
မအောင်မြင်ခဲ့သည့် မွန်ပြည်နယ်ရှိ ယခင် ကုလားဂုတ် ရေနက်ဆိပ်ကမ်း စီမံကိန်းကို မွန်စီးပွားရေး လုပ်ငန်းရှင်ကြီးများဖြင့် စုဖွဲ့ထား သည့် တလမွန်ကုမ္ပဏီက ပြန်လည်အကောင်အထည်ဖော်လိုပြီး မွန်ပြည်နယ် ဝန်ကြီးချုပ်အား တင်ပြထားသည်။
တလမွန်ကုမ္ပဏီမှ နိုင်ဗညားစန်း ဦးဆောင်သည့်စီပွားရေးလုပ်ငန်းရှင်များက ဖေဖော်ဝါရီလ၂၂ရက်နေ့တွင် ဝန်ကြီးချုပ်ဦးအုန်းမြင့်နှင့်တွေ့ဆုံခွင့်ရပြီး မွန်ပြည်နယ်ဖွံဖြိုးရေးလုပ်ငန်များအတွက်ဆွေးနွေးရာတွင် တင်ပြခြင်းဖြစ်သည်။
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့နယ်ခွဲ၊ သပြေချောင်းရွာ ကမ်းခြေအနီးတွင် တည်ဆောက်မည့် ထိုရေနက်ဆိမ်းကမ်း စီမံကိန်းသည် မြန်မာ၊ ထိုင်း၊ လာအို၊ ဗီယက်နမ် နိုင်ငံတို့ ပါဝင်သည့် မဟာမဲခေါင်ဒေသ၏ အဓိကပြီး၊ ၁၄၅၀ ကီလိုမီတာ ရှည်လျားသည့် အရှေ့အ နောက် စီးပွားရေးစင်္ကြံတွင် အဓိက ဖြစ်သည့် ကုန်သွယ်မှု အခန်းကဏ္ဍ၌ အရေးပါသော ရေနက်ဆိပ်ကမ်းတခု ဖြစ်လာဖွယ် ရှိပြီး ဝန်ကြီး ချုပ် အနေနှင့် စီမံကိန်းကို လိုလားကြောင်း သိရသည်။
“ဝန်ကြီးကတော့ မွန်ပြည်နယ် အစိုးရအဖွဲ့က လုပ်ပေးနိုင်တာကို လုပ်ပေးမယ်။ မလုပ်နိုင်တာကို ပြည်ထောင်စု အစိုးရကို တင်ပြပြီး ဖြစ် အောင် လုပ်ပေးမယ်လို့ ပြောတယ်” ဟု ဆွေးနွေးရာတွင် ပါဝင်သည့် စီးပွားရေး လုပ်ငန်းရှင်တဦး ဖြစ်သူ နိုင်စိုးမြင့်က ပြောသည်။
ရေနက်ဆိပ်ကမ်းအပြင် စီမံကိန်း၏ အစိတ်အပိုင်းများ ဖြစ်သည့် ရေး-သံဖြူဇရပ်-ဘုရားသုံးဆူလမ်း၊ ရေး-သံဖြူဇရပ်-ကြာအင်းဆိပ်ကြီး-ကျုံဒိုး-ကော့ကရိတ်-မြဝတီလမ်း ဖောက်လုပ်ရေးနှင့် နယ်စပ် ဘုရားသုံးဆူမြို့အနီးတွင် စက်မှုဇုန် တည်ဆောက်ရေးတို့ကိုလည်း ဆွေးနွေးခဲ့သည်။
စီမံကိန်းအတွက် တလမွန် ကုမ္ပဏီက မွန်ပြည်သစ်ပါတီနှင့် ဆွေးနွေးကာ ပူးပေါင်းလုပ်ဆောင်သွားမည်ဟုလည်း မွန်ပြည်သစ်၏ ငြိမ်း ချမ်းရေး အကျိုးဆောင် နိုင်စိုးမြင့်က ပြောသည်။
မော်လမြိုင်မြို့၌ ငြိမ်းချမ်းရေး ဆွေးနွေးစဉ်က မွန်ပြည်သစ်ပါတီအား ဘုရားသုံးဆူတွင် စက်မှုဇုန် တည်ဆောက်ရန် ရထားဝန်ကြီး ဦး အောင်မင်းက ပြောဆိုတိုက်တွန်းမှုများ ရှိခဲ့သည်။
နိုင်စိုးမြင့်သည် မွန်ပြည်သစ်ပါတီ၏ ဗဟိုကော်မတီဝင်ဟောင်းနှင့် စီးပွားရေးဌာန အတွင်းရေးမှူးဟောင်းလည်း ဖြစ်ပြီး ယခင် ကုလားဂုတ် ရေနက်ဆိပ်ကမ်း တည်ဆောက်ရန်အတွက် စစ်တမ်းကောက်ရာတွင်လည်း ပါဝင်သူတဦး ဖြစ်သည်။
၎င်းရေနက်ဆိပ်ကမ်း စီမံကိန်းကို ၁၉၉၆ ခုနှစ်တွင် မွန်ပြည်သစ်ပါတီ၏ ရာမည အင်တာနေရှင်နယ် ကုမ္ပဏီ လိမိတက်နှင့် ထိုင်း Power-P ကုမ္ပဏီတို့ နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးပြီး စတင် အကောင်အထည် ဖော်ခဲ့သော်လည်း ထိုင်းနိုင်ငံ၏ စီးပွားရေး ကျဆင်းမှုနှင့် မဟာမိတ် လက်နက်ကိုင်အဖွဲ့တခု၏ ကန့်ကွက်မှုကြောင့် စီမံကိန်းကို ရပ်တန့်ခဲ့ရသည်။
၁၉၉၇ ခုနှစ် စစ်တမ်းအရ ရေနက်ဆိပ်ကမ်း တည်ဆောက်မည့် နေရာ၏ အနောက်ဘက် ၇ မိုင်အကွာတွင် တောင်-မြောက် အရှည် ၉ မိုင် ခန့် ရှိသည့် ကုလားဂုတ်ကျွန်းက ကာဆီးထားသည့်အတွက် မုန်တိုင်းဒဏ် ကင်းလွတ်နိုင်မည် ဖြစ်သည်။
၎င်းပြင် ချဉ်းကပ်ရေကြောင်း၏ အနိမ့်ဆုံး ရေအနက် ၁၅ မီတာ ရှိပြီး၊ ဒီရေအမြင့် ကွာခြားချက် ၃ မီတာနှင့် ၅ မီတာကြားတွင် တည်ရှိ ကာ၊ ဆိပ်ကမ်းတွင် DWT ၄၀၀၀၀ မှ ၅၀၀၀၀ အကြားရှိ ရေယာဉ်များ ဆိုက်ကပ်နိုင်မည် ဖြစ်သည်။
“လောလောဆယ် တန်တသောင်းခွဲ သင်္ဘောတွေ ဆိုက်ကပ်နိုင်တယ်။ နည်းနည်း ဆက်တူးလိုက်ရင် တန်ငါးသောင်းထိ ဆိုက်နိုင်မယ်” ဟု နိုင်စိုးမြင့်က ပြောသည်။
အရှေ့အာရှ စီးပွားရေး အင်အားကြီး နိုင်ငံများ ဖြစ်သော ဂျပန်၊ တရုတ်၊ ကိုရီးယားနိုင်ငံတို့ အနေဖြင့် ပင်လယ်ရေကြောင်း ကုန်သွယ် မှု တွင် မလေးရှားနိုင်ငံ၏ မလက္ကာ ရေလက်ကြားကို အမှီပြုနေရာမှ ကုလားဂုတ် ရေနက်ဆိပ်ကမ်း ပြီးစီးပါက မဟာမဲခေါင်ဒေသတွင်း နိုင်ငံ များနှင့် ကမ္ဘောဒီးယားနိုင်ငံသို့လည်း ကုန်စည်များ အလွယ်တကူ ပို့ဆောင်နိုင်မည် ဖြစ်သည်။
လက်ရှိ အစိုးရက မြန်မာကမ်းရိုးတန်း တလျှောက်တွင် ကျောက်ဖြူ ရေနက်ဆိပ်ကမ်း၊ ထားဝယ် ရေနက်ဆိပ်ကမ်း၊ ဘုတ်ပြင်း ရေနက် ဆိပ်ကမ်းနှင့် ကုလားဂုတ် ရေနက်ဆိပ်ကမ်းတို့ကို တည်ဆောက်ရန် စီစဉ်နေသည်။
No comments:
Post a Comment