Monday, April 2, 2012

ရွေးကောက်ပွဲထဲက အမျိုးသမီးများ

သဇင်နီ။

လာမယ့် ကြားဖြတ်ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ သတင်းတွေ ဖတ်ကြည့်ရာမှာ ထူးခြားချက် တခု တွေ့ရပါတယ်။ ဒါကတော့ သတင်း အ ချက်အလက်တွေ ပြောပြသူတွေဟာ အရင်လို အမျိုးသား တွေ မဟုတ်ဘဲ များသောအားဖြင့် အမျိုးသမီးတွေ ဖြစ်နေတာကို တွေ့ရပါ တယ်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီမှာဆိုရင် ဥက္ကဌဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ဒေါ်ခင်ဌေးကြွယ်၊ ဒေါ်ဖြူဖြူသင်း၊ ဒေါ်ခင်စန်းရီ စတဲ့ အမျိုးသမီး အမတ်လောင်းတွေ အများအပြား ပါဝင်လာတာ တွေ့ရသလို မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရက်တစ်ပါတီရဲ့ အမတ်လောင်းဟာလည်း မိမြင့်မြင့်ဝေဆိုတဲ့ အမျိုးသမီး ဖြစ်နေပြန်ပါတယ်။

အခုဆိုရင် ၂၀၁၂ ရွေးကောက်ပွဲမှာဝင်ရောက်ယှဉ်ပြိုင်မယ့် အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ် ဦးရေဟာ ၂၀၁၀ ကြားဖြတ် ရွေး ကောက်ပွဲမှာ ယှဉ်ပြိုင်မယ့်အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ် ဦးရေထက် ပိုများလာ တာကို တွေ့ရပါတယ်။

မအူပင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာမှာ ဝင်ပြိုင်မယ့် အမျိုးသားဒီမိုကရေစီ အင်အားစု (NDF) ပါတီက မခင်စုစု အောင် ဆိုရင် အသက် (၂၈) နှစ်သာ ရှိပါသေးတယ်။ အခုလို နိုင်ငံရေး အခန်းကဏ္ဍ တွေမှာ အသက်ငယ်ရွယ်တဲ့ အမျိုးသမီးတွေ ပါဝင် လာတာကို ကြည့်ရင် အမျိုးသမီးတွေရဲ့ တိုးတက်မှု ရာခိုင်နှုန်း တဖြေးဖြေး မြင့်တက်လာတာကို တွေ့ရပါတယ်။

၂၀၁၀ ရွေးကောက်ပွဲတုန်းက ၀င်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ် (၁၁၅၉) နေရာ မှာ အမျိုးသမီး လွှတ်တော်ကိုယ် စား လှယ် (၂၀) ကျော်သာပါဝင် ယှဉ်ပြိုင်ခဲ့ပေမယ့် လာမယ့် ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲမှာတော့ လွှတ်တော်ကိုယ်စားလှယ် (၁၅၇) နေရာမှာ အမျိုးသမီး ကိုယ်စားလှယ် (၂၄) ဦး ၀င်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။

လာမယ့် အနာဂတ်မှာ အမျိုးသမီး မြှင့်တင်ရေး လုပ်ငန်းတွေကို ဆောင်ရွက်သွားနိုင်အောင် အမျိုးသမီးတွေကို တိုက်တွန်းသွားမှာ ဖြစ် သလို နိုင်ငံတော် အစိုးရ အနေနဲ့လည်း အမျိုးသမီး တွေရဲ့ အရည်အချင်း အပေါ် မူတည်ပြီး သက်ဆိုင်ရာ ကဏ္ဍအလိုက် မြှင့်တင်မှုတွေ လုပ်ပေး သင့်တယ်လို့ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ AMDP ရဲ့ ကိုယ်စားလှယ်လောင်း မိမြင့်မြင့်ဝေက ပြောပါတယ်။

“မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ ရှေ့လုပ်ငန်းစဉ်ထဲမှာ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍ ကိုမြှင့်တင် သွားမယ် ဆိုတဲ့ အချက်လည်း ပါပါတယ်။ ကျမအနေနဲ့လည်း မြန်မာနိုင်ငံမှာ ရှိတဲ့ နိုင်ငံရေး၊ စီးပွားရေး လူမှုရေးကဏ္ဍတွေ မှာ အမျိုးသမီးတွေ ဒီထက်ပိုပြီး တက်တက် ကြွကြွ ပါဝင်လာနိုင်ဖို့အတွက်ကို စည်းရုံး လှုံ့ဆော် တိုက်တွန်းသွားမှာဖြစ်ပါတယ်။” လို့ ဒေါ်မြင့်မြင့်ဝေက တက်တက်ကြွကြွနဲ့ ပြောပါ တယ်။

