ချိန်ကိုက် …... ဗုံး
“ဝုန်း”
“ဒိုင်း”
“ဘုံး”
“ဂွမ်း”
“ဒုံး”
ဖိုးရှုပ်။ ။ ဘာသံတွေလဲ ဦးရုက္ခစိုး။
ရုက္ခစိုး။ ။ ဗြောက်အိုးဖောက်တာ နေမှာပေါ့ကွာ။
ကြွက်စုတ်။ ။ ကျနော်တို့ ရောက်နေတာ မြန်မာပြည်နော်၊ ချင်းမိုင်မဟုတ်ဘူး။ ဘယ်လိုလုပ်ပြီး ဗြောက်အိုး ဖောက်လို့ရမှာလဲ။ ဗြောက်အိုး လက်ဝယ်တွေ့ရှိရင် ထောင် ၃ နှစ်ဗျ။
ထိုစဉ် “ဝုန်း” ဆိုသည့် အသံတသံနှင့် အတူ “အောင်မလေး … ပေါက်ပြန်ပဟ” ဟုအော်ရင်း သူတို့ရှိရာ ပြေးလာသည့် အရပ်အလွန်ပုသော လူတဦးကိုတွေ့လိုက်ရသည်။
ရုက္ခစိုး။ ။ ဟာ … ဝန်ကြီး ဦးဆော်ကြမ်းပါလား။ အူယားဖားယား ဘယ်လို ဖြစ်လာတာလဲ။
ဆော်ကြမ်း။ ။ ဘယ်လို ဖြစ်ရမလဲ။ ပေါက်လိုက်တဲ့ ဗုံးတွေဆိုတာ ...။ အခုပဲ တလုံး ထပ်ပေါက်ပြန်ပြီ။
ဖိုးရှုပ်။ ။ အသံတွေကြားနေရပါတယ် မှတ်တာ၊ လတ်စသတ်တော့ ဗုံးပေါက်တာကိုး။ မြန်မာပြည်မှာ ဗုံးတွေ တော်တော် ပေါ … အဲ … ကွဲနေတယ်နော်။
ဦးရုက္ခစိုး။ ။ မြန်မာပြည်က တမျိုးပဲနော် … အပြင်မှာတော့ ပေါက်လိုက်တဲ့ ဗုံးတွေ … သတင်းစာထဲမှာတော့ တည်ငြိမ် အေးချမ်းလို့။
ဖိုးရှုပ်။ ။ ဒါကတော့ ဦးရုက္ခစိုးရယ် အပြင်မှာ မီးတွေ ဒီလောက်ပြတ်နေပေမယ့် သတင်းစာကတော့ လင်းထိန်နေတာပဲ မဟုတ်လား။
ကြွက်စုတ်။ ။ ဒါပေမယ့် ဒီတခုကတော့ နည်းနည်း လွန်သလိုပဲနော် မြန်မာ့အမှောင်ထဲမှာ သမိုင်းတလျှောက် ဒီကာလလောက် တည်ငြိမ်တာ မကြုံဖူးဘူးဆို၊ တည်ငြိမ်ပြီး အေးချမ်း နေတာပဲဆို။
ဆော်ကြမ်း။ ။ ဒါကတော့ လစ်ဗျားတို့၊ အာဖဂန်တို့၊ အီရတ်တို့ထက်စာရင် တည်ငြိမ်တယ်လို့ ပြောတာပါ။ အရှေ့က စာသားတွေက ဆင်ဆာအဖြတ်ကြမ်းပြီး ပါသွားလို့။
ရုက္ခစိုး။ ။ ဦးဆော်ကြမ်း ကြည့်ရတာ တော်တော် အဖြတ်ကြမ်းပုံပဲနော် … အဲ … ဆင်ဆာ ပြောပါတယ်။
ထိုစဉ် တဟီးဟီးနှင့် ငိုချင်းချရင်း “ဟုတ်တယ် … ဟုတ်တယ် … ကျုပ် ရွှေပန်းကို သူဖြတ်တာ” ဟု အော်ဟစ် ရောက်ရှိလာသူ တဦးကို တွေ့လိုက်ရသည်။
ကြွက်စုတ်။ ။ ဟာ လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေပန်းပါလား။ ငိုနေတဲ့ပုံကြီးက ကြည့်မကောင်း လိုက်တာဗျာ။ ပုဆိုးကြီးလည်း စွန်တောင်ဆွဲလို့။
ဖိုးရှုပ်။ ။ ဟုတ်သားပဲ ဦးဆော်ကြမ်းရယ် … ရွှေပန်းကို ဖြတ်တာတော့ မကောင်းပါဘူး။ ပြန်ဆက်ပေးလိုက်ပါ။
ရွှေပန်း။ ။ (ဆောင့်ကြီး အောင့်ကြီး ပုံစံဖြင့်) ဟာ … ဘာတွေ လျှောက်ပြောနေတာလဲ။ ကျုပ်မိန့်ခွန်းထဲက စာသားတွေကို သူ ဖြတ်ပစ်တာလို့ ပြောတာ။
ရုက္ခစိုး။ ။ တော်သေးတာပေါ့ … မိန့်ခွန်း ကယ်ပေလို့။
ဆော်ကြမ်း။ ။ ဒီမှာ ဦးရွှေပန်း … ခင်ဗျားကလည်း စင်တွေ့တာနဲ့ တက်ဟဲချင်တဲ့အပေါက်မျိုး သိပ်မလုပ်ပါနဲ့ဗျ။ ကျုပ်က နောက်ကနေ လိုက်လိုက်ဖြတ်တော့ မီဒီယာ လွတ်လပ်မှုမရှိဘူး အပြောခံရတယ်။
ဦးဆော်ကြမ်းက ခြေဖျားထောက်ကာ ဦးရွှေပန်းအား ကြိမ်းဝါးလိုက်သည်။
ဖိုးရှုပ်။ ။ ဦးဆော်ကြမ်း ပြောသလိုဆို တကယ်တော့ မီဒီယာက လွတ်လပ်တယ်ပေါ့နော်။
ဆော်ကြမ်း။ ။ လွတ်လပ်တယ် မလွတ်လပ်ဘူး ဆိုတာက စိတ်ပါဗျာ။ တရားသဘောနဲ့ ကြည့်စမ်းပါ။ လွတ်လပ်တယ်လို့ စိတ်က မှတ်ရင် လွတ်လပ်တယ်ပေါ့။ ဟုတ်ဘူးလား။
ထိုစဉ် “ဒိုင်း” ဆိုသည့် ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ဦးဆော်ကြမ်း၏ “အောင်မလေး … အဲဒါ ရှမ်းလက်ချက်ဗျ” ဆိုသည့် အသံကြီး ပေါ်ထွက်လာသည်။
ကြွက်စုတ်။ ။ ဟင် … ဒီကနေ ခန့်မှန်းပြီးပြောတာ တယ်လွယ်ပါလား။
နောက်ထပ် တလုံးထပ်ကွဲသံ “ဝုန်း” ခနဲ ကြားရပြန်သည်။
ဆော်ကြမ်း။ ။ လန့်လိုက်တာနော် ကလူကလူ … ဒါက ကချင် လက်ချက်။
ဖိုးရှုပ်။ ။ KNU မဟုတ်တော့ဘူးလား။ အရင်ကတော့ တခုခုကွဲရင် KNU ဆို။
ဆော်ကြမ်း။ ။ KNU ကို ခဏ အနားပေးထားတယ်လေ။ အခုအလှည့်ကျတာကတော့ ကချင်နဲ့ ရှမ်းပဲ ဖြစ်ပါတယ်ခင်ဗျား။
“ဖြောင်းဖြောင်းဖြောင်းဖြောင်း ဖြောင်း”
ဦးဆော်ကြမ်းက အခမ်းအနားတွင် ပြောနေကျ ပုံစံ အကျင့်ပါသွားရာ ဦးရွှေပန်းက ယောင်၍ လက်ခုပ် တီးမိသွားခြင်း ဖြစ်သည်။ သို့ရာတွင် ချက်ချင်း သတိရသွားသော ဦးဆော်ကြမ်းမှာ “ဆင်ဆာ” ဟု အော်လိုက် သဖြင့် ဦးရွှေပန်း၏ လက်ခုပ်သံလည်း တိခနဲ ရပ်သွားတော့သည်။
ရုက္ခစိုး။ ။ အင်း တည်ငြိမ်ပေလို့ပဲနော်။
ဆော်ကြမ်း။ ။ အဲဒါပဲလေ … ဒီလောက် တည်ငြိမ် အေးချမ်းနေတာကို ဗုံးတွေခွဲပြီး တည်ငြိမ်မှု ပျက်ပြားအောင် လုပ်နေတဲ့ သူတွေရှိတယ်ဗျ။ အဲဒီအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က ခရီးထွက်မယ်ဆိုတော့ စဉ်းစားကြည့်လေ။
ရွှေပန်း။ ။ အဲဒါကြောင့် ကျုပ်ပြောတာ ဥပဒေ အပြင်ဘက်မှာ ဘယ်သူမှ နေလို့မရဘူးလို့။
ဆော်ကြမ်း။ ။ ခင်ဗျားက အသာနေစမ်းပါ ကျုပ်စကား မပြီးသေးဘူး။ ဒေါ်အောင်ဆန်းစုကြည် ခရီးထွက်လို့ တခုခု ဖြစ်ရင် ကျုပ်တို့ ခေါင်းပေါ်ကျဦးမှာ။
ဖိုးရှုပ်။ ။ အဲဒါတော့ သေချာတာပေါ့ဗျာ။ တခုခု ဖြစ်လို့ကတော့ ခင်ဗျားတို့ပဲ။
ဆော်ကြမ်း။ ။ အခုလို ဗုံးတွေကွဲနေတော့ မသွားသင့်ဘူးလေ။
ကြွက်စုတ်။ ။ ဒေါ်အောင်ဆန်းစုကြည် ခရီးထွက်ရင် လူထုနဲ့ တသားတည်း ဖြစ်သွားမှာ ကြောက်တယ်လို့ ပြောစမ်းပါဗျာ။
ရုက္ခစိုး။ ။ ဗုံးပေါက်တာကလည်း ဒေါ်အောင်ဆန်းစုကြည် ခရီးထွက်မှာနဲ့ အချိန်ကိုက်ပဲနော်။
ဆော်ကြမ်း။ ။ အဲဒါပြောတာပေါ့ ကျုပ်တို့မှာ အချိန်ကိုက်ဖြစ်အောင် မနည်းဖောက်ရ … အယ် ယောင်ကုန်ပြီ။
ရွှေပန်း။ ။ ပြောတော့ မကြိုက်ဘူး။ သူများကျတော့ အဖြတ်ကောင်း သူ့ကျတော့ ဘရိတ်မအုပ်နိုင်တော့ဘူး။ ဟားဟား ဟားဟား ဟားဟားဟား။
ဦးရွှေပန်းက အတောမသတ် ရယ်နေသည်ကို ဦးဆော်ကြမ်းက “ဆင်ဆာ” ဟု ဘရိတ်အုတ်သော်လည်း မရတော့သဖြင့် ခြေဖျား ထောက်ကာ အတင်းပါးစပ်လိုက်ပိတ်သည်။ တဖန်ဦးရွှေပန်းက ဦးဆော်ကြမ်း၏ ဆံပင်ကို ဆွဲကာ ခေါင်းကို ဖယ်ရင်း နှစ်ဦးသား လုံးထွေးသွားသဖြင့် ဦးရုက္ခစိုးတို့အဖွဲ့လည်း ထိုနေရာမှ အသာလေး လစ်ခဲ့ကြလေတော့သတည်း။
No comments:
Post a Comment