Saturday, July 16, 2011

မြန်မာနိုင်ငံ တောင်သူလယ်သမားအရေး (အပိုင်း - ၆)

ဦးမျိုး (ဥပဒေ)

လေ့လာသုံးသပ်ချက် စာတမ်း

ဖဆပလ အစိုးရ၏ လယ်ယာမြေ နိုင်ငံပိုင် ပြုလုပ်ရေး၏ အကျဉ်းသဘော -

၁။ လယ်မြေကို ဧက ၅ဝ အထက်၊ ယာမြေဆိုလျှင် ၂၅ ဧကအထက်၊ ကိုင်းမြေဆိုလျှင် ၁ဝ ဧကအထက် မြေများ အားလုံးကို နိုင်ငံပိုင် လုပ်မည်။

၂။ နိုင်ငံပိုင် အလုပ်ခံရသည့် မြေဧကများအတွက် မြေရှင်များကို လျော်ကြေးပေးမည်။ လျော်ကြေးပေးမည့် ပုံမှာ ပထမ ဧက တထောင် အတွက် မြေခွန်တော်၏ ၁၂ ဆ ပေးမည်။ ဒုတိယ တထောင်အတွက် ၁၁ ဆပေးမည်။ တတိယ တထောင်အတွက် ၁ဝ ဆပေးမည်။ တထောင် တိုးတိုင်း တိုးတိုင်း တဆစီ လျှော့သွားမည်ဖြစ်ရာ၊မြေခွန် တဆနှင့် လျော်ကြေးနှင့် ညီမျှသွားသည်အထိ ဖြစ်မည်။ သည့်နောက် တထောင်များကို မြေခွန် တဆပဲ ပေးမည်။

၃။ အိမ်ထောင်တခုသည် နိုင်ငံပိုင်ပြုလုပ်ရေး ဥပဒေအရ သတ်မှတ်ထားသော မြေဧကထက် ပိုပိုင်ပြီး ၎င်းအိမ်ထောင်သည် အိမ်ထောင် မခွဲရသေးဟုဆိုလျှင် အိမ်ထောင်ခွဲ၍ မြေဧကများကို ခွဲနိုင်၏။ ဤနည်းဖြင့် မိမိတို့မြေများကို နိုင်ငံပိုင်ပြုလုပ်ရေးမှ ကင်းလွတ်နိုင်သည်။

၎။ နိုင်ငံပိုင် ပြုလုပ်သော မြေယာများကို တောင်သူလယ်သမားတို့အား တတုံးထွန်အထိ ခွဲဝေပေးမည်။ ၎င်းတောင်သူ လယ်သမားတို့သည် -

(က) အစိုးရအား မြေခွန်တော် မှန်မှန်ဆောင်ရမည်။ (အစိုးရသီးစားဖြစ်သွားခြင်း ဖြစ်သည်။ ယခင်က မြေရှင်ကို သီးစားခ ပေးရသည်။ ယခု အစိုးရကို မြေခွန်ပေးရမည်။)
(ခ) မိမိတို့ကိုယ်တိုင် လယ်လုပ်ရမည်။
(ဂ) သမဝါယမနှင့် ဗတလစ အဖွဲ့ဝင်များ ဖြစ်ရမည်။
(ဃ) မိမိတို့ရသော လယ်မြေကို ရောင်းခြင်း၊ ပေါင်ခြင်း၊ နှံခြင်း မလုပ်ရ။

၅။ လယ်မြေ ၅ဝ ၊ ယာမြေ ၂၅ ၊ ကိုင်းမြေ ၁ဝ ဧက
အောက်ပိုင်သော သူများသည် ၎င်းတို့ကိုယ်တိုင် ထွန်ယက် စိုက်ပျိုးရမည်။

ဖဆပလ ၏ “ရွှေပြည်အေး” ပေါ်လစီ Class Harmony ကြောင့်ပင် မြေရှင်စနစ် ဖျက်သိမ်းရေးကို မြေရှင်တို့
အကြိုက် တတ်နိုင်သမျှ ဖြစ်အောင် ပြုလုပ်နေရသည်။ မြေရှင်တို့ကို နှစ်သိမ့်နေရသည်။ မြေရှင်အကြိုက်
နိုင်ငံပိုင် ပြုလုပ်၍ ဝေခြမ်းရေးဖြစ်အောင် လုပ်နေရသည်။ မြေရှင်တို့၏ အတိုက်အခံ ဆန့်ကျင်မှုကို လျော်ကြေး
ပေး၍ နှစ်သိမ့်လာရသည်။ အိမ်ထောင် ပိုခွဲလေ၊ လျော်ကြေး ပိုရအောင် လုပ်ကြလေ ဖြစ်သည်။ ဧက တထောင်အောက် မြေရှင်များသည်သာ အများစု ဖြစ်သောကြောင့် ပေးရမည့် လျော်ကြေးသည် ကျပ်သန်းပေါင်း ၁၅ဝ နှင့် ၁၈ဝ ကြားတွင် ရှိပေလိမ့်မည်။

ဖဆပလ မြေယာဥပဒေအရ မူလပိုင်ရှင် လက်ထဲသို့ အလိုလို ပြန်ရောက်ခွင့် မရှိပေ။ မရှိသည့်အပြင် လယ်ပေါင် လိုက်ရသော မြေရှင်သည် ဧက ၅ဝ ကို ပိုင်လျှင် ၎င်းလယ်ကိုပင် နောက်ထပ် နှစ်ပေါင်း မြောက်မြားစွာအထိ ဆက်လက်ပိုင်နိုင်သေးသည်။ ၁၉၄၁ ခုနှစ်တွင် ”လယ်မြေ ပြန်ဝယ်ခြမ်းရေး” ဥပဒေကို ပြဋ္ဌာန်းပြန်သည်။
၎င်းဥပဒေအရ အစိုးရသည် အောက်မြန်မာပြည်ရှိ မြေရှင်များပိုင် မြေယာများကို ကာလပေါက်ဈေးဖြင့် ဝယ်ယူကာ လယ်သမားများအား ပြန်ရောင်းချရန် ဖြစ်သည်။ အင်္ဂလိပ်ရှိစဉ်က မြေယာများ ပြန်ဝယ်ခြမ်း၍ မြေယာများကို
လျော်ကြေးပေးကာ လယ်သမားများအား ပြန်လည်ချထားရေးသည် မူသဘောအားဖြင့် အတူတူနှင့် အနူနူပင်
ဖြစ်သည်။ ထို့ကြောင့် ဖဆပလ အစိုးရသည် အင်္ဂလိပ်တို့လုပ်ရန် စိတ်ကူးပြီး၊ မလုပ်ခဲ့ရသည့် လက်ကျန်များကို
ကောက်ယူကာ ပုံတမျိုးနှင့် ပြင်ဆင်၍ ဆက်လက်လုပ်သွားခြင်းသာ ဖြစ်သည်ဟုဆိုပါလျှင် မမှားနိုင်။

ဖဆပလ၏ လယ်ယာမြေ နိုင်ငံပိုင် ပြုလုပ်ရေး ဥပဒေကြောင့် -

(၁) မူလ မြေရှင်စနစ်သည် အရင်းရှင် ကုန်လုပ်ဆက်ဆံရေး ဘောင်အတွင်း ရောက်သွားကာ၊ အရင်းရှင် လယ်လုပ်နည်းများကို လုပ်လာရသည်။

(၂) မြေရှင် ကုန်လုပ်ဆက်ဆံရေးနှင့် အရင်းရှင် ကုန်လုပ်ဆက်ဆံရေး ရောထွေးလျက်ရှိရာ၌ အရင်းရှင် ကုန်လုပ် ဆက်ဆံရေးကို ကြီးထွားစေသည်။ မြေရှင်စနစ်အား အရင်းရှင် ကုန်ထုတ်လုပ်နည်းအရ ကုန်ထုတ်လာအောင် ပုံပြောင်းလာစေသည်။

မြေရှင်သည် အရင်းရှင် စက်ရုံတရုံမှ စက်ပိုင်ရှင် မန်နေဂျာ Entrepreneur သဖွယ် လယ်လုပ်ခွင်သို့ ဆင်းရပေမည်။ လယ်ယာ အလုပ်သမားများကို လုပ်ခဖြင့် အများအပြား ငှားရမ်းလုပ်ကိုင်ဖို့ပင် ဖြစ်သည်။ ထို့ကြောင့် ၎င်းမြေရှင်အဖို့ ယခင်က သီးစားစနစ်အစား ယခု လုပ်ခစနစ်ကို အစားထိုးရလိမ့်မည်။ မြေရှင်စနစ်သည် အရင်းရှင် ကုန်ထုတ်လုပ်နည်း Capitalist farming အတိုင်း ပြောင်းလဲ ကုန်ထုတ်လာရမည့် သဘောပင် ဖြစ်လေသည်။ မြေရှင်ဆန်သောမြေရှင်သည် ”အရင်းရှင်ဆန်သော မြေရှင်” Bourgeoisified Landlord ဖြစ်လာမည်။

မြေယာစီးပွားရေးစနစ် တိုးတက်မှုပုံစံ Form of development သည် ၂ လမ်း ရှိနိုင်သည်။ တလမ်းမှာ ဂျာမဏီပြည်
တွင် ဖြစ်ပေါ်ခဲ့သော ဂျန်ကာ Junker ပုံဖြစ်သည်။ လီနင်က ”ပရပ်ရှား” လမ်းဟု ခေါ်သည်။ ၎င်း၏ သဘောမှာမြေရှင်စနစ်ကို အပြီးအပိုင် ဖျက်သိမ်းလိုက်သည် မဟုတ်ဘဲ၊ မြေရှင်စနစ်ကို အရင်းရှင် ကုန်ထုတ်လုပ်နည်းမျိုး ဖြစ်လာအောင် ပုံပြောင်းယူခြင်း ဖြစ်သည်။ မြေရှင်တို့၏ မြေယာများကို အရင်းရှင် ကုန်လုပ်နည်း သဘောမျိုးဖြစ်အောင် ပြန်လည်ဖွဲ့စည်းခြင်း ဖြစ်သည်။ (Reorganization of the landowner’s farms)

တခြားတလမ်းမှာ မြေရှင်စနစ်ကို ပုံတွေဘာတွေ ပြောင်းမနေတော့ဘဲ၊ တခါတည်း အပြီးအပိုင် ဖျက်သိမ်းပစ်လိုက်ခြင်း ဖြစ်သည်။ ဤသည်ကို လီနင်က အမေရိကန်လမ်းဟု ခေါ်သည်။

ဖဆပလ ၏ မြေယာမူသည် ဂျန်ကာ အမျိုးအစား၊ ပရပ်ရှားလမ်းစဉ် ဖြစ်သည်။ မြေရှင်စနစ်ကို အရင်းရှင် ကုန်ထုတ်လုပ်နည်း ဖြစ်အောင် ပုံပြောင်းယူသည့် လမ်းစဉ်ဖြစ်သည်။ ဤလမ်း ၂ လမ်းနှင့် ပတ်သက်၍ လီနင်က အောက်ပါအတိုင်း ရေးသားခဲ့သည်။

”မြေရှင်တို့၏ ကံကြွေးချ စီးပွားရေးကို အရင်းရှင် ”ဂျန်ကာ” စိုက်ပျိုးရေး နည်းများထဲသို့ လယ်သမားများအား နာကျည်းစွာ သွေးစုပ်ခြင်းနှင့် ကြွေးမြီများ ထူထပ်ခြင်းများကို အပြစ်ဒဏ်အဖြစ် ရိုက်ခတ်ထားခဲ့ပြီးနောက် တဖြည်းဖြည်းနှင့် ပုံစံ ပြောင်းလဲဝင်သွားစေလေသည်။ လူနည်းစု ဖြစ်သော ”ကြွယ်ဝသော လယ်သမားများ” ကို ပေါ်ပေါက်စေသည်။

ဒုတိယလမ်း၌ မြေရှင် လယ်ယာစိုက်ပျိုးရေးရယ်လို့ လုံးဝမရှိခြင်း (သို့မဟုတ်) မြေရှင်တို့၏ မြေယာများကို သိမ်းဆည်းကာ ဝေခြမ်းပေးသော တော်လှန်ရေး၏ အဖျက်အဆီးကို လုံးဝခံရသည့် လမ်းဖြစ်သည်။” (လီနင် စာပေပေါင်းချုပ် အတွဲ - ၃ - မှ)

မြန်မာပြည်တွင်လည်း ဤလမ်း ၂ လမ်းသည် ဖြစ်ပေါ်နေလေပြီ။ ပရပ်ရှား လမ်းလော၊ အမေရိကန် လမ်းလော။မြေရှင်တို့သည် မိမိတို့ လက်ရှိပိုင် မြေများကို ပြည်သူပိုင် အလုပ်မခံရအောင် အရင်းရှင် ကုန်ထုတ်လုပ်နည်းထဲ ဝင်၍ ခိုလှုံနိုင်ကြသေး၏။ ဤသို့ ခိုလှုံနိုင်အောင်လည်း လယ်ယာမြေ နိုင်ငံပိုင် ပြုလုပ်ရေး ဥပဒေကပါ တံခါးဖွင့်ပေးထားလေသည်။

၎င်းဥပဒေ၏ ပုဒ်မ ၄ ၊ အပိုဒ်ငယ် ၃ တွင် ဤအတိုင်း တံခါးဖွင့်ထားသည်။

“သမ္မတသည် မခွဲရသေးသော အိမ်ထောင် (သို့မဟုတ်) စပ်ပေါင်းထားသော အိမ်ထောင်တခုသည် အပိုဒ်ငယ် (၁) အရ လယ်ယာမြေ နိုင်ငံပိုင် ပြုလုပ်ခြင်းမှ လွတ်ကင်းစေရန်အတွက် လယ်ယာလုပ်ကိုင်သော အိမ်ထောင်စုများအဖြစ် အိမ်ထောင်ခွဲနိုင်ရန် လိုအပ်သော အခြေအနေများကို ပြဋ္ဌာန်းမည်။”

ဤအပိုဒ်၏ သဘောကို ဝန်ကြီးချုပ် ဦးနုက လူတိုင်း နားလည်သော စကားလုံးဖြင့် ရှင်းလင်းပြောဆိုထားသည်မှာ စိတ်ဝင်စားဖို့ အလွန်ကောင်းလှသည်။

