ဦးမျိုး (ဥပဒေ)
လေ့လာသုံးသပ်ချက် စာတမ်း
အစိုးရ၏ အဆင်း
မြေယာ လူတန်းစားအတွင်း၌ အလွှာ ကွဲသထက်ကွဲအောင် လုပ်ရာ၌ အစိုးရ၏ အခန်းကဏ္ဍသည် ကြီးသထက် ကြီးလာသည်။ ယခင်က မြေရှင်သည် လူတန်းစား အလွှာကို စိတ်ဖြာကွဲစေရာ၌ တာဝန်အရှိဆုံး ဖြစ်၏။ သီးစားခကို နင့်နေအောင် ယူလေ၊ အလွှာတွေ လွှာလွှာကျလေ ဖြစ်၏။ အခု အစိုးရက ”အစိုးရ မြေရှင်” State- Landlord အဖြစ် ဆောင်ရွက်လာသောအခါ၌ အစိုးရကို ပေးရသော ”သီးစားခ” (ပုံကတော့ မြေခွန်ပုံ ဖြစ်သည်။ အနှစ်သာရကတော့ သီးစားခ ဖြစ်သည်။ ယခင်က မြေရှင်ကို ပေးရ၏။ ယခု အစိုးရကို ”အခွန်” အဖြစ် ပေးရသည်။) သည်လူတန်းစား အလွှာများ စိတ်ဖြာကြစေရာ၌ ကြီးမားသော အခန်းက ပါဝင်လာမည်မှာ သေချာသည်။
မြေလယ်ယာလုပ်ငန်းမှ ကုန်ထုတ်တန်ဖိုးသည် ”တိုင်းပြည် ကုန်ထုတ်တန်ဖိုး၏ ၄ဝ ရာခိုင်နှုန်း ရှိလေသည်။ လယ်သမားတို့သည် လယ်ယာကုန်ထုတ် တန်ဖိုးကို အကုန်ခံစားကြရသည်မဟုတ်၊ သီးစားခ ပေးရ၏။ ကြွေးမြီများ
ပြန်ဆပ်ရ၏။ အခွန်ဆောင်ရ၏။ မြေခွန်သည် ၅၂-၅၃ ခုနှစ် ၂ ကုဋေနီးပါး ထမ်းဆောင်ရ၏။ မြေခွန်တော် ၂ ဆ သီးစားခ ဖြစ်သောကြောင့် မြေရှင်တို့လက်ထဲ ပေးရသော သီးစားခပေါင်းသည် ၄ ကုဋေ နီးပါးခန့် ရှိသည်ဖြစ်၏။ စစ်မဖြစ်မီက နှစ်စဉ် လယ်သမားတို့က လယ်လုပ်စရိတ်အတွက် ချေးငှားသည့် ငွေမှာ ၁၅ ကုဋေကျော်ဖိုး ဖြစ်၏။ ထို့ကြောင့် သီးစားခ ၄ ကုဋေ၊ မြေခွန်တော် ၂ ကုဋေ၊ ကြွေး ၁၅ ကုဋေပေါင်း ၂၁ ကုဋေကို ” လယ်ယာ လုပ်ငန်း ၏ ကုန်ထုတ်တန်ဖိုး ” ထဲမှ နှုတ်လိုက်ရပေမည်။ ရလဒ်သည် လယ်သမားတို့၏ ဝင်ငွေဖြစ်လိမ့် မည်။ ၅၂- ၅၃ ခုနှစ်က လယ်ယာကုန်ထုတ် တန်ဖိုးသည် ၁၄၃ ကုဋေဖိုးဖြစ်ရာ၊ ၂၁ ကုဋေနှုတ်လျှင် ကျန် ၁၂၂ ကုဋေသည် လယ်သမားတို့၏ ဝင်ငွေ (Farmer’s income) ဖြစ်ပေမည်။ လယ်သမားနှင့် ၎င်းကိုမှီခို စားသောက်နေသူ ဦးရေမှာ ၁၂ သန်းမျှ ရှိမည်ဖြစ်သောကြောင့် လယ်သမား တယောက်၏ ဝင်ငွေသည် ၅၂ - ၅၃ ခုနှစ်မှာ ၁ဝ၂ ကျပ်ပဲရှိပေမည်။
ကိုလိုနီ လက္ခဏာ
အောက်ပါ ၆ ချက်သည် ဘဏ်လုပ်ငန်း၏ ကိုလိုနီ လက္ခဏာများပင် ဖြစ်သည်။
(၁) နယ်ချဲ့နိုင်ငံများ၏ ဗမာပြည်သို့ အရင်းအနှီး တင်ပို့သည့် လုပ်ငန်းနှင့် ကုန်စည်များ တင်ပို့သည့် လုပ်ငန်းကို လွယ်ကူချောမောစေခြင်း။
(၂) မြန်မာပြည်ရှိ မြေရှင်ပဒေသရာဇ် စီးပွားရေးကို ခိုင်မြဲစေခြင်း။ အထူးသဖြင့် ငွေတိုးချေးစား စနစ်ကို ကျေးလက်များတွင် ဖွံ့ဖြိုးစေခြင်း။
(၃) မြန်မာပြည်မှ ကုန်ကြမ်းနှင့် ရိက္ခာများ နယ်ချဲ့နိုင်ငံများသို့ တင်ပို့ရေး လုပ်ငန်းကို လွယ်ကူချော မောစေခြင်း။
(၄) ရုပ်သေးအစိုးရ (သို့မဟုတ်) နယ်ချဲ့သြဇာခံ အစိုးရအား ငွေကြေးထောက်ပံ့ခြင်း။
(၅) တိုင်းပြည်၏ ငွေကြေး အသပြာစနစ်နှင့် ဘဏ္ဍာရေးကို ကြိုးကိုင်ခြယ်လှယ်ခြင်း။
(၆) တိုင်းရင်းသား အရင်းရှင်တို့၏ ငွေပင်ငွေရင်းများကို စုစည်းကာ နိုင်ငံခြား ကူးသန်းရောင်းဝယ်ရေး လုပ်ငန်းတွင်
မ’ တည်မြှုပ်နှံစေခြင်းတို့ပင် ဖြစ်သည်။
တိုင်းပြည်၏ စီးပွားရေး အာဏာဟူသည် ဘဏ်လုပ်ငန်းနှင့် အခြားသော အချက်အချာကျသည့်လုပ်ငန်း Key industries တို့တွင် တည်ရှိ၏။ ထို့ကြောင့် ဘဏ်လုပ်ငန်းသည် နိုင်ငံခြား အရင်းရှင်များလက်ထဲ တည်ရှိခြင်းသည် တိုင်းပြည်၏ ကြီးမားသော စီးပွားရေး အာဏာသည် ၎င်းတို့ လက်ထဲ၌ ရောက်နေခြင်းပင် ဖြစ်လေသည်။
၁၉၄၇ ခုနှစ် မြန်မာနိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတွင် မြေဟူသမျှ နိုင်ငံတော်အစိုးရက ပိုင်ဆိုင်ကြောင်းပြဋ္ဌာန်း ထားလေ သည်။ မြေရှင်များ၏ လယ်ယာမြေများကို အချိန်မီ မချဘဲ ထားခဲ့လျှင် အစိုးရက ထိုလယ်ယာများကို ခေတ္တသိမ်းယူပြီး တောင်သူ လယ်သမား များအား ဝေငှရမည်ဖြစ်ကြောင်း ၂ နှစ် စီမံကိန်းတွင် ထည့်သွင်းဖော်ပြထားလေသည်။ စစ်မဖြစ်မီက မြန်မာနိုင်ငံသည် တနှစ်လျှင် နိုင်ငံခြားသို့ ဆန်တန်ချိန်ပေါင်း ၃ ၅ဝဝ ဝဝဝ မျှ တင်ပို့နိုင်ခဲ့သည်။ ၁၉၄၇-၄၈ ခုနှစ်တွင်ကား လယ်ဧက ၉ ဝဝဝ ဝဝဝ သာ လုပ်ကိုင်နိုင်၍ နိုင်ငံခြားသို့ ဆန်တန်ချိန်ပေါင်း ၁ ၅ဝဝ ဝဝဝ သာ တင်ပို့နိုင်မည်ဟု ခန့်မှန်းထားသည်။
၁၉၄၈၊ ၄၉၊ ၅ဝ ခုနှစ်များ၏ ပြည်တွင်းစစ် အခြေအနေ၏ လက်တွေ့သရုပ်မှာ စိုက်ပျိုးနိုင်သော မြေဧရိယာ၏ ၃၅
ရာနှုန်း ပလပ်သွားရခြင်း၊ လူဦးရေ ၃ သန်းခန့် အိုးမဲ့အိမ်မဲ့ ဖြစ်သွားရခြင်း၊ ပြည်သူ ၂၂ ဝဝဝ နှင့် အစိုးရ၏ စစ်ဖက်နှင့် မြို့ပြဘက် အမှုထမ်း ၅၇ဝဝ အသက်ဆုံးရှုံးရခြင်း၊ အစိုးရပစ္စည်း တန်ဖိုးဒေါ်လာ ၅ သန်း၊ ပြည်သူတို့၏ ပစ္စည်း တန်ဖိုး ဒေါ်လာ ၉၅ သန်း ဆုံးရှုံးခဲ့ရကြောင်းဖြင့် မြန်မာပြည်အကြောင်း စာအုပ်များကို ရေးသားသူ အမေရိကန် စာရေးဆရာကြီး ဗတ်ဝဲ Butwell က စုဆောင်းဖော်ပြခဲ့ဖူးပေသည်။
၁၉၄၈ မှ ၁၉၅၅ ခုအထိ လွတ်ငြိမ်းချမ်းသာခွင့်ဆိုသည့် အမိန့်မျိုး ၄ ကြိမ်တိုင်တိုင် ထုတ်ပြန်ခဲ့လေသည်။ အနှစ် သာရမှာ လက်နက်ချကြ ဟူ၍ပင် ဖြစ်ခဲ့ပေသည်။ အမျိုးသား လွတ်လပ်ရေး တိုက်ပွဲဝင် အင်အားစုများ အချင်းချင်း နိုင်ငံရေး သဘောကွဲလွဲမှုကြောင့် ဖြစ်ပေါ်ခဲ့ရသော ပဋိပက္ခကို အမျိုးသား ငြိမ်းချမ်းရေး၊ ညီညွတ်ရေး အကျိုးစီးပွားအတွက် နိုင်ငံရေးအရ ပြေလည်စွာ မျက်နှာစုံညီ ဖြေရှင်းရမည်ဟု သဘောမထားနိုင်တော့၊ မကြိုးပမ်းနိုင်တော့ နယ်ချဲ့မျက်နှာကိုသာ ထောက်၍ နယ်ချဲ့တို့ အလွန်ကြိုက်တတ်သည့် ဝါဒဖြစ်သော “ကွန်မြူနစ်များနှင့် စာရင်းအပြတ်ရှင်း၍ အပြုတ်တိုက်ရမည်” ဟုသာ သဘောထားလာလေသည်။
ဤသို့သော အခြေအနေတွင် ဥပဒေတွင်း၌ အင်အားကောင်းသော ဒီမိုကရေစီ အတိုက်အခံ အဖွဲ့တရပ်သည်ပေါ်ပေါက်လာခဲ့ပေသည်။ ယင်းမှာ ၁၉၅ဝ ခုနှစ် ဒီဇင်ဘာလတွင် လက်ယာဆိုရှယ်လစ် ဖဆပလ အတွင်းမှ ယင်း၏ ဖောက်ပြန်လာသော ပြည်တွင်းပြည်ပ ဝါဒများကို အတိုက်အခံပြု၍ ထွက်လာခဲ့သော ”ဗမာပြည် အလုပ်သမား လယ်သမားပါတီ” ပင် ဖြစ်ပေသည်။ ပါတီသစ်ကို ဖွဲ့စည်းပြီးကြောင်း ကြေညာလိုက်လျှင်ပင် ပါတီ၏ ဦးစီး အဖွဲ့ဝင်များဖြစ်သော ပျဉ်းမနားခရိုင်မှ ရဲဘော်ဗချိုနှင့် ရဲဘော်လှဒင်ကြီးတို့အား လက်ယာ ဆိုရှယ်လစ် ဂိုဏ်းသားများက လူပုံအလယ်တွင် မော်တော်ကားနှင့် ရက်စက်စွာ တိုက်သတ်ခဲ့ပေသည်။ ရဲဘော်ဗချိုမှာ ပွဲချင်းပြီး သေဆုံး၍ ရဲဘော်လှဒင်ကြီးမှာ ပြင်းထန်စွာ ဒဏ်ရာရခဲ့လေသည်။
ထိုစဉ်မှစ၍ ဗမာပြည် အလုပ်သမား လယ်သမား ပါတီသည် ဥပဒေတွင်း အလုပ်သမား လူတန်းစား ပါတီတရပ်အဖြစ် မားမားမတ်မတ် ရပ်တည်၍ ၁၉၆၄ ခုနှစ်အထိ ၁၄ နှစ်ပတ်လုံး ပြည်သူတို့၏ အတိုက်အခံ ဒီမိုကရေစီ တပ်ပေါင်းစုကြီး၏ ကျောရိုးမဏ္ဍိုင်အဖြစ် ရာဇဝင်ပေး တာဝန်ကို ထမ်းဆောင်ခဲ့ပေသည်။
နိုင်ငံရေး ခေါင်ထိပ်က မိုးမလုံသောအခါ ”တံစက်မြိတ်” မျှသာ ဖြစ်သော အုပ်ချုပ်ရေး အမှုထမ်း၊ အရာထမ်းများ အတွင်း အကျင့်စာရိတ္တ ပျက်ပြားမှု၊ လာဘ်စားမှုများမှာ ကြောက်ခမန်းလိလိ ဖြစ်ပေါ်လာခဲ့ပေသည်။ သာဓကတခုမှာ ၁၉၅ဝ မှ ၁၉၅၇ မတ်လကုန်ထိ ပြည်သူ့ပစ္စည်း အလွဲသုံးစားမှုကြီးများမှာ အမှုကြီးပေါင်း ၃၉၁ မှု ရှိခဲ့ပြီး၊ ငွေပေါင်း ၇၁ သိန်း ၅ သောင်းကျော် ဆုံးရှုံးခဲ့ရလေသည်။ တဖန် ၁၉၅၃ ခုနှစ် မတ်လ ၁၆ ရက်မှ သြဂုတ်လ ၆ ရက်အထိ စ လေးလုံး စာရင်းအရဆိုလျှင် အမှုကြီးပေါင်း ၁၁၆ မှု ပါဝင်သည့် အမှုထမ်းပေါင်း ၂၂၅ နှင့် ယိုဖိတ်မှုတွင် ပါဝင်သည့် တန်ဖိုး ငွေပေါင်း ၄၁၆ ၂၄၉ ဝ၇၃ ကျပ်ဟု သက်ဆိုင်ရာ အစီရင်ခံစာတွင် ဖော်ပြဖူးပေသည်။
No comments:
Post a Comment