Friday, April 20, 2012

မူစယ်၁၀၅မိုင် ကုန်သွယ်ရေး ဇုန်အတွင်း ဗုံးတစ်လုံး ပေါက်ကွဲ၊ လဝက အရာရှိ တစ်ဦး သေဆုံး

သျှမ်းသံတော်ဆင့်

သျှမ်းပြည် (မြောက်ပိုင်း) မူစယ်၁၀၅မိုင် ကုန်သွယ်ရေးဇုန်ဝန်းအတွင်း ယာဉ်ငယ်စစ်ဆေးရေး ဂိတ်အနီးတွင် ယနေ့ နံနက်၅နာရီကျော်ခန့်က ဗုံးတစ်လုံး ပေါက်ကွဲခဲ့ရာ လဝကအရာရှိတစ်ဦး သေဆုံး၍ လူတ ချို့ ဒဏ်ရာအနည်းငယ်စီ ရရှိခဲ့ကြောင်း သိရသည်။

ယာဉ်ငယ်စစ်ဆေးရေးဂိတ်၌ ဖြတ်သန်းသွားလာသည့် ယာဉ်များအား စစ်ဆေးနေစဉ် အဆိုပါ ဗုံးပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး မည်သည့်အဖွဲ့ လက်ချက်ဖြစ်သည်ကို မသိရသေးကြောင်း ၁၀၅မိုင် ကုန်သွယ်ရေး ဇုန်ရှိ ကုန်သည်တစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“ဒီမနက်အစောပိုင်းမှာ ဗုံးတစ်လုံး ပေါက်ကွဲတယ်။ ဒုလဝက ဦးစီးမှူး ခေါင်းမှာထိပြီး သေသွား တယ်။ ဒဏ်ရာ ပြင်းပြင်းထန်ထန် ရတာ တော့ မရှိဘူး။ အနည်းအကျဉ်းစီ ထိခိုက်တာမျိုးတော့ ရှိတယ်။ ဘယ် သူ့လက်ချက်လည်းဆိုတာတော့ မသိရဘူး” ဟု သူက ဆိုသည်။

သေဆုံးသွားသည့် ဒုလဝကဦးစီးမှူးမှာ အသက် ၄၂ နှစ်ရှိ ဦးကြည်ထွန်း ဖြစ်ကြောင်း သိရှိရ သည်။

ယခုလ ၁၄ရက် နေ့ညပိုင်းကလည်း မြစ်ကြီးနား မြို့သစ်ဘက်ရှိ မီးရထားသံလမ်းတွင် ဗုံးတစ်လုံး ပေါက်ကွဲခဲ့သေးကြောင်း သိရသည်။

No comments: