နှင်းပန်းအိမ်
“ ဒုက္ခသည်ဆိုတာ ဒုက္ခတွေကို သယ်ပိုး ပြေးရတဲ့ အတွက် ဘယ့်လောက် ဆင်းရဲပင်ပန်းမလဲဆိုတာ ကျမတို့ ကိုယ်ချင်းစာ နားလည်ပါတယ်”
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လိုင်ဇာ စစ်ပြေးဒုက္ခသည်တွေ အကြောင်း သတင်းဌာနကနေမေးခဲ့ရာမှာ အခုလို ဖြေကြားခဲ့တာပါ။
ဒီစကားက လက်ရှိ ဒုက္ခသည် ကျမအတွက် ရင်ထဲစွဲထင်ခဲ့ရတဲ့ စကားပါ။ ဒီသတင်းကို ကျမ နားထောင်နေချိန်မှာ ရိက္ခာမီးသွေး မလုံ လောက်လို့ ဝါးစတွေထည့် ထမင်းချက်နေချိန်ပါ။ ကမ္ဘာ့သတင်း၊ မြန်မာ့သတင်းတွေက ထင်းမီးခိုးငွေ့တွေကြား လူးလွန့်နေလို့ပေါ့။
ကျမတို့ ဒုက္ခသည်စခန်းထဲမှာ သတင်းတွေကိုအားပြုနေရတာပါ။ သတင်းတွေက ကျမတို့ဘဝအတွက် အလင်းနဲ့ အမှောင် ဖြစ်ပါတယ်။ စခန်းထဲက သတင်း ထုတ်ပြန်ချက်ကိုလည်း အာရုံစိုက် နားထောင်ရပါတယ်။ ဥပမာ - အမှိုက်ကို ပလပ်စတစ် နဲ့ မီးဖိုချောင်သုံး စွန့်ပစ်ပစ္စည်း ခွဲထားရမယ် ဆိုတဲ့ ကြေညာချက်ကိုလည်း နားထောင်ပြီး အတိအကျ လိုက်နာရပါတယ်။
အခုလည်း မိုးလေတွေကြား ကျမတို့ ဒုက္ခသည် စခန်းထဲကို ဧည့်သည်တွေ လာမယ်လို့ စခန်းတာဝန်ရှိသူတွေက သတင်း ထုတ်ပြန် ပါတယ်။ ဘယ်ဧည့်သည်တွေများ လာမလဲ၊ ဘာအတွက်လဲ၊ ဘယ်နေရာတွေကို လာကြည့်မလဲ၊ ဘာတွေ ပြောမလဲ၊ ဘာတွေ လုပ်ပေးမလဲ၊ ဘယ်လို အကျိုးကျေးဇူးတွေ ရှိမလဲဆိုတဲ့ စိတ်နဲ့ ကျမတို့တွေ မျှော်လင့် နားစွင့်ကြပါတော့တယ်။
ဇူလိုင် ၆ ရက်နေ့မှာ ဥရောပသမဂ္ဂ EU အဖွဲ့ဝင်ဖြစ်တဲ့ နယ်သာလန် သံအမတ်၊ နယူးဇီလန် သံအမတ်နဲ့ အဖွဲ့ဝင်တွေ နိုဖိုးဒုက္ခ သည်စခန်း ထဲ ရောက်လာကြပါတယ်။ ဒုက္ခသည်စခန်းထဲက စာသင်ကျောင်းတွေကို အဓိကထားပြီး လေ့လာခဲ့တဲ့အကြောင်း စခန်းရဲ့ ပညာရေး တာဝန်ရှိသူ ကရင့်လူမျိုး ကျောင်းဆရာက ကျမကို ပြောပြပါတယ်။
“သူတို့က EU အဖွဲ့ဝင်တွေပါ။ နယူးဇီလန် သံအမတ်ကြီးက ၄ နိုင်ငံ တာဝန်ရှိသူပါ။ သူတို့က ထိုင်း-မြန်မာ နယ်စပ်တလျှောက် ဒုက္ခသည်တွေအတွက် ပညာရေး၊ ကျန်းမာရေး၊ စားနပ်ရိက္ခာ ၃ မျိုးစလုံး လျှော့ချခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ တခြားနိုင်ငံက ဒုက္ခသည်တွေက ပိုဆိုးတယ် ဆိုတာကြောင့်ပါ။ ဒါပေမဲ့ သတင်းမီဒီယာတွေက တဆင့် ထိုင်း-မြန်မာ နယ်စပ်မှာရှိတဲ့ ဒုက္ခသည် စခန်းတွေမှာလည်း ပညာရေး၊ ကျန်းမာရေး၊ စားနပ်ရိက္ခာတွေ လိုအပ်နေတယ် ဆိုတာ ကြားသိခဲ့ရတယ်။ ဒါကြောင့် ဒီစခန်းတွေအထိ အရောက်လာကြည့်တာပါ။ တကယ်လည်း မီဒီယာတွေဆီက ကြားသိရသလို၊ အမှန်တကယ် လိုအပ်နေတယ် ဆိုတာကို သူတို့ သိရပါပြီ’’
‘‘ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်တွေရဲ့ ပြသာနာကို ဖြေရှင်းနိုင်ဖို့ သူတို့ ၃ မျိုး စဉ်းစားတယ်။ ပထမတနည်းက တတိယနိုင်ငံ အခြေချ ပြောင်းရွှေ့ပေးရေး၊ ဒုတိယနည်းက ထိုင်းနိုင်ငံမှာ အခြေချဖို့၊ တတိယနည်းက မြန်မာပြည်ပြန်ပို့ရေးပါ။ မြန်မာပြည်ပြန်ဖို့ မဖြစ်နိုင်ဘူးဆိုတာ သူတို့ သိတယ်။ မြန်မာပြည်မှာ စစ်မက် ဖြစ်ပွားနေတုန်းပါ’’
‘‘ဒါကြောင့် ဒုက္ခသည်တွေရဲ့ ကျန်းမာရေး၊ ပညာရေး၊ စားနပ်ရိက္ခာ အတွက် ထပ်မံ ဖြည့်ဆည်းပေးနိုင်ဖို့ ကြိုးစားသွားမယ်လို့ သူတို့ ပြောခဲ့တယ်။ ဒါက ကျနော်တို့ ဒုက္ခသည်တွေအတွက် သတင်းကောင်းပါ။နောက်တခုက ဒုက္ခသည်တွေက ဒုက္ခတွေကြားကနေ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်ဖို့ ကြိုးစားပြီး စာကြည့်တိုက်၊ ပန်းချီပြခန်း ဖွင့်နိုင်တဲ့အတွက် သူတို့ ဝမ်းသာတယ်တဲ့။ ဒုက္ခကို လည်စင်း မခံဘူးတဲ့။ ဒုက္ခသည်ကလေး ဆွဲထားတဲ့ ပန်းချီကားတချပ်ကိုလည်း နယူးဇီလန် သံအမတ်ကြီးက ဝယ်သွားပါတယ်။
မြစ်ကြီးလေးစင်း စာကြည့်တိုက်ကပါ”…………။
ကရင့်လူမျိုး ပညာရေးတာဝန်ခံ ပြောသွားတဲ့ စကားကို နားထောင်ပြီး ကျမတို့ ဝမ်းသာကြည်နူးရပါတယ်။မြစ်ကြီးလေးစင်း စာကြည့်တိုက် ဖြစ်ဖို့အတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု အဖွဲ့ကြီးက ဆရာတော်ဦးဇနက ငွေထုတ်ပေးပါတယ်။ နိုင်ငံရေး အကျဉ်းသားဟောင်းတွေ၊ မြန်မာပြည်တွင်း နိုင်ငံရေးလှုပ်ရှား တက်ကြွဆောင်ရွက်သူများ စုပေါင်းစုဝေးပြီး လုပ်ကိုင်ခဲ့ကြတဲ့ စာကြည့်တိုက်ပါ။
နိုင်ငံရေး အကျဉ်းသားဟောင်းတွေ၊ နိုင်ငံရေး လှုပ်ရှားတက်ကြွသူ ဒုက္ခသည်တွေ အစုအဖွဲ့လေး လုပ်ထားပါတယ်။ ဒုက္ခသည်ဘဝမှာ ကျန်းမာရေးကြောင့် ဆေးဝါးကုသခံယူဖို့ လိုအပ်လာရင် ခရီးစရိတ်၊ ဓာတ်စာလေး ထောက်ပံ့နိုင်ဖို့ တယောက်ကို တလ ဘတ် ၂ဝ နှုန်း စုထားကြပါတယ်။ ရထားတဲ့ ငွေလေးကို ဦးဇင်းဝင်းနိုင်ဆီမှာ အပ်နှံထားပါတယ်။ ကျန်းမာရေးအတွက် လိုအပ်လာရင် ဘတ် ၅ဝဝ ထုတ်ပေးတာပါ။ ဒီ့အတွက် နာမကျန်းဖြစ်ရတဲ့ ဒုက္ခသည်က စိတ်ခွန်အား ဖြစ်ရပါတယ်။
ဒီလိုအစုအဖွဲ့လေး ဖြစ်လာတော့ စုရပ်အဖြစ် လူအများစုဝေးနိုင်မယ့် နေရာ၊ လူအများ အကျိုးဖြစ်စေမယ့် စိတ်စေတနာနဲ့ စာကြည့်တိုက်လေး လုပ်မယ်လို့ ဆရာတော်ဦးဇနကကို လျှောက်တင်ကြပါတယ်။ ဆရာတော်ကလည်း ဝမ်းမြောက်စွာပဲ စာကြည့်တိုက်ဆောက်ဖို့ ပေးခဲ့ပါတယ်။ စာကြည့်တိုက် ဖြစ်မြောက်အောင် လှုပ်ရှားသွားခဲ့သူတွေက ကိုမိုးကျော်၊ ကိုရဲအောင်၊ ကိုဇေလတ်၊ ကိုကျော်တင်ဦး၊ ကိုဝင်းနိုင်၊ ကိုကြည်တိုး၊ ကိုစိုးမြင့်အောင်၊ ဦးဖုန်းအောင်တို့ပါပဲ။ အဆောက်အအုံတခု ဖြစ်ဖို့ဆိုတာ အင်မတန်မှ စိတ်ရှည်ကြိုးစားရပါတယ်။
စာကြည့်တိုက်လေး အကောင်အထည် ဖော်လာတော့ ဖတ်စရာ စာအုပ်လေးတွေ စုဆောင်းရပြန်ပါတယ်။ တကယ့် စိတ်ရင်းအမှန်နဲ့ ကိုယ့်မှာရှိတဲ့ စာအုပ်လေးတွေကို လူအများ ဖတ်နိုင်ဖို့ လှူဒါန်းကြတဲ့ စာပေ ဝါသနာရှင်တွေလည်း အများအပြား ပေါ်ထွက်လာခဲ့ပါတယ်။ စာကြည့်တိုက်လေးထဲကနေ နိုင်ငံရေး၊ လူမှုရေး၊ ပညာရေးအပြင် သမိုင်းပုံရိပ်တွေလည်း ခုန်ထွက်ခဲ့ပါတယ်။
စာကြည့်တိုက် နာမည်ကို မြန်မာပြည်ရဲ့ အသက်သွေးကြောဖြစ်တဲ့ ဧရာဝတီ၊ ချင်းတွင်း၊ သံလွင်၊ စစ်တောင်းမြစ်ကြီးလေးခုကို ဂုဏ်ပြုကာ၊ မြစ်လေးစင်းဆိုပြီး နိုင်ငံရေး အကျဉ်းသားဟောင်း ကိုကျောင်တင်ဦးက ရွေးချယ်ခဲ့ပါတယ်။ သူက စာပေကို မြတ်နိုးသူတယောက်ပါ။ စာကြည့်တိုက်ရဲ့ ဖွဲ့စည်းပုံ၊ စာရင်းဇယားကို ကျွမ်းကျင်သူ တဦးလည်းဖြစ်ပါတယ်။
ဒီလိုနဲ့ စာကြည့်တိုက်ကို ဘယ်နေ့ဖွင့်မလဲ ရွေးချယ်ကြတော့ ရှစ်လေးလုံး အရေးတော်ပုံရဲ့ အသီးအပွင့်ဖြစ်တဲ့ ၁၉၉ဝ ပြည့် ရွေးကောက်ပွဲ မေ ၂၇ ရက်ကို ရွေးချယ်ခဲ့ကြပါတယ်။ ပန်းချီပြခန်းပါ ဖွင့်မှာမို့ ပန်းချီကားတွေအတွက် ပန်းချီဆရာတွေဖြစ်တဲ့ နိုင်ငံရေး အကျဉ်းသာ ဟောင်း ကိုဇေလတ်၊ ကိုနေဦးတို့က သူတို့ ဒုက္ခသည် ဘဝမှာရှိတဲ့ ပန်းချီပစ္စည်းလေးနဲ့ ဆွဲထားတဲ့ ပန်းချီကားတွေကို စာကြည့်တိုက်အတွက် ပေးလှူကြတယ်။
ပန်းချီဆရာမ ချောအိသိမ်းကို ချင်းမိုင် ပန်းချီပြပွဲမှာ ပြပွဲဖြစ်အောင် ဝိုင်းဝန်းကူညီပေးခဲ့တဲ့ မနန်းစောက ဝါးသဲပွတ် ကာထားတဲ့ နံရံတွေမှာ ပန်းချီကားတွေ အနုပညာမြောက်စွာ ချိတ်ဆွဲနိုင်ဖို့ ကြိုးစားခဲ့တယ်။ ဒုက္ခသည်စခန်းမှာရှိတဲ့ စွန့်ပစ်ပစ္စည်းခေါက်ဆွဲ ခြောက် ဘူးခွံ ကဒ်ထူပြားကို ဖြန့်၊ စုတ်နဲ့ ဆေးသုတ် ဘောင်လုပ်လိုက်တယ်။
မနန်းစောက မြောက်ပိုင်း ABSDF က ရဲဘော်မတဦးပါ။ အကျည်းတန်ဘဝကို တနည်းတဖန် အလှဆင်တတ်တဲ့ မနန်းစောက ကလေးတွေချစ်တဲ့သူမို့ ကျောင်းဆရာမ လုပ်နေပါတယ်။ အသံလုံးကြီးလို့ ကျမတို့က ဆရာမအသံကို ဘဝက ပေးလိုက်တာလို့ ကျီစယ်ရတဲ့အထိပါ။
နိုင်ငံရေးအကျဉ်းသူဟောင်း မစုစုဝင်းက စာကြည့်တိုက်လေးမှာ စာအုပ်တွေရဖို့ ရင်းနှီးသူမိတ်ဆွေတွေကို အလှူခံပါတယ်။ မစုရှာဖွေပေးတဲ့ စာအုပ်လေးတွေက လူကြိုက်များတဲ့ စာအုပ်လေးတွေပါ။ ဇွန်လ ၁၉ ရက်နေ့မှာ ကျရောက်တဲ့ စက်တင်ဘာ သံဃာ့လှုပ်ရှားမှုမှာ ဦးဆောင်သံဃာဖြစ်တဲ့ အရှင်ဂမ္ဘီရရဲ့ မွေးနေ့မှာ ဆရာတော်ရဲ့ အမတော် မိသားစုဖြစ်တဲ့ ဦးလူ မော်နိုင်၊ ဒေါ်လွင်လွင်မြင့် မိသားစုက ဘတ် ၃၀၀၀ ဖိုးရှိတဲ့ စာအုပ်တွေ လှူဒါန်းခဲ့ပါတယ်။ ဒီလိုစာအုပ်တွေ များတာကြောင့်လည်း စာကြည့်တိုက်အသင်းဝင် ၁၀၀ ကျော်ခဲ့ပါတယ်။ အသင်းဝင်ကြေးက တလမှာ တယောက်ကို ဘတ် ၁ဝ ကောက်ပါတယ်။ ဇွန် ၆ ရက် အလုပ်သမား အရေးအခင်းမှာ စာအုပ် စတင်ငှားရမ်းခဲ့ပါတယ်။
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆၆ နှစ်မြောက် မွေးနေ့ကိုလည်း မြစ်လေးစင်းမှာ လုပ်ခဲ့တယ်။ NLD အဖွဲ့ဝင် အမျိုးသမီးတွေရဲ့ ပင်နီအင်္ကျီ ယောထမီက ဇာတိမြေကို အလွမ်းပိုစေခဲ့ပါတယ်။ 7 ဇူလိုင် အထိမ်းအမှတ်နေ့ ကိုလည်း မြစ်ကြီးလေးစင်းမှာ လုပ်ခဲ့တယ်။ ဘယ်နေရာ ရောက်ရောက်၊ ဘယ်လို အခက်အခဲ ဖြစ်ဖြစ် မြန်မာပြည်ရဲ့ သမိုင်းဝင်နေ့တွေကို မျိုးဆက်သစ် လူငယ်တွေ သိရှိဖို့၊ သမိုင်းဝင်ပုဂ္ဂိုလ်တွေကို မမေ့မလျော့ ဂုဏ်ပြုနိုင်ဖို့ ကြိုးစား လုပ်ကြတာပါ။ မြစ်ကြီးလေးစင်း စာကြည့်တိုက်ဟာ ဧည့်သည်တော်တွေကို စကားတွေ ပြောလိုက်ပါလိမ့်မယ်။
ဒုက္ခသည် စခန်းမှာရှိတဲ့ ပန်းချီဝါသနာရှင် မျိုးဆက်သစ် လူငယ်တွေကို ပန်းချီဆရာ ကိုဇေလတ်က ပန်းချီသင်တန်းပေးပါတယ်။ ဒီကလေးငယ်တွေ ဆွဲတဲ့ ပန်းချီကားတွေထဲက ပန်းချီကားတချပ်ကို နယူးဇီလန် သံအမတ်ကြီးက ဝယ်သွားခဲ့တာပါ။
ကျမတို့ဒုက္ခသည်တွေရဲ့ ငြိမ်းချမ်းခြင်း၊ မျှော်လင့်ခြင်းကို EU တာဝန်ရှိသူတွေ မသိချင် အဆုံးပါပဲ။ အဲဒီအထဲမှာမှ ဝါးသဲပွတ်ကြားကနေ အပြင်ကို ချောင်းကြည့်နေတဲ့ ကလေးငယ်ပုံလေးလည်း အပါအဝင် ဖြစ်ပါတယ်။ ဒုက္ခသည်ဘဝကို လွှမ်းခြုံတဲ့ ပန်းချီကားလေးမို့ပါ။ ဒီပန်းချီကားထဲက ကလေးငယ်ရဲ့ မျက်ဝန်းဟာ ဒုက္ခသည်တွေ ပြောမပြဖြစ်ခဲ့တဲ့ စကားလုံး ထောင်ပေါင်းများစွာကို ကိုယ်စားပြုလို့ပဲပေါ့။
No comments:
Post a Comment