ဦးမျိုး (ဥပဒေ)
လေ့လာသုံးသပ်ချက် စာတမ်း
(၅) သွေးစုပ်မှုကြီးများ။
သွေးစုပ်မှု ပြကွက် (၁)
၁၉၇ဝ ခုနှစ် ဝန်းကျင်က နေဝင်း စစ်အုပ်စုအစိုးရ၏ နိုင်ငံတော် လက်ဝါးကြီး မြေရှင်ကြီး စနစ်အောက်တွင်
သွေးစုပ်ခံရမှုကြီးများ။
၁၉၇ဝ ခုနှစ်က ၂၆ ပေါင်ကိုက် စပါးတတင်းကို ၃ ဒေါ်လာ၊ ၁၆ ပြည်ကိုက် ဆန်တတင်းကို ၅ ဒေါ်လာဝန်းကျင်
ဈေးနှုန်းဖြင့် ပြည်ပတွင် ပေါက်ဈေးဖြစ်နေခဲ့သည်။ ပြည်တွင်းမှာက စပါးတတင်း ၉ ကျပ်နှုန်း၊ တချိန်ထဲမှာပင်
ပြည်တွင်း အပြင်ပေါက်ဈေးမှာ စပါးတတင်းကို ၂ဝ ကျပ်နှင့် ၂၅ ကျပ် ဝန်းကျင်တွင် ရောက်ရှိနေခဲ့သည်။ သို့ဖြစ်ရာ လယ်သမားသည် အပြင်ဈေးဖြင့် တွက်ပါက စပါးတတင်းရောင်းတိုင်း ၁၁ ကျပ်နှင့် ၁၆ ကျပ် ကြားမှာ ရှုံးနေသည်။ အမြတ်ထုတ်သွားသူမှာ ဘယ်သူလဲ။ စစ်အစိုးရ ဗိုလ်ချုပ်နေဝင်း စစ်အုပ်စု မြေရှင်၊ ဓနရှင်ပင် ဖြစ်သည်။
ထို့အပြင် ပြည်တွင်းမှာပင် စစ်အုပ်စုက ဆန်တပြည်ကို ၂ ကျပ် ၅ဝ ပြားနှင့် လူထုကို ရောင်းချသည်။ အပြင်
ပေါက်ဈေးက ဆန်တပြည်ကို ၄ ကျပ်ဈေး။ လူထုက လိုသလောက်ဆန်ကို အစိုးရထံမှ ဝယ်ယူ၍ မရခဲ့ပါ။ ခွဲတမ်းနှင့်သာ ရသည်။ ထိုအခါ အပြင်ဈေးဖြင့် ဝယ်စားရသည်။ ဝယ်စားရတိုင်း တပြည်ကို ၁ ကျပ် ၅ဝ ပြား နာသည်။ ရှုံးသည်။
လယ်သမားအတွက် ”တာဝန်ကျေ စပါး” ရောင်းရန် ကြေညာချက်၊ ပြဋ္ဌာန်းချက် ထွက်လာသည်။ မရောင်းနိုင်
သည့် လယ်သမားကို ဖမ်းဆီးချုပ်နှောင်ပြီး အကျဉ်းထောင်ထဲ ထည့်ထားပါသည်။ ထို့ကြောင့် သတ်မှတ်ပေးထား
သည့် အတိုင်း စစ်အုပ်စုမြေရှင် အစိုးရကို စပါးရောင်းရန် မချန်မဖြစ် ချန်ထားရပါသည်။ မည်သို့ တွက်ချက်ကာ
မည်သို့ သတ်မှတ် တာဝန်ကျေစပါးကို ချန်ရပါသနည်း။ ထပ်ရှင်းပါမည်။
လယ်သမားမိသားစုဝင် တယောက်အတွက် တနှစ်စာ ၁၂ တင်း၊ မျိုးစပါးအတွက် တဧက ၁ တင်းခွဲ၊ အရန်မျိုးစပါးနဲ့
ဆို တဧက ၃ တင်း။ သာရေးနာရေးအတွက် ၁ ဧက ၂ တင်း။ ဒါတွေကိုချန်ပြီး ကျန်သမျှ စပါးကို တာဝန်ကျေ စပါးဆိုပြီး တွက်ယူခြင်းဖြစ်သည်။ မရောင်းမနေရ ရောင်းပေးရသည်။ ထို့ပြင် လယ်သမား စိုက်ပျိုးထားသည့် လယ်ကွက်က ”စမ်းသပ်ကွက်” ထဲက စံနမူနာယူပြီး စပါးထွက်နှုန်း ခန့်မှန်းပါသည်။ ထိုထွက်နှုန်းအရ တာဝန်ကျေ စပါးရောင်းပေးရပါသည်။ ဘယ်လိုပဲဖြစ်ဖြစ် လယ်သမားလက်ထဲမှာ စပါးရှိနေသေးသည်ဆိုလျှင် ပိုလျှံစပါးဆိုပြီး ထပ်ရောင်းပေးရပါသည်။ သို့ရာတွင် စစ်မြေရှင်၊ စစ်အရင်းရှင်က ဝယ်သည့်ဈေးနှုန်းနှင့် အပြင်က စပါးပေါက်ဈေး၊ ဝယ်ဈေးမှာ အမြဲတမ်း ထက်ဝက်ကွာခြားနေသည်။ စစ်အုပ်စုက စပါးဈေး တိုးမြှင့်ပေး၊ ငွေစက္ကူ ပိုထုတ်၊ အပြင်ဈေးကလည်း ခုန်တက်ပြန်သည်။ ၁၉၇၃ မတိုင်မီ စပါးတတင်းကို စစ်မြေရှင်က ၅ ကျပ် ပေးသည်။ အပြင်ဈေးမှာ ၁၂ ကျပ်။ ၁၉၇၃ နောက်ပိုင်းမှာ တတင်းကို ၉ ကျပ်ဖြင့် ပေးဝယ်သည်။ အပြင်ဈေးမှာ ၂ဝ ကျပ်၊ ၂၅ ကျပ်။
အလားတူ သွေးစုပ်မှု ပြကွက်တခုကို အရှိအတိုင်း ထပ်မံထုတ်နုတ်ပြပါဦးမည်။ တဧက တင်း ၃ဝ နှုန်း ထွက်သည့် တတိယတန်းစားမြေ ၈ ဧကလုပ်သည့် လူ ၅ ယောက်ရှိသည့် ဆင်းရဲလယ်သမား တဦး၏ သွေးစုပ်ခံရပုံကို ပြပါဦးမည်။ ဤတွက်နည်းမှာ အကြမ်းဖျဉ်း ဆန်သည်ဟု ပြောနိုင်သော်လည်း သိသာထင်ရှားသည်မှာ အမှန်ပင် ဖြစ်သည်။
၁။ ဝမ်းစာ - လူ ၅ ယောက် _ ၁၂ တင်း = တင်း ၆ဝ
မျိုးစပါး - တဧက ၃ တင်း _ ၈ ဧက = တင်း ၂၄
သာရေး နာရေး _ ၈ ဧက = တင်း ၁ဝ
-----------
ဆင်းရဲလယ်သမား လက်ထဲမှာ ချန်ထားခွင့် = တင်း ၉၄
၂။ ထွက်စပါး - တဧက တင်း ၃ဝ _ ၈ ဧက = ၂၄ဝ တင်း
ချန်ထားခွင့် ရှိသည့် စပါး = ၉၄ တင်း
-------------
စစ်အုပ်စုသို့ ရောင်းရမည့် စပါးမှာ = ၁၄၆ တင်း
၃။ အပြင်ဈေး - တတင်း ၂ဝ ကျပ်ဖြင့် ၁၄၆ တင်းအတွက် = ၂၉၂ဝ ကျပ်
စစ်အုပ်စုဈေး-တတင်း ၉ ကျပ်ဖြင့်၁၄၆ တင်းအတွက် = ၁၃၁၄ ကျပ်
------------
စစ်အုပ်စု သွေးစုပ်ငွေမှာ (၂၉၂၉-၁၃၁၄) = ၁၆ဝ၆ ကျပ်
ယင်းသည် ဆင်းရဲ လယ်သမား တဦး၏ သွေးစုပ်ခံရပုံ ဖြစ်သည်။ သူတို့၏ ပညာရေး ကျန်းမာရေးကိုပါ ဆက်စပ်လို့ ရပါပြီ။
သန်းရွှေ စစ်အုပ်စု (နအဖ) ၏ ဆန်စပါး ရောင်းဝယ်ရေး ပေါ်လစီသစ်
၂ဝဝ၃ ခုနှစ် ဧပြီလ ၂၃ ရက်တွင် ထုတ်ပြန်ခဲ့သည့် စစ်အုပ်စု၏ ဆန်စပါး ရောင်းဝယ်ရေး၏ ပေါ်လစီသစ်၌ လွတ်လပ်စွာ ဆန်စပါး ရောင်းဝယ်ရေး ပေါ်လစီသစ်ကို ကျင့်သုံးပါတော့မည်ဟု ဖော်ပြထားသည်။ ”မြန်မာနိုင်ငံ ဆန်စပါး ရောင်းဝယ်ရေး ဦးဆောင်အဖွဲ့” ကိုပါ ဖွဲ့စည်းလိုက်သည်။ ထိုဦးဆောင်အဖွဲ့တွင် ဥက္ကဋ္ဌမှာ နအဖ
အတွင်းရေးမှူး (၂) ဗိုလ်ချုပ်စိုးဝင်း ဖြစ်ခဲ့သည်။ လုပ်ငန်းရှင် ၂ဝဝ ပါဝင်သည်။ ပြည်တွင်းတွင် ဆန်စပါးကို လွတ်လပ်စွာ ရောင်းချနိုင်ခွင့် ရှိသည်။ သို့သော် ပြည်ပသို့ တင်ပို့ရာတွင် ဦးဆောင်အဖွဲ့၏ လမ်းညွှန်ချက်ဖြင့်သာ ဦးဆောင်သွားမည်ဟု ဆိုသည်။ ပြည်ပသို့ ဆန်တင်ပို့သူသည် ဆန်တင်ပို့ရောင်းချ ရရှိငွေထဲမှ ပို့ကုန်အခွန် ၁ဝ %
ကို အစိုးရကို ဦးစွာ ပေးသွင်းရမည်။ အခွန်ငွေ ပေးသွင်းပြီး ကျန်ရှိသော ငွေထဲမှ တဝက်ကို စစ်အစိုးရက
ခွဲဝေယူမည်။ ခွဲဝေယူသည့် ငွေအလုံးအရင်းထဲမှ ရင်းနှီးကုန်ကျငွေကို ပြန်လည် ပေးချေမည်ဟု နအဖ ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။ (ထိုသို့ပေးချေရာတွင် နိုင်ငံခြားသုံးငွေနဲ့လား။ ကျပ်ငွေနဲ့လား။ ငွေလဲနှုန်း
မည်သို့ သတ်မှတ်မည်ကို ဖော်ပြမထား။)
ဦးနေဝင်းစစ်အုပ်စု အာဏာသိမ်းယူပြီးနောက်ပိုင်း ၂ နှစ်ကာလအတွင်း “ပြည်တွင်းပြည်ပ ကူးသန်းရောင်းဝယ်ရေး အားလုံးကို နိုင်ငံတော်က ချုပ်ကိုင်သွားမည်။” ဟု ဆိုကာ ကြေညာခဲ့ကြောင်း ဖောက်ပြန်သည့် မြေရှင်၊ ဓနရှင်တို့၏
ခေါင်းပုံဖြတ် အမြတ်ကြီးစား သွေးစုတ်မှုကို ဖျက်သိမ်းရန်အတွက် ဖြစ်ကြောင်း အထက်တွင် ဖော်ပြခဲ့ပြီး ဖြစ်သည်။ ဦးသန်းရွှေစစ်အုပ်စုက ဈေးကွက်စီးပွားရေးစနစ်နှင့် စည်းကမ်းရှိသော ဒီမိုကရေစီလမ်းစဉ် ကျင့်သုံးရေးဟူသော စီးပွားရေး၊ နိုင်ငံရေး၊ ပေါ်လစီများကို ချမှတ်သည်ဟု ဆိုသည်။ လွတ်လပ်စွာ ဆန်စပါး ရောင်းဝယ်ရေး ပေါ်လစီသစ် ဆိုပြီး ကြေညာသည်။
နေဝင်း စစ်အုပ်စုနှင့် သန်းရွှေ စစ်အုပ်စု ဘာများ ခြားနားသွားပါသနည်း။ ဘာမှ မခြားနားပါ။ ဘယ်ခေတ် ဘယ်သူက ပိုဆိုးသည်၊ အဆိုးတကာ့ အဆိုးဆုံး ဖြစ်သည်ကိုသာ နှိုင်းယှဉ်ရမှာ ဖြစ်သည်။ ဘာကြောင့်ပါလဲ။ စစ်အာဏာရှင် စနစ်အတွင်းက ဒီအုပ်စုတွေကိုယ်တိုင် စစ်ဗျူရိုကရက် ဓနရှင်တွေ၊ မြေရှင်တွေ၊ ဖိနှိပ်သွေးစုပ် ခြယ်လှယ်သူတွေ
ဖြစ်နေလို့ပါပဲ။ စစ်အုပ်စု ကြေညာချက်များမှာ နိုင်ငံရေး လှည့်ကွက်၊ မျက်လှည့်သာ ဖြစ်သည်။
ဦးသန်းရွှေ၊ ဦးမောင်အေး စစ်အုပ်စု၏ လွတ်လပ်စွာ ဆန်စပါး ရောင်းဝယ်ရေး ပေါ်လစီသစ်ကို ကြေညာပြီး ၁ နှစ်နောက်ပိုင်းတွင် လယ်သမားတို့ သူတို့ စိုက်ပျိုးထုတ်လုပ်ခဲ့သည့် ဆန်စပါးကို လွတ်လပ်စွာ ရောင်းဝယ် သယ်ယူနိုင်ခဲ့ပါရဲ့လား။ လယ်သမားတွေပေါ်က သွေးစုပ်ခြယ်လှယ် ဖိနှိပ်မှုတွေကကော လျှော့ပါးသွားခဲ့ သို့မဟုတ် ပပျောက်သွားခဲ့ပါသလား။ ဘာမှ မထူးပါ။ ဒုံရင်းအတိုင်း၊ မူလအတိုင်းပါပဲ။ RFA, BBC, DVB တို့ လေလှိုင်းထဲက လူထုအသံတွေ၊ ပြည်တွင်းက အရှိပကတိ လယ်သမားဘဝတွေကို အစွန်းအစ ဆွဲထုတ်ကြည့်ရအောင်။ လျှော့ မလျှော့၊ ပျောက် မပျောက်။ တစွန်းတစ အကဲစမ်းကြည့်ရအောင်လို့ပါ။
ပဲ့တင်သံ (၁)။ ။ ၂ဝဝ၄ ဇန်နဝါရီလတွင် နိုင်ငံခြားသို့ ဆန်စပါးတင်ပို့ရန် ကြိုးစားနေစဉ် ပြည်တွင်း ဆန်စပါး
ရောင်းဝယ်ခွင့် ပိတ်ထားလိုက်သည်။ လယ်သမားနှင့် ကုန်သည်တွေ အကျပ်ရိုက်သွားခဲ့သည်။ သို့သော် စစ်အုပ်စု လက်ဝေခံများကိုတော့ ရောင်းဝယ်ခွင့် ဖွင့်ပေးထားသည်။ (RFA ဇူလိုင်လ ၃ဝ၊ ၂ဝဝ၅)
ပဲ့တင်သံ (၂)။ ။ ပဲခူးတိုင်း လယ်သမားတွေက ဤသို့ ပြောကြား ပဲ့တင်ထပ်လိုက်သည်။ “ တောင်သူ လယ်သမားတွေကို ဆန်စပါး ရောင်းချခွင့် ပြုလိုက်တယ်ဆိုပေမယ့် ပြည်နယ်ကူးခွင့်၊ တိုင်းကူးခွင့် မရခဲ့ပါဘူး။ မန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ်တို့ကို ဆန်စပါး သယ်ယူခွင့် မပြုခဲ့ကြောင်းပါဗျာ။” (DVB ဒီဇင်ဘာလ ၂၇ ၊ ၂ဝဝ၅)
ပဲ့တင်သံ (၃)။ ။ RFA နှင့် တွေ့ဆုံမေးမြန်းခန်းတွင် ကုန်သည်တဦးဖြစ်သည့် ဦးစိန်အေးက ဤသို့ ပြောသည်။ (အကျဉ်းချုပ် ထားပါသည်။) လယ်သမားတဦးကို လယ်ဧက ၅.၅ လုပ်ခွင့် ပေးတဲ့အချိန်မှာ စစ်အုပ်စုနဲ့ လက်ဝေခံများကတော့ ဧက ၅၀၀၀ အထိ လုပ်ခွင့်ရနေကြတယ်။ သူတို့တွေမှာ အထူးအခွင့်အရေးတွေ ရရှိထားကြတယ်။ တကယ့်တကယ်က လယ်သမားတွေကို ဥပဒေအရ ကာကွယ်ပေးရမယ်။ ဈေးကွက်ကို ပိတ်လိုက်ဖွင့်လိုက် မလုပ်သင့်ဘူး။ လယ်သမားတွေကို သက်ညှာခွင့်ပေးရမယ်။ ဥပမာပေါ့ဗျာ - လယ်သမား
လက်ထဲက စပါးကို စစ်တပ်က ဈေးနှိမ်ပြီး ဝယ်ယူတာမျိုး မလုပ်သင့်ဘူး။ (RFA ဇူလိုင် ၃ဝ၊ ၂ဝဝ၅)
ပဲ့တင်သံ (၄)။ ။ စပါးတင်း ၁ဝဝ ကို ၂ သိန်း ၂ သောင်း ပေါက်ဈေးရှိနေတဲ့ အချိန်မှာ စစ်တပ်က ၁ သိန်းနဲ့ ဝယ်နေတယ်။ ဧရာဝတီတိုင်းမှာ စစ်တပ်က စပါးဝယ်ချင်တိုင်း ဝယ်လို့ မရတဲ့အတွက် စပါးအရောင်းအဝယ် သယ်ယူမှုတွေကို ပိတ်ထားတယ်။ (RFA ဖေဖေါ်ဝါရီ ၁၉ ၊ ၂ဝဝ၆)
ပဲ့တင်သံ (၅)။ ။ အင်္ဂါပူမြို့နယ်၊ ကွင်းကောက်က လယ်သမား ဦးအောင်စိန် ပြောတာကတော့ ”နွေစပါး မစိုက်မဖြစ် စိုက်ကြရမယ်ဆိုတဲ့ အမိန့်ပဲ ရရှိခဲ့တယ်။ ဓာတ်မြေသြဇာ မရှိဘူး။ မျိုးစပါး မရဘူး။ ရေလုံလောက်အောင် မရဘူး။ ဘာမှ အထောက်အကူ မရခဲ့ဘူး။ ဒီတော့ စပါးမစိုက်နိုင်တဲ့ အခြေအနေကို ရောက်လာခဲ့တယ်။ လယ်ဧက များများရှိတဲ့ လယ်သမားတွေကို လယ်မြေလျှော့ပြီး စိုက်ခိုင်းဖို့အတွက် မယက ကို လာဘ်ထိုးရတယ်ဗျာ။” (BBC စက်တင်္ဘာ ၂၊ ၂ဝဝ၇)
သည်ပဲ့တင်သံ ၅ ခုသည် အထက်ဘဝဂ်သို့ လျှံရုံမျှမက လယ်သမား ဘဝတခုလုံးကို ထင်ဟပ်ဖော်ထုတ်ပြသ
လိုက်ခြင်း လည်း ဖြစ်သည်။ လယ်သမားဘဝသည် အနိမ့်ပါးဆုံး အခြေအနေမှ တက်မလာခဲ့ပါ။ သူတို့
အသံတသံသည် လယ်သမားဘဝ များစွာကို လွှမ်းခြုံလိုက်သည့် အသံဖြစ်သည်။ အရေးတော်ပုံ၏
အုံကြွတော်လှန်သံ၊ လက်နက်ကိုင်တော်လှန်ရေး၏ တိုက်ပွဲသေနတ်သံများသည် ထိုလယ်သမားထုကြီး၏ ပဲ့တင်သံများကို ကိုယ်စားပြုနေပေသည်။ ကိုယ်စားပြုကို ပြုရမှာလည်း ဖြစ်သည်။
(အပိုင်း - ၁ဝ) အား ဆက်လက်ထုတ်ပြန်ပါမည်။
No comments:
Post a Comment