
ရုပ်ရှင်သရုပ်ဆောင်နှင့် တေးသံရှင်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကိုယ်စားပြု မြန်မာပြည် အလယ်ပိုင်း ရွေးကောက်ပွဲ ပညာပေး ခရီးစဉ်ကို ခေတ္တ ရွှေ့ဆိုင်းထားလိုက်သည်ဟု ပညာပေးခရီးစဉ် သွားရောက်မည့် ဒါရိုက်တာ ဝိုင်း က ပြောသည်။
မတ်လ ၁၁ ရက်နေ့မှ ၁၄ ရက်နေ့အထိ ပြင်ဦးလွင်၊ စစ်ကိုင်း၊ ပုလဲနှင့် ပခုက္ကူ မြို့နယ်များသို့ အနုပညာရှင် ဝိုင်း၊ လူမင်း၊ ဝေဋ္ဌုကျော်၊ ရဲ တိုက်၊ ထွန်းအိန္ဒြာဗို၊ ချစ်သုဝေ တို့ သွားရောက်မည့် ရွေးကောက်ပွဲ ပညာပေး ခရီးစဉ်သည် တက္ကသိုလ်ဝင်တန်း စာမေးပွဲများ စစ်ဆေး နေချိန်နှင့် တိုက်ဆိုင်နေသဖြင့် မတ်လကုန်ပိုင်းသို့ ရွှေ့ဆိုင်း ထားလိုက် ကြောင်း ဒါရိုက်တာ ဝိုင်းက ပြောသည်။
“ကျနော်တို့ကို ခေတ္တရွှေ့ဆိုင်းထားဖို့ NLD က အကြောင်းကြားလာပါတယ်။ ရက်ရွှေ့လိုက်တယ်ပေါ့။ ၂၇၊ ၂၈၊ ၂၉၊ ၃၀ လောက်မှ ကျ နော်တို့ သွားဖြစ်ပါတော့မယ်” ဟု မဇ္ဈိမကို ပြောသည်။
မဲဆွယ်စည်းရုံးခြင်း (သို့မဟုတ်) ပညာပေးခြင်း အစီအစဉ်များအတွင်း အသုံးပြုရမည့် အသံချဲ့စက်များကြောင့် ကျောင်းသား များအား အနှောက် အယှက် မဖြစ်စေ လို၍ ရွှေ့ဆိုင်းလိုက်ကြခြင်း ဖြစ်ကြောင်းလည်း NLD ရွေးကောက်ပွဲ အောင်နိုင် ရေး မန်နေဂျာ ဦးဉာဏ်ဝင်း က ပြောသည်။
“မဲဆွယ်စည်းရုံးရေး၊ ဖျော်ဖြေရေးတွေမှာ အသံချဲ့စက်တွေ သုံးရမယ်။ အဲဒီတော့ စာမေးပွဲကာလမှာ သူတို့လည်း မပေးဘူး။ ကျနော်တို့လည်း မလျှောက် သင့်ဘူးလေ။ အဲဒါကြောင့် ကျနော်တို့က ကိုယ့်အသိစိတ်နဲ့ကိုယ် ရက်တွေ ရွေ့ပြီး တော့ လုပ်နေ ကြတာ” ဟု မဇ္ဈိမကို ပြောသည်။ တက္ကသိုလ်ဝင်တန်း စာမေးပွဲများမှာ မတ်လ ၁၂ ရက်နေ့မှ ၂၂ ရက်နေ့အထိ ကျင်းပနေခြင်း ဖြစ်သည်။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ထုတ်ပြန်သည့် ကြေညာချက်အမှတ် ၉၁/၂ဝ၁ဝ ၏ အပိုဒ် ၄ (ဃ) တွင် “အစိုးရရုံးများ၊ အဖွဲ့အ စည်းများ၊ စက်ရုံ၊ အလုပ်ရုံနှင့် အလုပ်ဌာနများ၊ ဈေးများ၊ အားကစားကွင်းများ၊ သာသနာရေးနှင့် ဆိုင်သည့် နေရာများ၊ စာသင်ကျောင်း များနှင့် ပြည်သူ့ ဆေးရုံ များ စသည့် လူစုလူဝေးရှိသည့် နေရာများကို အနှောက် အယှက် မဖြစ်စေရန်” ရွေးကောက်ပွဲ ကော်စားလှယ် လောင်းများမှ မဲဆွယ်စည်းရုံးရမည် ဟုလည်း ဖေါ်ပြထားသည်။
အနုပညာရှင်များ သွားရောက်ပညာပေးမည့် ခရီးစဉ်အတွင်း ပြည်သူများကို မျိုးချစ်စိတ်ဓာတ်နှင့် ခွန်အားပေးမည့် သီချင်းများ ဖျော်ဖြေ ရန် ပြင်ဆင်ထားကြပြီး ပယ်မဲမဖြစ်ရန်၊ ကြိုတင်မဲနှင့် ပတ်သက်၍ သိရှိသင့်သည့် အချက်များကို ကိုယ်တိုင် ဇာတ်ညွန်းရေးကာ ပြဇာတ် အဖြစ်လည်း ကပြသွားမည်ဟု ဝိုင်း က ပြောသည်။
အစိုးရ၏ ဝါဒဖြန့်ကားများ ရိုက်ကူးပေးရန် အနုပညာရှင်များကို ဖိအားပေးခိုင်းစေခြင်းနှင့် ယခုသွားရောက်မည့် ရွေးကောက်ပွဲ ပညာပေး ခရီးစဉ် ကွာခြား ပုံကိုလည်း ဒါရိုက်တာဝိုင်းက “အရင်တုန်းကလိုမျိုး ကျနော်တို့က တဖက်သတ်ကြီး ငါ့စကားနွားရ ပြောမှာလည်း မဟုတ် ဘူး။ ဖြစ်သင့်ဖြစ်ထိုက်တာနဲ့ အမှန်တွေကိုပဲ ကျနော်တို့ ပြဇာတ်ထဲမှာ တင်ပြထားတယ်။ NLD ရဲ့ ခေါင်းစဉ် အောက်ကနေ သွားမယ် ဆို သော်လည်း ကျနော်တို့ NLD ကို မဲထည့်ရမယ် ဆိုတာမျိုး ဇွတ်ပြောမှာ မဟုတ်ဘူး။ အဲဒီလိုမျိုး ခေါင်းထဲ စွတ်သွင်းတဲ့ဟာမျိုး ကျနော်တို့ မလုပ်ချင်ဘူး” ဟု ပြောသည်။
ပညာပေးမှုတွင် ပါဝင်ကူညီမည့် သရုပ်ဆောင်နှင့် အဆိုတော် ချစ်သုဝေ ကလည်း ယခု လုပ်ဆောင်ချက်သည် မိမိတို့ အနု ပညာရှင် များ အ နေနှင့် ဒေါ်အောင်ဆန်းစုကြည်အား ယုံကြည်ချစ်ခင်ကြ၍ NLD သို့ ကမ်းလှမ်းပြီး ဆောင်ရွက်ကြခြင်း ဖြစ်ကြောင်း ပြောသည်။
“အမေစုဆိုတာ သမီးတို့ လေးစားရတဲ့ ပုဂ္ဂိုလ်ဖြစ်တယ်။ ယုံကြည်ရတဲ့ ပုဂ္ဂိုလ်ဖြစ်တယ်။ ဦးနှောက်က လက်ခံလို့ရတဲ့ အမျိုးသမီး ဖြစ် တယ်။ အဲဒီတော့ သူ့လှုပ်ရှားမှုတွေမှာ ကိုယ်ပါဝင်ခွင့်ရတယ်ဆိုတာ သမီးတို့အတွက် ဂုဏ်ယူစရာ လည်း ကောင်းတယ်။ အဲဒီတော့ သမီး တို့ ဝိုင်းဝန်းပြီး ပါဝင်ဖြစ်တယ်။ အဲဒီ ဦးနှောက်က လက်ခံလို့ရတဲ့ အပြင် နှလုံးသားကပါ အရမ်းချစ်လို့” ဟု ချစ်သုဝေ က မဇ္ဈိမကို ပြော သည်။
No comments:
Post a Comment