“ဒီလိုကိစ္စများကို ရည်စူးပြီး ဥပဒေကြမ်းထဲမှာ ပုဒ်မ ၄ -၊ ပိုဒ်ငယ် ၃ အဖြစ် နိုင်ငံတော် သမ္မတဟာ မခွဲရသေးသော အိမ်ထောင် (သို့မဟုတ်) စုပေါင်းထားသော အိမ်ထောင်တခုကို အိမ်ထောင်စုများ ပေါင်းစုထားတဲ့ သဘောအဖြစ် မှတ်ယူရန် အခြေအနေများ ပြဋ္ဌာန်းမယ်လို့ ပါပါတယ်။ ဦးဖြူဟာ ဧက ၂ဝဝ ကို ပိုင်သည်ဆိုပါစို့။ သူ့မှာ သူ့အိမ်ထောင်နဲ့ သူရှိတဲ့ သားတယောက် သူ့အိမ်ထောင်နဲ့ သူရှိတဲ့ သမီးတယောက်၊ သူ့အိမ်ထောင်နဲ့သူ ရှိကြတဲ့ သားမြေး ၂ ယောက် ရှိတယ်လို့ ဆိုကြပါစို့။ ဒီလိုဆို ဦးဖြူရဲ့ အိမ်ထောင်ကို မခွဲရသေးတဲ့ အိမ်ထောင် ၅ စုအဖြစ် မှတ်ယူရလိမ့်မယ်။ အိမ်ထောင်တခုကို ဧက ၅ဝ စီခွဲလိုက်မယ်ဆိုလျှင် ဦးဖြူရဲ့ မခွဲရသေးတဲ့ အိမ်ထောင်ဟာ ဧကပေါင်း ၂၅ဝ အထိ လယ်ယာမြေ နိုင်ငံပိုင်ပြုလုပ်ခြင်းက လွတ်ကင်းသွားနိုင်ပါတယ်။” (၁၉၄၈ ခုနှစ် ပါလီမန်အတွင်း၌ လယ်ယာမြေ နိုင်ငံပိုင် ပြုလုပ်ရေး ဥပဒေကြမ်းကို ဦးနု ထောက်ခံသော မိန့်ခွန်း)

ဦးနု၏ ရှင်းလင်းချက်ကပင် မြေရှင်တွေအတွက် လမ်းပြဖြစ်နေပြီဖြစ်ရာ အထက်က ကျနော်၏ ကောက်ချက်အတွက် အထူး သက်သေ ထူရန်ပင် မလိုတော့။ မြေရှင်တို့သည် လယ်ယာမြေ အများအပြားကိုပင် အိမ်ထောင်ခွဲ၍ ဆက်လက် ပိုင်ဆိုင်ထားနိုင်ကြသည်။ သို့သော် သူတို့ကိုယ်တိုင် စက်ရုံပိုင်ရှင်သဖွယ် လယ်လုပ်ခွင်ထဲ ဆင်း၍ လယ်ယာ အလုပ်သမားများနှင့် လုပ်ကြရမည်ဖြစ်၍ မြေရှင်တို့၏ မြေများ သည် Large scale farming အကြီးစား စိုက်ပျိုးရေးခင်းများ ဖြစ်လာစရာ ရှိသည်။

မြေရှင်စနစ်အရဆိုလျှင် မြေရှင်တို့သည် တခါလောက် အရင်းမြှုပ်ထားလိုက်လျှင် တသက်လုံး ထိုင်စားနိုင်သည်။ သည်မြေအပေါ်တွင် နောက်ထပ်မြှုပ်နှံရန် မလိုတော့။ သို့သော် ယခု အရင်းရှင် ကုန်ထုတ်လုပ်နည်းအရ လုပ်လာသောအခါ သည်မြေပေါ်တွင် နှစ်စဉ်နှစ်တိုင်း အရင်းအနှီးမြှုပ်ရန် လိုလာသည်။ (Regular turnover of capital) ဤသည်ပင် ”တိတ်တိတ်ပုန်း သီးစားစနစ်” ဆီသို့ ရှေးရှုတော့သည်။ မြေရှင်တိုင်း အရင်းမြှုပ်နှံနိုင်ကြမည် မဟုတ်။ ထို့ကြောင့် အရင်းအနှီးချို့တဲ့မှုကြောင့် မိမိတို့မြေယာများကို တဖက်က လယ်ယာ ဝေခြမ်းရေးကြောင့် မလောက်မငှရသော လယ်သမားများအား တိတ်တိတ်ပုန်း သီးစားချစားကြမည်မှာသေချာသည်။ လယ်ယာမြေ နိုင်ငံပိုင် ပြုလုပ်ရေး ဝန်ကြီးဌာန၏ ကြေညာချက်အရ လယ်ယာမြေ ဝေခြမ်းပြီးသောနေရာတို့တွင် လယ်သမား တယောက်သည် အနည်းဆုံး ၂ ဧကခွဲမှ အများဆုံး ၁၂ ဧကအထိ ရသည်ဟု ဆိုထားသည်။ ၄-၅ ဧက အောက်ရသော လယ်သမားများအဖို့ မည်သို့မျှ လုံလောက်မည် မဟုတ်။ ထို့ကြောင့် ၎င်းတို့သည် မိမိတို့ ဝမ်းစာလောက်ရန်အတွက် ”အရင်းရှင်ဆန်သော မြေရှင်” များတို့၏ လယ်တို့တွင် လယ်ယာ အလုပ်သမားအဖြစ် အချိန်ပိုင်းဖြင့်ဖြစ်စေ၊ သို့မဟုတ် သီးစားဖြစ်စေ ယူလုပ်ကြရမည်မှာ သေချာသည်။

