Monday, April 2, 2012

မဲဆန္ဒနယ် အမှတ် ၃ သိန္နီမြို့မှ အုပ်စုတခု မဲပေးမှုပြီးဆုံး စာရင်း ရောက်ရှိ ကျားဖြူပါတီ မဲ အများဆုံးရ

သျှမ်းသံတော်ဆင့်


သိန္နီမြို့ ဟိုတုန့်ကျေးရွာအုပ်စု၌ မဲပြားအရေအတွက်စာရင်းကို ၉ နာရီခွဲကျော်က ပေးပို့လာပြီဖြစ်ရာ ကျားဖြူပါတီမှ အနိုင်ရ နေသည် ကို တွေ့ရကြောင်း ကျားဖြူပါတီ၏လွှတ်တော်အမတ်ကပြောသည်။

“ ၉ နာရီခွဲကျော်ကျော်လေးမှာ ဟိုတုန့်အုပ်စုက မဲအရေအတွက်ပို့လာပါပြီ။ ကျားဖြူပါတီက ၂၇၀ မဲ၊ ကြံ့ခိုင်ရေးပါတီက ၆၅ မဲ၊ NLD က ၆၈ မဲ၊ လားဟူပါတီ ၃၅ မဲနဲ့ ကိုးကန့်ပါတီ မဲမရှိ။ ကျနော်တို့ ဒေသခံလူထုတွေက မဲတပြားရဲ့တန်ဖိုးကိုနားလည်လာကြတယ်။ မဲပေးရတာ ပွင့်လင်းမြင်သာမှုရှိပြီး ကိုယ့်ဆန္ဒနဲ့ကိုယ် လွတ်လပ်စွာပေးနိုင်တယ်လို့မြင်ရတယ်” ဟု သိန္နီမြို့ ပြည်သူ့လွှတ်တော်အမတ် စိုင်းဝင်းခိုင် က ပြောသည်။

သိန္နီမြို့တွင်းတွင်မူ မဲပေးနေလျက်ရှိပြီး စုစုပေါင်း မဲရုံ ၆၀ ရုံရှိကြောင်း သိရသည်။

အမည်စာရင်း ၅၉၀ တိုးလာသည်မှာလည်း ကိုးကန့်၊ လားဟူတိုင်းရင်းသားများသာဖြစ်ပြီး သျှမ်းလူမျိုး အနည်းငယ်သာပါဝင်ကြောင်း စိုင်းဝင်းခိုင်ကပြောသည်။

“ ကွန်ကောက်အုပ်စုမှာတော့ အမည်စာရင်း ၂၀၀ ကပျောက်နေတယ်။ အဲဒီမှာ အုပ်စုအုပ်ချုပ်ရေးမှူး ပြောတာကတော့ နိုင်ငံခြား ထွက်တဲ့ လူ၊ သေဆုံးတဲ့လူ၊ ပြောင်းရွှေ့ဝန်ထမ်း၊ နာမည်ထပ်တာ ၊မှတ်ပုံတင် ထပ်တာ၊ မဲဆန္ဒနယ်မြေထပ်တာ တွေကြောင့်ဖြစ်တယ်တဲ့။ နာမည် စာရင်းပျောက်တာတွေဟာ ရပ်ကွက်၊ ကျေးရွာ ကော်မရှင်တွေရဲ့အမှားဖြစ်ပါတယ်” ဟု ဆိုပါသည်။

နာမည်စာရင်း ၂၀၀ ပျောက်ဆုံးနေသော ကွန်ကောက်အုပ်စုမှာ သိန္နီနှင့် ၉ မိုင်ခန့်အကွာ သိန္နီ-ကွန်လုံအသွားလမ်းတွင်တည်ရှိပြီး ကျားဖြူ ပါတီမှ အနိုင်ရနေသော ဟိုတုန့်အုပ်စုမှာ သိန္နီမြို့အရှေ့ တောင်ဖက် ၅ မိုင်ခန့်အကွာတွင် တည်ရှိပါသည်။

No comments: