ထက်အောင်
ထားဝယ်အထူးစီးပွားရေးဇုန်နှင့် လူထုလူ့အဖွဲ့အစည်းများရဲ့ အခန်းကဏ္ဍ
ထားဝယ်ရေနက်ဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုန် စီမံကိန်းရဲ့ ကြီးမာတဲ့ ပမာဏအတိုင်းအတာ၊ လာရောက်ရင်းနှီးမြှုပ်နှံကြမယ့် လုပ်ငန်းအမျိုးအစားများကြောင့် ဖြစ်ပေါ်နိုင်တဲ့ မြန်မာနိုင်ငံနဲ့ ပြည်သူအပေါ် သက်ရောက်နိုင်တဲ့ ကောင်းကျိုးဆိုးပြစ်တွေကို သုံးသပ်တင်ပြခဲ့ပြီး ဖြစ်ပါတယ်။ ဤအခန်းဆက်ဆောင်းပါး နိဂုံးအနေဖြင့် ဒီစီမံကိန်းကြောင့် ကောင်းကျိုးတွေ ပိုများပြီး ဆိုးပြစ်တွေ နည်းပါးအောင်ဆောင် ရွက်ဖို့ အစိုးရ တရပ်တည်းနဲ့ မလုံလောက်ဘဲ ဒေသခံလူထု လူ့အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍဟာ အလွန်အရေးကြီးကြောင်း ထောက်ပြလိုပါတယ်။
မြစ်ဆုံဆည် စီမံကိန်းကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ ဆိုးကျိုး သက်ရောက်မှုကို မြန်မာပြည်သူတွေ ကိုယ်စား လူ့အဖွဲ့အစည်းတွေက ကန့်ကွက်လှုပ်ရှားမှုတွေကို ငြိမ်းချမ်းတဲ့နည်းနဲ့ အောင်အောင်မြင်မြင် လုပ်ဆောင်နိုင်ခဲ့တာ နမူနာကောင်းတရပ် ဖြစ်လာပါတယ်။
အစိုးရသစ်ဘက်ကလည်း ဘယ်တုန်းကမှ မလုပ်ဖူးတဲ့ လူထုရဲ့ဆန္ဒကို နားထောင်ပြီး စီမံကိန်းကို ရပ်ဆိုင်းခဲ့တယ်။ ဒီလိုရလဒ် ပေါ် ထွက် လာတာဟာ အစိုးရနဲ့ လူထု လူ့အဖွဲ့အစည်းတွေအကြား လွန်ခဲ့တဲ့ နှစ် ၂၀ အတွင်း ရှားပါးတဲ့ နားလည်မှုတခု ရရှိလိုက်တာ ဖြစ်တဲ့အတွက် အားတတ်စရာ ဖြစ်ခဲ့ရတယ်။
ဒါပေမယ့် ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းဟာ မြစ်ဆုံဆည်စီမံကိန်းနဲ့ သဘောသဘာဝခြင်း မတူညီတဲ့အလျောက် စီမံကိန်းကြောင့် ဖြစ်ပေါ်လာမယ့် သက်ရောက်မှုတွေဟာလည်း ကောင်းကျိုးနဲ့ ဆိုးပြစ် ရောထွေးနေရာ အစိုးရနဲ့ ရင်းနှီးမြှုပ်နှံသူတွေအကြား ဆက်ဆံရေး၊ အစိုးရနဲ့ လူထု လူ့အဖွဲ့အစည်းတွေအကြား ဆက်ဆံရေး ကဏ္ဍအသီးသီးမှာ စိန်ခေါ်မှုတွေ ရှိလာနိုင်ပါတယ်။
ထားဝယ်ရေနက်ဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုန် စီမံကိန်းကြောင့် ခေတ်မီစက်မှု မြို့ပြတခုရဲ့ အခြေခံအဆောက်အအုံတွေ ဖြစ်ထွန်းလာမှု၊ အလုပ်အကိုင်အသစ်တွေ ဖန်တီးပေးနိုင်မှု၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု စတဲ့ အကောင်းမြင် မျှော်လင့်ချက်တွေကို အစိုးရနဲ့ စီးပွားရေးအ သိုင်းအဝန်းက တဖက်ကနေ အလေးထားပြောဆိုနေကြပါတယ်။
တဖက်မှာလည်း စီမံကိန်းဒေသအတွင်း ရာစုနှစ်နဲ့ချီ တည်ရှိနေပြီး အကြောင်းအမျိုးမျိုးကြောင့် ထုတ်ဖော် မှတ်တမ်း မတင်နိုင်သေးတဲ့ ရှေးမြို့ဟောင်းတွေနဲ့ ယဉ်ကျေးမှုအမွေအနှစ် နေရာတွေ၊ ထားဝယ်ဒေသခံတွေရဲ့ ရိုးရာယဉ်ကျေးမှု ထုံးဓလေ့တွေနဲ့ ဗုဒ္ဓဘာသာယဉ်ကျေးမှု အဆောက်အအုံတွေနဲ့ ဘုန်းတော်ကြီးကျောင်း အခြေခံ လူမှု စုစည်းမှုတွေ၊ လယ်ယာ စိုက်ပျိုးရေး အခြေခံ ကျေးလက်ဒေသ စီးပွားရေး အဆောက်အအုံနဲ့ ရိုးရာစီးပွားရေးလုပ်ငန်းတွေ ပျက်စီးကုန်မှာကို စိုးရိမ်ပြီး လူ့အဖွဲ့အစည်းက စတင် လှုပ်ရှား ဆောင်ရွက်မှုတွေ ရှိနေပါ ပြီ။
ပြီးခဲ့တဲ့ ဒီဇင်ဘာလလယ်မှာ ထားဝယ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (Dawei Development Association – DDA) ဆိုပြီး ဒေသခံတွေ ဦးဆောင်ဖွဲ့စည်းတဲ့ အဖွဲ့တခုဟာ ရန်ကုန်မြို့မှာ သတင်းစာရှင်းလင်းပွဲတခု လုပ်ခဲ့တာ သတိထားမိလိုက်ပါတယ်။ အဲ့ဒီအဖွဲ့ဟာ ထားဝယ်ဒေ သမှာ ရေနက်ဆိပ်ကိမ်းနဲ့ စက်မှုဇုန်တည်ဆောက်မှာကို မကန့်ကွက်ပေမယ့် ဒေသခံ ပြည်သူလူထုအကျိုး ထိခိုက်စေမယ့်အရာတွေ ဖြစ်ပေါ်လာမှာကိုတော့ စိုးရိမ်ကြောင်း ဖော်ပြခဲ့ကြပြီး အစိုးရနဲ့ရော ထားဝယ်မှာ လာရောက် ရင်းနှီးမြှုပ်နှံကြမယ့် လုပ်ငန်းရှင်တွေနဲ့ပါ ပူးပေါင်းပြီး နှစ်ဖက် အကျိုးဖြစ်ထွန်းစေမယ့် ဒေသခံတွေ ထိခိုက်နစ်နာမှု မရှိတဲ့ နည်းလမ်းတွေ ရှာဖို့ ပူးပေါင်းဆောင်ရွက်လိုကြောင်း ကမ်းလှမ်းခဲ့ပါတယ်။
ဒါဟာ ထားဝယ် စက်မှုဇုန်စီမံကိန်းနဲ့ ပတ်သက်ပြီး ပထမဆုံးပေါ်ထွက်လာတဲ့ လူ့အဖွဲ့အစည်းတရပ်ဖြစ်ပြီး အစိုးရဘက်က အဖွဲ့ရဲ့ လှုပ်ရှားမှုကို တားမြစ်မှု မပြုခဲ့သလို ၎င်းတို့ဆန္ဒအပေါ် တုံ့ပြန်မှုလည်း မပြုသေးပါဘူး။ စစ်အုပ်ချုပ်ရေး လက်ထက်နဲ့ နှိုင်းယှဉ်ရင် ဒီလို အဖွဲ့ ဖွဲ့စည်းပြီး သတင်းစာရှင်းလင်းပွဲ လုပ်နိုင်ခဲ့တာ လက်ရှိ အစိုးရလက်ထက်မှာ တိုးတတ်မှု တခုလို့ မြင်ပါတယ်။
ဒီလိုအခြေအနေမှာ အကျိုးစီးပွားဆိုင်ရာ အုပ်စုတွေ (Interest Groups) အကြား တန်ဖိုးများနဲ့ အမြင်သဘောထားများ ကွာခြားနေမှုကို ဘယ်လိုနည်းလမ်းတွေနဲ့ ညှိနှိုင်းရယူနိုင်မလဲဆိုတာ အရေးကြီးပါတယ်။ တန်ဖိုးထားမှုနဲ့ အမြင်သဘောထား ကွာခြားမှုကို ရှင်းလင်းပြတ်သားစွာ မြင်နိုင်ပါမှ နောက်ဆက်တွဲ ညှိနှိုင်းအဖြေရှာရမယ့် နည်းလမ်းတွေကို စဉ်းစားနိုင်မှာ ဖြစ်ပါတယ်။
အစိုးရနဲ့ ရင်းနှီးမြှုပ်နှံသူတွေဘက်က ရှုမြင်တာက ထားဝယ်ဒေသဟာ ရုပ်ပိုင်းဆိုင်ရာအရ ခေတ်မီရေး လမ်းကြောင်း (Modernization) နဲ့ အလွန် အလှမ်းကွာဝေးနေတဲ့ ဒေသတခုဖြစ်နေပေမယ့် တနင်္သာရီကမ်းလွန်က သဘာဝဓာတ်ငွေ့သိုက်ကြီးနဲ့ ကမ်းရိုးတန်းတလျှောက် တည်ရှိတဲ့ သဘာဝရင်းမြစ်တွေကို အရင်းတည်ပြီး မြို့ပြအခြေခံ ခေတ်မီ အဆောက်အအုံတွေနဲ့ အတူ စက်မှုဇုန်တခုကို အဲ့ဒီဒေသမှာ တည်ဆောက်ပေးတာဟာ ဒေသဖွံ့ဖြိုးရေးအတွက်ရော၊ နိုင်ငံအဆင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အတွက်ပါ ကြီးမားတဲ့ ဆုလာဘ်ကြီးတခု ဖြစ်တယ်လို့ မြင်ပါတယ်။
ဒီလိုရှုမြင်တာကလည်း အကြောင်းမဲ့မဟုတ်ပါဘူး။ ၁၉၈၀ နဲ့ ၁၉၉၀ ကျော်ကာလတွေအတွင်း ဒေသတွင်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွေ ကို ကြည့်ရင် ဥပမာ တရုတ် ထိုင်းနဲ့ မလေးရှားတို့လည်း နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုတွေ တိုင်းပြည်ထဲ အလုံးအရင်းနဲ့ စီးဝင်လာပြီး အချိန်တိုအတွင်း စီးပွားရေး တိုးတတ်လာအောင် စက်မှုဇုန်တွေ ထူထောင်၊ စီးပွားရေးအကျိုးအမြတ် မက်လုံးတွေပေးပြီး ဒီလိုပဲ စတင် လုပ်ဆောင်ခဲ့ကြတယ်။
အထူးစီးပွားရေးဇုန် မိုဒယ် (Model) ခေတ်စားလာခဲ့တာ နှစ်ပေါင်း ၃၀ ကျော်လာချိန်မှာ စီးပွားရေးအရ ကြီးမာတဲ့ တိုးတက်ပြောင်းလဲမှုတွေ တွေ့မြင်ခဲ့ရပေမယ့် တဖက်မှာ ဆိုးပြစ်တွေဖြစ်တဲ့ လူမှုရေး၊ ကျန်းမာရေးနဲ့ သဘာဝဝန်းကျင် ပြဿနာတွေက ကြီးမားပြီး ခံစားရသူတွေက ရင်းနှီးမြှုပ်နှံသူတွေမဟုတ်ဘဲ ဒေသခံပြည်သူတွေဖြစ်နေတော့ အစိုးရတွေအနေနဲ့ ရင်းနှီးမြှုပ်နှံသူတွေဘက် လိုက်မလား၊ ပြည်သူတွေဘက် လိုက်မလားဆိုတာ တကယ့် အကျပ်အတည်း ဖြစ်စေပါတယ်။
ထိုင်းနိုင်ငံရဲ့ ဥပမာကို ပြန်ကြည့်ရင် အစိုးရအနေနဲ့ ရင်းနှီးမြှုပ်နှံသူတွေဘက်က ဘက်လိုက် ရပ်တည်ခဲ့တာ များပါတယ်။ ထိုင်းဘတ်ငွေ ဘီ လီယံနဲ့ချီ ရင်းနှီးမြှုပ်နှံပြီး စက်ရုံကြီးတွေ တည်ဆောက်ပြီးခါမှ လူထု ကျန်းမာရေးကြောင့် သို့မဟုတ် သဘာဝဝန်းကျင် ပျက်စီးမှုကြောင့် ဖျက်သိမ်းရမယ်ဆိုရင် တိုင်းပြည်စီးပွားရေးကို ထိခိုက်သလို ပြည်ပရင်းနှီးမြှုပ်နှံသူတွေ ယုံကြည်မှု ပျက်ပြားပြီး ထပ်မံလာရောက် ရင်းနှီးမြှုပ်နှံမှု မလုပ်မှာကို ထိုင်းအစိုးရက အလွန်စိုးရိမ်ပါတယ်။
ဒီလို အစိုးရက စီးပွားရေး လုပ်ငန်းရှင်တွေဘက်က ရပ်တည်တော့ ဒေသခံပြည်သူတွေက လူမှုပြဿနာတွေ ပိုပြီး ခံစားကြရတယ်။ အဲ့ဒီမှာတင် ရေနံနဲ့ ဓာတုဗေဒအခြေခံ စက်မှုလုပ်ငန်းတွေနဲ့ ကျောက်မီးသွေးလို ညစ်ညမ်းလောင်စာတွေကြောင့် ဖြစ်ပေါ်နေတဲ့ ကျန်းမာရေးနဲ့ ပတ်ဝန်းကျင် ပြဿနာတွေကို သိပ္ပံနည်းကျ စမ်းသပ်ဖော်ထုတ်ပြီး ဒေသခံလူထုကို အသိပေး လုပ်ဆောင်တဲ့ လူထု အခြေပြု လူမှုအဖွဲ့အစည်းတွေ အားကောင်းစွာ ပေါ်ပေါက်လာပါတယ်။
ထိုလူမှုအဖွဲ့အစည်းတွေက စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ အမြတ်ရရှိရေးသက်သက် ကိုယ်ကျိုးရှာ စီးပွားရေးကိုသာ စောင်းပေးလုပ်ဆောင် ပြီး ကော်ပိုရေးရှင်းကြီးများရဲ့ လူမှုကျင့်ဝတ် (Corporate Social Responsibility – CSR) ပျက်ကွက်မှုတွေနဲ့ အစိုးရက ဥပဒေစိုးမိုးရေးကို တိတိကျကျ အကောင်အထည်ဖော်ဖို့ တာဝန်ပျက်ကွက်မှုတွေကို ထောက်ပြ ဝေဖန်လာကြရာက အစိုးရနဲ့ လူထု လူ့အဖွဲ့အစည်းတွေအ ကြား၊ စီးပွားရေးလုပ်ငန်းတွေနဲ့ လူအဖွဲ့အစည်းတွေအကြား နားလည်မှု လွဲမှားမှု၊ မယုံကြည်မှုနဲ့ မုန်းတီး လက်စားချေမှုတွေ အထိ ဖြစ်ပေါ်လာပါတယ်။
လူထုအရေးလှုပ်ရှားသူများ (Social Activistists) ကို ကော်ပိုရေးရှင်းကြီးတွေက သူတို့ ထမင်းအိုး ခွဲသူတွေအဖြစ် မြင်လာကြတယ်။ လူ ထု ဘက်က ရပ်တည် လှုပ်ရှားသူတွေဟာ လုပ်ကြံ သတ်ဖြတ်ခံရတဲ့အထိ အခြေအနေဆိုးတွေနဲ့ ရင်ဆိုင်ကြရတယ်။
အမေရိကန်အခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့ (Human Right Watch)ရဲ့ စာရင်း ဇယားအရ ၂၀၀၁ မှ ၂၀၁၁ အ တွင်း ထိုင်းနိုင်ငံမှာ သဘာဝဝန်းကျင် ထိန်းသိမ်းရေးနဲ့ လူ့အခွင့်အရေးလှုပ်ရှားသူ အယောက် ၂၀ ကျော် လုပ်ကြံသတ်ဖြတ်ခံရပြီး မှုခင်းအများစုမှာ တရားခံကို မဖော်ထုတ်နိုင်ခဲ့ပါဘူး။
နောက်ဆုံးဖြစ်သွားတဲ့ ဖြစ်ရပ်ကတော့ ဘန်ကောက်မြို့တော်နဲ့ ကပ်လျက် စက်မှုလုပ်ငန်း အများစုတည်ရှိရာ Samut Sakhon ပြည်နယ်က လူသိများတဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးလှုပ်ရှားသူ Thongnak Sawekchinda ကို အမည်မသိ သေနတ်သမားက ၂၀၁၁ ခုနှစ် ဇူလှိုင် လ ၂၈ ရက်နေ့မှာ ၎င်းနေအိမ်အရှေ့မှာ အချက်ပေါင်းများစွာ ပစ်သတ်ခဲ့ပါတယ်။
Thongnak Sawekchinda ဟာ Samut Sakhon ဒေသမှာ ကျောက်မီးသွေး သုံးစွဲမှုနဲ့ ဖြတ်သန်းသယ်ဆောင်မှုတွေကြောင့် လူထု ညစ် ညမ်းမှု ဖြစ်ပေါ်နေတာကို ဆန့်ကျင်လှုပ်ရှားမှုမှာ ခေါင်းဆောင်တဦးဖြစ်ပြီး လူသိများသူတဦး ဖြစ်ပါတယ်။ ထိုအမှုကို ထိုင်းသတင်းစာများက အကြီးအကျယ် ရေးသားဖော်ပြခဲ့ကြတယ်။
မြန်မာနိုင်ငံဟာလည်း လက်ရှိ စီးပွားရေး အခြေအနေကနေ တိုးတက်အောင် ဒေသတွင်း နိုင်ငံတွေရဲ့ နည်းလမ်းအတိုင်း လိုက်ဖို့ ပြင်ဆင် လာတာ အစိုးရ တရပ်အတွက် မှန်ကန်တဲ့ ရွေးချယ်မှု ဖြစ်နိုင်ပေမယ့် အိမ်နီးချင်းနိုင်ငံတွေက လွန်ခဲ့တဲ့ နှစ် ၃၀ အတွင်း ကြုံတွေခဲ့တဲ့ ဖြစ် ရပ်တွေကို နမူနာယူပြီး ထားဝယ်ဒေသမှာ ရင်းနှီးမြှုပ်နှံလာမယ့် စက်မှုလုပ်ငန်း အမျိုးအစားတွေထဲက ပြည်သူလူထုအတွက် အမှန်တ ကယ် အကျိုးဖြစ်ထွန်းမယ့် လုပ်ငန်းမျိုးကိုသာ စနစ်တကျ ရွေးချယ် လက်ခံသင့်ပါတယ်။
မြန်မာစကားပုံမှာ ပြုပြီး ပြင်ရခက်တဲ့ အရာတွေထဲ ဘုရားတည် ကျောင်းဆောက်တာပါ ပါတယ်။ ထိုစကားပုံကို နမူနာယူပြီး စက်မှုဇုန်တခု တည်ဆောက်ပြီးရင် ပြင်ဆင်ဖို့ ခက်ခဲတာကို ထိုင်းနိုင်ငံက မယ့်တဖွတ် (Map Ta Phut) စက်မှုဇုန်ကို နမူနာကြည့်ပြီး ထားဝယ်ဒေသကို ဓာတုဗေဒအဆိပ်ငွေ့တွေ လွှမ်းခြုံနေတဲ့ဒေသ တခုအဖြစ် ရောက်ရှိ မသွားအောင် မတည်ဆောက်ခင်ကတည်းက နည်းလမ်းအားလုံးကို အမြော်အမြင်ရှိရှိ တွက်ချက်စဉ်းစား ဆောင်ရွက်သင့်ပါတယ်။
ရှေ့အနာဂတ်မှာ မြန်မာနိုင်ငံဟာ ဒေသတွင်းရော ကမ္ဘာ့စီးပွားရေး ဈေးကွက်တွေနဲ့ပါ ပိုပြီး ချိတ်ဆက် ဆောင်ရွက်လာတာနဲ့အမျှ အင်အားကောင်းတဲ့ လူ့အဖွဲ့အစည်း (Civil Society) တရပ် လိုအပ်ပါတယ်။ လူထု လူ့အဖွဲ့အစည်းတွေဟာ ပြည်သူတွေရဲ့ စိုးရိမ်မှုတွေ အစိုးရ လက်လှမ်းမမီတဲ့ အောက်ခြေ လူထုအတွင်း ခံစားကြရတဲ့ ဖြစ်ရပ်တွေကို လေ့လာဖော်ထုတ် ပေးနိုင်တဲ့အတွက် အစိုးရရဲ့ လုပ်ငန်းတွေကို အထောက်အကူ ပြုခြင်းသာဖြစ်ပြီး အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍကို မြှင့်တင်ပေးတာနဲ့ ၎င်းတို့ရဲ့စကားကို အစိုးရ တရပ်အနေနဲ့ လက်ခံ နားထောင်ပြီး သင့်လျော်တဲ့ ထိန်းကျောင်းမှုတွေ လုပ်မယ်ဆိုရင် စီးပွားရေးတံခါးဖွင့်ပြီး ဖြစ်ပေါ်လာနိုင်တဲ့ အကျိုးအမြတ် သက်သက်ကို ကြည့်ရာမရောက်တော့ဘဲ ရေရှည်ဖွံ့ဖြိုးတိုးတက်မှု (Sustainable Development) ကို အမှန်တကယ် ဦးတည်နိုင်မှာ ဖြစ်ပါတယ်။
No comments:
Post a Comment