ကျနော်တို့၏ ဆိုလိုချက်ကား -

(၁) မြေရှင်သွေးစုပ်မှု၏ ပုံသဏ္ဌာန်ဖြစ်သော ငွေတိုးချေးစားသမားများ ”အရင်းရှင်ဆန်သော မြေရှင်များ ” ချမ်းသာ လယ်သမားတို့သည် ကျေးလက်၏ အရှင်သခင်များ၊ သမဝါယမများ၏ အရှင်သခင်များ ဖြစ်လာလိမ့်မည်။ သူတို့သည်ပင် ဖဆပလ မြေယာ ပြောင်းလဲရေး အတွက် လူတန်းစား အခြေခံများ ဖြစ်လာလိမ့်မည်။

(၂) ဤသို့ဖြစ်လေ၊ စပါးဈေး ကျဆင်းမှုဒဏ်နှင့်ပေါင်းကာ လယ်သမား လူထုအတွင်း လူတန်းစားအလွှာ ကွဲပြားလာမှုသည် ပိုလို့ နက်ရှိုင်းလာလေသာ ဖြစ်ပေမည်။ မြေရှင်စနစ်သည် အရင်းရှင် ဆန်လာခြင်းသာ ဖြစ်ပြီး၊ တဖက်တွင် အရင်းရှင် ကုန်လုပ်ဆက်ဆံရေး ကြီးထွားလာခြင်းဖြစ်သည်။ ထို့ကြောင့် ဖဆပလ၏ လယ်ယာမြေနိုင်ငံပိုင် ပြုလုပ်ရေးသည် မြေရှင်စနစ်ကို ဖျက်သိမ်းပါ၏လောဟု ကျနော့်ကို မေးလျှင် -

မြေဧက အများအပြားကို ပိုင်ဆိုင်သည့် မြေရှင်စနစ်ကို ယိမ်းယိုင်စေသည်တော့ မှန်၏။ သို့သော် အခြေခံအားဖြင့်မြေရှင်စနစ်ကို အရင်းရှင်ဆန်အောင် လုပ်ခြင်းသာဖြစ်သည်ဟု ဖြေလိုပါသည်။ အတိုချုံး ဖြေရလျှင် မြေရှင် ကုန်လုပ်ဆက်ဆံရေးနှင့် အရင်းရှင် ကုန်လုပ်ဆက်ဆံရေး ရောထွေးထားသော ”ကပြား” ပုံသည် အခြေခံသဘောဖြင့် မပြောင်း၊ သို့သော် အရင်းရှင် ကုန်လုပ်ဆက်ဆံရေး ဘက်ကိုတော့ ပို ”ကဲ”လာသည်ဟု ဆိုလိုပေသည်။ မြေရှင်စနစ် ဆန့်ကျင်ရေး၊ ဖျက်သိမ်းရေးသည်ပင် သော့ချက်အဖြစ် ရှိနေတုန်း ဖြစ်လေသည်။


(အပိုင်း - ၇) အား ဆက်လက်ထုတ်ပြန်ပါမည်။

No comments: