကြံပေးခြင်းသည် ”ဥရောပ ကုန်သည်ကြီး”များ အကျိုးအတွက် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် မြေယာများကို ခပ်ပြန့်ပြန့်ပိုင်ဆိုင်ကြလျှင် ”ဈေး”၌ စပါးလာရောက် ရောင်းချသူဦးရေသည် များလာလိမ့်မည်။ တဖက်ဝင်ရိုး၌ရောင်းသူအများအပြားရှိပြီး၊ တဖက်ဝင်ရိုး၌ ဝယ်သူတဦးတည်း ရှိလျှင် ဈေးသည် ဝယ်သူ၏ စိတ်ကြိုက်ဖြင့် ကိုင်လှုပ်ကစားနိုင်သော ဈေး Buyer’s Market ဖြစ်လာလိမ့်မည်။ ဤအကျိုးကို မြင်၍ ဆန်စပါး အရောင်းအဝယ်ကို လက်ဝါးကြီး အုပ်ထားသော စတီးဘရားသား၊ ဘုံဘေဘားမား စသော ဥရောပကုန်သည်တို့က မြေပိုင်ဆိုင်မှုကိုမြေရှင် လူနည်းစုလက်တွင် စုမထားလိုဘဲ၊ ချမ်းသာသော လယ်သမားများလက်ထဲသို့ ဖြန့်ထုတ်ထားလိုခြင်း ဖြစ်သည်။
ချမ်းသာသော လယ်သမားလက်ထဲသာ ထည့်လိုသည်။ ကျန်လယ်သမားများ လက်ထဲ မထည့်လို၊ အဘယ်ကြောင့်ဆိုသော် ချမ်းသာ သော လယ်သမားတို့၌သာ လယ်လုပ်ကိရိယာ အစုံအလင် ရှိသည့်အပြင် လယ်ယာ အလုပ်သမားများကို ငှားရမ်း လုပ်ကိုင်ခြင်း ကြောင့် သူတို့မြေများသည် “ကုန်ထုတ် သတ္တိ” အမြင့်ဆုံး ဖြစ်လေသည်။
မြေရှင်တို့လက်ထဲ လယ်ယာတွေ စုနေခြင်းသည် ဥရောပ ကုန်သည်များအတွက် အကျိုးဖြစ်ထွန်းသင့်သလောက် မဖြစ်ထွန်း၊ အဘယ်ကြောင့်ဆိုသော် လူနည်းစု မြေရှင်များလက်ထဲ လယ်ယာတွေ စုပြုံခြင်းကြောင့် စပါးတွေ သူတို့လက်ထဲသာ ရောက်နေကြသည်။ ထို့ကြောင့် ဥရောပ ကုန်သည်များအဖို့ ရောင်းသူ ဦးရေ အနည်းလေးနှင့်တွေ့ရသည်။ ဈေး၏ သဘောသည် “ ရောင်းသူတယောက် - ဝယ်သူတယောက်” ဈေးဖြစ်လာရာ၊ရောင်းသူများသလောက် ဝယ်သူအဖို့ အကျိုးမဖြစ်ပေ။ မြေရှင်တွေလက်ထဲ မြေတွေ စုလာလေ ရောင်းသူဦးရေ နည်းလာလေ ဖြစ်ပြီး၊ စပါးဈေးကို နှိမ်ဖို့ ခက်ခဲလှသည်။
ပိုင်ဆိုင်မှုကို ဖြန့်ထုတ်ပစ်ရမည်ဆိုလျှင် မြေပိုင်တွေ အများအပြား ဖြစ်လာသည်။ သီးစားခ မြှင့်တင်ဖို့ အခက်အခဲ ရှိလာသည်။ ထို့ကြောင့် မြေရှင်တို့ကလည်း သီးစားခ အများဆုံး ရရေးအတွက် မြေပိုင်ဆိုင်မှု ဖြန့်ထုတ်ရေးကို ကန့်ကွက်၏။ မြေရှင်တို့အဖို့ ကန့်ကွက်စရာ အခြားတချက်မှာ သူတို့လက်ထဲ ရောက်နေသော စပါးများကို ဈေးနှုန်း အနှိမ်မခံချင်၊ သူတို့အဖို့ တဖက်က သီးစားခနှင့် အတိုးကို အများဆုံး ရယူလိုကြသလို၊ တဖက်၌လည်း သူတို့ပိုင် စပါးများအတွက် ဈေးနှုန်းကို အကောင်းဆုံး ရယူလိုကြသည်။ ဤပဋိပက္ခကြောင့်ပင် ဆန်စပါး အရောင်းအဝယ်တွင် အုပ်စု ၂ စု ကွဲလာရသည်။ ဥရောပ ကုန်သည်တို့က ဦးစီး၍ “စက်ကြီး အုပ်စု” ဟူ၍ ဖွဲ့၏။ မြေရှင်များကလည်း ဆန်စက်ကလေးများနှင့် ပေါင်းကာ မဂိုလမ်းမှနေ၍ “စက်ကလေး အုပ်စု” ဟူ၍ တစင်ထောင်သည်။
၁၈၉၂ ခုနှစ် အတွင်းက ကော်မရှင်နာ မင်းကြီးချုပ်ဖြစ်သူ မစ္စတာ ဖရက် ဒရစ် ဖရိုင်ယာသည် ဥပဒေကြမ်းတခုကို
ရေးဆွဲခဲ့သည်။ မြေရှင်များလက်ထဲမှ မြေကို လယ်သမားများက မြေခွန်တော်၏ ၃ ဆညီသော တန်ဖိုးပေး၍
ပြန်ဝယ်ယူနိုင်ရန် ဖြစ်၏။ ပြင်းထန်လွန်းသည်ဆိုကာ ပယ်ချခံရသည်။ (ယခု ဖဆပလ အစိုးရက မြေရှင်များအား
ပေးမည့် လျော်ကြေးသည် မြေခွန်တော်၏ ၁ဝ ဆဖြစ်ရာ မစ္စတာ ဖရိုင်ယာလောက်ပင် သတ္တိမကောင်းဟု ဆိုရမည်။)
မစ္စတာ ဖရိုင်ယာသည်ပင် ၁၉ဝ၂ ခုနှစ်၌ ဥပဒေကြမ်းတခု တင်ပြပြန်သည်။ ဤဥပဒေကြမ်းမှာ သီးစားခလျှော့ပေါ့ရေး ဖြစ်သည်။ မစ္စတာ ဖရိုင်ယာ ရေးဆွဲလို့လားတော့ မပြောတတ်၊ ချစ်တီးနှင့် ဗမာမြေရှင်များက အပြင်းအထန် ကန့်ကွက်၍ ပျက်သွားခဲ့ရသည်။ ၁၉ဝ၆ ခုနှစ်တွင် တဖန် လယ်ယာပိုင်ဆိုင်မှုကို ကန့်သတ်သော ဥပဒေကြမ်းကို တင်သွင်းပြန်ရာ သည်တခါ၌ ချစ်တီးမြေရှင်၊ ဗမာမြေရှင်တို့သာမက ဥရောပကုန်သည်တို့ကပါ အပြင်းအထန် ကန့်ကွက်၍ ပျက်သွားပြန်သည်။ မစ္စတာကူးပါး ဆိုသူက ၁၉၂၇ ခုနှစ်တွင် ဥပဒေကြမ်းတခုကိုရေးဆွဲတင်ပြပြန်သည်။ သီးစားငှားလုပ်လျှင် ၇ နှစ် ဆက်၍ သီးစား ဆက်လုပ်ခွင့်ပြုမည့် ဥပဒေကြမ်း
ဖြစ်သည်။ မြေရှင်အားလုံးက ကန့်ကွက်လိုက်ရာ ပျက်သွားပြန်သည်။ ၁၉၃၈ ခုနှစ်က သီးစား ဥပဒေတရပ်ကိုဒေါက်တာဘမော် အစိုးရသည် အကြံပေး အရာရှိများ၏ သတိပေးချက်ကို ပယ်ရှား၍ အတင်းပြဋ္ဌာန်းခဲ့သည်။ သို့သော် ဟိုက်ကုတ်ရုံးမှ ကြားဝင်စွက်၍ ဖျက်လိုက်သဖြင့် ဤဥပဒေကြမ်းလည်း ပျက်ကွက်ရသည်။ သည့်နောက်တွင် “လယ်ယာဝယ်ခြမ်းရေး” ဥပဒေကြမ်းတခုကို ရေးဆွဲပြန်သည်။သို့သော် စာအုပ်ထဲမှ လက်တွေ့လောကသို့ ခုန်ထွက်မလာ။
သို့ဖြင့် အရင်းရှင် ကုန်လုပ်ဆက်ဆံရေးကို မြေယာစီးပွားရေးတွင် ကြီးထွားလိုသူများနှင့် မြေရှင် ကုန်လုပ်ဆက်ဆံရေးကို ခိုင်မြဲကြီးထွားလိုသူတို့ “ဥပဒေကြမ်း တိုက်ပွဲ” များအတွင်း၌ ပဋိပက္ခ ဖြစ်ကြသည်ကို တွေ့ရပေမည်။
တရားရုံး Court သည် မြေရှင်တို့်အတွက် အဓိက လက်နက် ဖြစ်တော့၏။ မြေများကို လယ်သမားများထံမှ သိမ်းယူစဉ်ကလည်း တရားရုံးတို့တွင် တရားစွဲ၍ သိမ်းယူကြ၏။ လွှတ်တော်က ၎င်းတို့နှင့် ဆန့်ကျင်သော ဥပဒေများ ပြဋ္ဌာန်းလာလျှင်လည်း ဟိုက်ကုတ်ကို ကြားဝင်စွက်ဖက်စေ၍ ဖျက်သိမ်းပစ်၏။ ထို့ကြောင့် တရားရုံးတို့သည် မြေရှင်စနစ်၏ အဓိက လက်နက်ကြီး ဖြစ်ခဲ့ရလေသည်။
ဆရာစံ သူပုန်ထပြီးနောက် မြေယာပြဿနာ၏ အရေးကြီးပုံကို စိုးရိမ်တကြီး မြင်လာခဲ့ကြ၏။ ထို့ကြောင့် ၁၉၃၈ ခုနှစ်တွင် “ မြေယာ ဝယ်ခြမ်းရေး” ဥပဒေကြမ်း တခုကို အိုင်စီအက်စ်များ လက်ထဲမှမြေများကို ဝယ်ယူကာ (စင်စစ် လျော်ကြေးပေးပြီး သိမ်းသော သဘော ဖြစ်သည်။) လယ်ယာမြေ အများအပြားကို စုစည်း၍ လုပ်သော ချမ်းသာသော လယ်သမားများ ပေါ်လာ၏။ ထို့အပြင် ဂရံမြေများ (ကျောက်တံခါး ဂရံ ဧက ၃ သောင်းကျော် ရှိသော ဂရံဖြစ်သည်။ ၎င်းကို ဥရောပ ကုမ္ပဏီတခုအား ချထားခဲ့သည်။) နှင့် ကဝမြို့နယ်ဘက်၌ စတိတ် ကိုလိုနီလိုမြေများ ပေါ်လာခဲ့သည်။
မြေရှင် ကုန်လုပ်ဆက်ဆံရေးနှင့် အရင်းရှင် ကုန်လုပ်ဆက်ဆံရေးတို့သည် ”ကပြား” အဖြစ် ရောထွေးကာ ဗမာ့မြေယာ စီးပွားရေးတွင် တည်ရှိနေရသည်။ ထို့ကြောင့် ယနေ့ မြေယာပြဿနာသည် လမ်းခွသို့ ရောက်လာသည်။
“ မြေရှင် ကုန်လုပ်ဆက်ဆံရေးကို အပြီးပိုင် ဖျက်သိမ်း၍ အရင်းရှင် ကုန်လုပ်ဆက်ဆံရေးကို ကြီးထွား အားကြီး
စေမည်လော။”
“သို့တည်းမဟုတ် မြေရှင် ကုန်လုပ်ဆက်ဆံရေးကို မဖျက်သိမ်းဘဲ၊ အရင်းရှင် ကုန်လုပ်ဆက်ဆံရေး အသွင်သို့
ပြောင်းလဲကာ မူလက ”ကပြား” သဘောလိုပင် ပုံပြောင်း ထိန်းသိမ်းမည်လော။”
ဤအမြင်ဖြင့် ဖဆပလ အစိုးရ၏ လယ်ယာမြေ နိုင်ငံပိုင် ပြုလုပ်ရေး ဥပဒေကို စစ်ဆေးကြည့်ကြပါစို့။
(အပိုင်း - ၆) အား ဆက်လက်ထုတ်ပြန်ပါမည်။
No comments:
Post a Comment