ဒါ့အပြင် အရင် စစ်အစိုးရ လက်ထက်က အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍာဟာ မရှိသလောက်နီးပါး ဖြစ်ခဲ့ရပေမယ့် ဦးသိန်းစိန် ဦးဆောင် တဲ့ အစိုးရသစ်လက်ထက်မှာတော့ အခန်းကဏ္ဍ တော်တော် များများမှာ အမျိုးသမီးတွေ ပါဝင်လာတာ တွေ့ရတယ်လို့လည်း သူမက ဆက်ပြောပါတယ်။

“ကျမတို့မြန်မာနိုင်ငံက အမျိုးသမီးတွေဟာ အရည်အချင်းရှိပါတယ်။ အရင်စစ်အစိုးရ ကာလတုန်း ကတော့ ညွန်းကြားရေးမှူး လက် ထောက်ညွန်ကြားရေးမှူးအဆင့် (ညွှန်မှူးအဆင့်ကတော့ အကြီး ဆုံးဘဲ) မြင်တွေ့ နေရပြီး သမ္မတကြီး ဦးသိန်းစိန် လက်ထက်မှာတော့ အမျိုးသမီးတွေကို ဒု ၀န်ကြီး၊ ညွန်ချုပ်တွေအဆင့်အထိ ကိုတွေ့မြင်နေရတယ်။ သမ္မတကြီးလက်ထက်မှာ အမျိုးသမီးတွေကို ပိုပြီး နေရာ ပေးလာတာကို တွေ့နေ ရတယ်။”

အလားတူ အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်ရဲ့ မူဝါဒတွေအရ ရွေးကောက်ပွဲ ၀င်ရောက်တဲ့ သူတွေ ထဲမှာ အမျိုးသမီး၊ လူငယ်နဲ့ တိုင်းရင်း သားတွေကို ဦးစားပေးမယ်ဆိုတဲ့ အချက်တွေ ပါဝင်တာကို တွေ့ရပါတယ်။

အခုဆိုရင် ၂၀၁၂ ရွေးကောက်ပွဲမှာ ၀င်ရောက် ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေဟာ အတွေ့အကြုံကောင်းတွေကို ရရှိနိုင်မှာ ဖြစ်သလို လာမယ့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာလည်း အမျိုးသမီးတွေ ပိုမိုပါဝင်လာနိုင်မှာ ဖြစ်တယ်လို့ NLD ပါတီရဲ့ ပုလဲ မြို့နယ် လွှတ်တော် ကိုယ်စား လှယ်လောင်း ဒေါ်ခင်စန်းလှိုင်က ပြောပါတယ်။

“မြန်မာနိုင်ငံရဲ့လူဦးရေ မှာအမျိုးသားဦးရေနဲ့ အမျိုးသမီးဦးရေဟာ ထက်ဝက်စီရှိနေတဲ့အတွက် နိုင်ငံရေးမှာအမျိုးသမီးပါဝင်မှု နည်းနေ သေးတဲ့အတွက် နောက်လာမယ့် ရွေးကောက်ပွဲမှာ အမျိုး သမီးတွေကို အများကြီး ပါဝင်စေချင်ပါတယ်။”

ဒါ့အပြင် လာမယ့် ကြားဖြတ်ရွေးကောက်ပွဲ အတွက် မဲဆွယ်စည်းရုံးရေး ခရီးစဉ်တွေမှာ ကျား၊ မ ခွဲခြားတာတွေ မရှိတဲ့ အပြင် “အမျိုး သ မီး တွေဖြစ်လို့ ပိုပြီးတောင် အားပေးသေးတယ်” လို့လည်း သူမက ဆိုပါတယ်။

မြန်မာနိုင်ငံအခြေစိုက် Women Organization Network (WON) coordinator ဒေါ်မေစီစီအောင်ကလည်း မြန်မာ့ နိုင်ငံရေး လောကမှာ အမျိုးသမီးတွေ ပိုမိုပါဝင်လာမှု အပေါ် “အခုလို အမျိုးသမီးတွေ ပိုပြီးပါဝင်လာနိုင်တာကိုတွေ့ရတော့ အင်မတန်ဝမ်းသာ ပါတယ်။ ဒါပေ မယ့် ဒီထက်ပိုပြီး ပါဝင်လာနိုင်အောင် အစိုးရအနေနဲ့လည်း လုပ်ဆောင်ဖို့လိုသေးတယ်။” လို့ ပြောဆိုခဲ့ပါတယ်။

No comments: