Monday, April 2, 2012

ALP ငြိမ်းချမ်းရေးကိုယ်စားလှယ် ဒေါ်စောမြရာဇာလင်း ခရီးစဉ်ကို ဖျက်

နိရဉ္စရာ

မြန်မာအစိုးရနှင့် ပြည်နယ် အဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် ဘင်္ဂလာဒေခ်ျ့ အ ခြေစိုက် ကိုယ်စားလှယ်များကို ဦးဆောင်မည့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP မှ ဒေါ်စောမြရာဇာလင်းသည် သူမ၏ ခရီးစဉ်အား ဖျက်သိမ်းလိုက်ပြီ ဖြစ် ကြောင်း နိရဉ္စရာသို့ ယမန်နေ့က ထုတ်ဖေါ် ပြောကြားသည်။

ယခုကဲ့သို့ ဆုံးဖြတ်လိုက်ခြင်းနှင့်ပတ်သတ်ပြီး ဒေါ်စောမြရာဇာလင်းက ယခုလို ရှင်းပြသည်။

" ရခိုင်ပြည် လွတ်မြောက်ရေးပါတီကို ငြိမ်းချမ်းရေး ဆွဲနွေးပွဲအတွက် ခေါ်ကတည်း က ဒီကိစ္စဟာ သွားသင့်တဲ့ ကိစ္စတခု ဖြစ်တဲ့အတွက် ကျမအနေနဲ့ အများကြီးလုပ် ဆောင်ပေးခဲ့တဲ့ အပိုင်းတွေ ရှိပါတယ်။ ဒါပေမဲ့ နောက်ဆုံး အနေ အထားကိုရောက် လာတဲ့အချိန်မှာ လုံးဝ ဒီ ဆွေးနွေး ပွဲကို သွားလို့မရဆိုတဲ့ အခြေအနေကို တွေ့လာရတဲ့အတွက် မတ်လ ၂၇ ရက်နေ့ကတည်းက ဆွေးနွေးပွဲကို မသွားတော့ ဘူး လို့ ဆုံးဖြတ်ချက် ချလိုက်တာ ဖြစ်ပါတယ်။ ဘာကြောင့် ခုလို ဖြစ်သွားတယ် ဆိုတာ ဒီနေရာမှာ ကျမအနေနဲ့ အသေအချာ မပြောပြ လိုပါ။"

ယခုကဲ့သို့ သူမ၏ ခရီးစဉ်ကို ဖျက်သိမ်းလိုက်သော်လည်း ရခိုင်ပြည် လွှတ်မြောက်ရေး ပါတီနှင့် အစိုးရ အကြား ငြိမ်းချမ်းရေး ဆွေးနွေး ပွဲကို တစ်စုံတစ်ရာ ထိခိုက်လိမ့်မည် မဟုတ်ဟု သူမက ပြောသည်။

ဒေါ်မြရာဇာလင်းမှာ ရခိုင်ပြည် လွှတ်မြောက်ရေး ပါတီ၏ အထွေထွေ အတွင်းရေးမှူး အဖြစ် တာဝန်ယူထားသူ တစ်ဦးဖြစ်သော်လည်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တက်ရောက်ရာတွင် သာမန် ဗဟို အလုပ်အမူဆောင် ကော်မီတီ တစ်ဦး အဖြစ်ဖြင့်သာ သူမကို ဖေါ်ပြထား သည်။

"ဆုံးဖြတ်တယ်ဆိုတာက တယောက်နဲ့တယောက် အပြန်အလှန် ညှိနှိုင်းဖို့ လိုအပ်တယ်လို့ ထင်ပါတယ်။ ပါတီ ကပေးတဲ့ တာဝန်ကို ကြေ ပွန်အောင် မထမ်းလို့ အဓိပ္ပါယ် သက်ရောက် လိမ့်မယ်လို့တော့ ကျမအနေနဲ့ မယူဆပါ။ အစကတည်းကလည်း တိုင်ပင် ညှိနှိုင်း မှုတွေ လိုကောင်း လိုမယ်လို့ ကျမအနေနဲ့ထင်တယ်။ ဒါကြောင်း လည်း အခုလို ရက်တွေနီးကပ်လာပြီးမှ ဒီလို အနေအထားမျိုး ဖြစ်ပေါ် လာတာလို့ထင်ပါတယ်" ဟု သူမ ငြိမ်းချမ်းရေး ခရီးစဉ်ကို ဖျက်သိမ်းခြင်းနှင့် ပတ်သက်ပြီး ဒေါ်မြရာဇာလင်းက ဆက် ပြောသည်။

ဘင်္ဂလား မြန်မာနယ်စပ်မှ ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ ဒေါ်စောမြရာဇာလင်းမှ ဦးဆောင်ပြီး တခြားအဖွဲ့ဝင် ၂ ဦး နှင့် တက်ရောက် မည် ဟု ရခိုင်ပြည် လွှတ်မြောက်ရေး ပါတီမှ ထုတ်ပြန်ထားခဲ့ပြီးဖြစ်သော်လည်း ယခုကဲ့သို့ သူမ၏ ခရီစဉ်ကို ဖျက် သိမ်းလိုက်သည့်အတွက် ကိုယ်စားလှယ် ၁၈ ဦးဖြင့်သာ ယခု ငြိမ်းချမ်းရေး ခရီးစဉ်တွင် ပါဝင်နိုင်တော့မည် ဖြစ်ကြောင်း သိရသည်။

ဒေါ်စောမြရာဇာလင်း ငြိမ်းချမ်းရေးခရီး ဖျက်သိမ်းလိုက်ခြင်းနှင့် ပတ်သတ်ပြီး ပါတီ တာဝန်ရှိသူများ သဘောထားကို သိရှိနိုင်ရန် ဆယ် သွယ်ခဲ့သော်လည်း အဆက်အသွယ်မရရှိခဲ့ပေ။

ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ ဦးဆောင်တက်ရောက်မည့် ရခိုင်ပြည် လွှတ်မြောက်ရေး ပါတီ ဒုဥက္ကဌ ခိုင်စိုးနိုင်အောင်နှင့် အဖွဲ့ဝင် ၇ ဦးတို့သည် မနက်ဖြန် ဧပြီလ ၂ ရက်နေ့တွင် ရန်ကုန်မှတဆင့် စစ်တွေသို့ ရောက်ရှိမည် ဖြစ်ရာ စစ်တွေ လေဆိပ်တွင် ပြည်ထောင်စု အဆင့် ၀န်ကြီးများ၊ ပြည်နယ် အဆင့် ၀န်ကြီးများ၊ ရခိုင်ရိုးရာ အဖွဲ့များမှ ကြိုဆိုကြမည်ဟု သိရသည်။

အိန္ဒိယ နယ်စပ်မှ ဒုခေါင်းဆောင်ဦး ခိုင်သုခဦးဆောင်သည့် ၁၁ ဦးပါ အဖွဲ့မှာ ယခုအခါ ကျောက်တော်မြို့သို့ ရောက်ရှိသွားပြီ ဖြစ်ပြီး နယ် စပ်ရေး ရာ ၀န်ကြီး ဗိုလ်မှူးကြီး ထိန်လင်းနှင့် ၀န်ကြီး ကျော်သိန်းတို့မှ ကြိုဆိုခဲ့ကြသည်ဟု သတင်း ရရှိသည်။

No comments: