Sunday, April 15, 2012

ဝင်းကရွာ ဘုရားစောင်း တန်းဈေး ယာယီ ဆိုင်ခန်းများ သင်္ကြန် အတွင်း ခရီးသွား များနှင့် ပြန်လည် စည်ကား

ကျလွန်းထော

ထိုင်းမြန်မာနယ်စပ် ဘုရားသုံးဆူမြို့အနီး စံခလပူရီမြို့နယ် ဝင်းကရွာရှိ ဗုဒ္ဓဂါယာ ဘုရားစောင်းတန်းဈေးကြီး မီးလောင်ပြာကျသွားရာမှ ယခု ယာယီဆိုင်ခန်းများဖြင့် ပြန်လည်ဖွင့်လှစ်ကြရာ ထိုင်းနိုင်ငံအနှံ့ အပြားမှ ခရီးသည်ဧည့်သည်များဖြင့် စည်ကားနေပြီ ဖြစ်သည်။

သင်္ကြန်မတိုင်ခင် တစ်ရက်ဖြစ်သည့် ဧပြီလ ၁၁ ရက် နေ့တွင် မီးလောင် ခဲ့သည့် ဈေးတန်း အရှေ့ရှိ ဘုရား ခြေရင်း အနီးတွင် လက်ရှိ ဝင်းကရွာ ဆရာတော်က ယာယီ ဆိုင်ခန်း တည်ဆောက် ပေးကာ ဈေးဆိုင် ပစ္စည်းများ ရောင်ချခွင့် ပေးခဲ့ သည်ဟု ဈေးဆိုင် ပိုင်ရှင် များက ပြောသည်။

“ဆရာတော်က ဦးစီးပြီး ဆောက်ထားပေးတာပါ၊ ယာယီသဘောပါပဲ၊ ဆိုင်ခန်းအသစ်ဆောက်ဖို့က ဘယ်တော့ဖြစ်မလဲဆိုတာ မသေခြာသေးပါဘူး၊ အခု သင်္ကြန်ကာလမှာ ဈေးဝယ်သူတွေရှိနေတော့ နည်းနည်း အဆင်ပြေနေပါတယ်” ဟု ဆိုင်ပိုင်ရှင် ကိုပါဝါက ပြောသည်။

ဆိုင်ခန်း ပြန်လည် တည်ဆောက် ရန်အတွက် စံခလပူ ရီမြို့ စည်ပင် သာယာ ရေးဌာ နမှ ဆရာတော်ထံ တောင်းခံ ထားသော်လည်း ဆရာ တော်၏ ခွင့်ပြုချက် မရရှိ ခဲ့ကြောင်း သိရသည်။

“ဒီရွာက ဘုရားမြေ ဖြစ်နေတော့ ဘယ်သူကမှ အဆောက်အဦ လာဆောက်ပေးလို့ မရဘူး၊ အခုကျနော်တို့ ယာယီရောင်းခွင့်ရနေတာ ဆရာတော်က စီစဉ်ထားပေးလို့ပါ” ဟု ဆိုင်ရှင်တစ်ဦးက ပြောသည်။

ဈေးဆိုင် ပိုင်ရှင် များက ဈေး ပစ္စည်းများ ရောင်းချ ရန်အတွက် အရင်း အနှီး ငွေများကို အတိုးဖြင့် ချေးငှား ထားရကြောင်း အကယ်၌ ပစ္စည်း ဝယ်သူ မရှိပါက အတိုး ဆပ်ရန် အခက် အခဲ ဖြစ်လာ နိုင် ကြောင်း ၄င်း ဈေးဆိုင် ခန်းဖြင့် အသက်မွေး ဝမ်းကြောင်း နေရ သည့် ဆိုင်ရှင် တစ်ဦးက ပြောသည်။


“ဒီဆိုင်ပြန်ဖွင့်နိုင်ဖို့ သူများစီမှာ အတိုးနဲ့ ၅ သိန်းဘတ် ချီထားရတယ်၊ မီးလောင်သွားပြီးလို့ ဒီနယ်က အစိုးရက ဆိုင်ပိုင်ရှင်တစ်ဦးကို ပိုက်ဆံတစ်ထောင်နဲ့ ခေါက်ဆွဲထုတ် (မားမား) တပါကင် ပေးတာက လွဲ လို့ နောက်ထပ် ထောက်ပံ့ပေးတာ မရှိသေးဘူး။ သင်္ကြန်ပြီးလို့ လာဝယ်တဲ့ ဧည့်သည်တွေ မရှိဘူးဆိုရင် အတိုးဆပ်ဖို့ တော်တော် ရင်လေးရပါတယ်” ဟု ၄င်းက ပြောသည်။

ဖေဖော်ဝါရီလ ၂၈ ရက်နေ့ နှစ်စဉ်နှစ်တိုင်း ပြုလုပ်ခဲ့သည့် ဝင်းကရွာဘုရားပွဲတော်ရက်တွင် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး ဆိုင်ခန်းပေါင်း ၃၆ ခန်းလုံး မီးထဲပါသွားခဲ့သည်။ ၄င်းမီးလောင်မှုကြောင့် ထိုင်း ဘတ် ငွေ သန်း ရ၀ ခန့် ဆုံးရှုံးခဲ့သည်ဟု ဒေသခံအာဏာပိုင်များက သုံးသပ်ထားသည်။

၎င်းဗုဒ္ဓဂါယာ ဘုရားစောင်းတန်းဈေးကြီး၌ မြန်မာပြည်မှ လက်ရာမြောက် ရိုးရာယဉ်ကျေးမှုဖြစ်သည့် အဖိုးတန်အထည်အလိပ်များ၊ တိုင်းရင်းသားရိုးရာဝတ်စုံများ၊ လက်မှုပစ္စည်းများ၊ ဘုရားနှင့် ပတ်သက် သော ကြေးထည်ငွေထည်ပစ္စည်းများ၊ တူရိယာပစ္စည်းအမျိုးမျိုးနှင့် ကျွန်း၊ ပျဉ်းဂတိုး၊ ပိတောက်သားတို့ဖြင့် ပြုလုပ်ထားသော အနုပညာလက်ရာပစ္စည်းများနှင့် အသေးစားပရိဘောဂ အမျိုးမျိုးတို့ကို ရောင်း ချ နေသည်။

ယခင်က ရိုးရာပစ္စည်းများ အလွယ်တကူရရှိခဲ့သည့် ဗုဒ္ဓဂါယာ ဘုရားစောင်းတန်းဈေးကြီးမှာ ယခုအချိန်တွင် ၄င်းကဲ့သို့ စည်ကားစွာ ရောင်းချနိုင်ခြင်းကား မရှိသေးပေ။

No comments: