Thursday, April 19, 2012

ပူတာအို သင်္ကြန်ပွဲရံပုံငွေအတွက် ကျောင်းဝန်ထမ်းများ၏ ၁၀ လ လစာဖြတ်

KNG

ကချင် ပြည်နယ် မြောက်ပိုင်း ပူတာအို ခရိုင်တွင် ဗုဒ္ဓ ဘာသာ ရိုးရာ သင်္ကြန် ပွဲတော် ကျင်းပ နိုင်ရေး အတွက် ဒေသခံ အစိုးရ ပညာရေး ဌာန ၀န်ထမ်း များ၏ ၁၀ လ လစာမှ လစဉ် ရံပုံငွေ ဖြတ်ယူ နေ ကြောင်း ကျောင်း ဆရာများ ဆိုသည်။

ပူတာအိုမြို့တွင် ဧပြီ ၁၃ မှ ၁၆ ထိ ကျင်းပခဲ့သည့် သင်္ကြန်ပွဲတော်အတွက် ပညာရေးဝန်ထမ်း (၅၀၀) ကျော်၏ လစဉ် လစာ ယခုနှစ် မတ်လမှ ဒီဇင်ဘာလထိ ၀န်ထမ်းတစ်ဦးတွင် ကျပ်ငွေ ၅၀၀ စီ ဖြတ်ယူ နေခြင်းဖြစ်သည်ဟု ပညာရေးဝန်ထမ်းများ ပြောသည်။

ပူတာအိုခရိုင် ပညာရေးဌာန၀န်ထမ်းများနှင့် ကျောင်းဆရာ၊ ဆရာမများ အများစုသည် ဒေသခံ ကချင်အမျိုးသားများဖြစ်ကြပြီး အများစုမှာ ခရစ်ယာန်ဘာသာဝင်များဖြစ်ကြသည်။

ဧပြီ ၆ ရက်နေ့တွင်လည်း ပူတာအိုမှ (၁၃)မိုင် ဝေးသော မလိခချောင်းဘေး ကောင်းမူလုံစေတီသို့ ပူတာအိုမြို့ထဲရှိ ဗုဒ္ဓဘာသာဝင်များ သင်္ကြန်ရက်အတွင်း ဘုရားဖူးသွားကြမည်ဖြစ်သောကြောင့် သုံးဘီး ကားဂိတ် ဂိတ်မှူးအား ပူတာအို ရဲဌာနမှ ရဲများလာရောက်ပြီး ခရစ်ယာန်များ၏ သုံးဘီးကားကိုသာ ချောဆွဲရန် အတင်းပြောပြီး အမိန့်ပေးခဲ့ရာ ဂိတ်မှူးက “ချောဆွဲသည့်ခေတ် မဟုတ်တော့ဘူး။ မခေါ် ပေး နိုင်ဘူး။” ဟု ပြောရာ “မရမကခေါ်ပေးရမည်” ဟု ခြိမ်းခြောက်ခဲ့သည်ဟု ဒေသခံများ ပြောသည်။

ထို့နောက် ဂိတ်မှူးသည် “ဒါဆိုရင်တရားဝင်စာရွက်စာတမ်းထုတ်ပေးပါ။” ဟု ပြောသောအခါ ပူတာအိုခရိုင် အထွေထွေအုပ်ချုပ်ရေးရုံး (သာသနာရေးရုံး)၊ ပူတာအိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံးများမှ ချက်ချင်းစာသွားယူပြီး သုံးဘီး ဂိတ်မှူးအား ချောဆွဲပေးရန် အတင်းစေခိုင်းခဲ့ကြောင်း ဒေသခံများ ဆက်ဆိုသည်။

သုံးဘီးကားဂိတ်မူးက “ဟုတ်ပြီဒီစာတွေကိုစောင့်နေတာဟုတ်ပါတယ်။ ကျွန်တော်လည်း အဆင့်ဆင့်သက်ဆိုင် ရာသို့ စာတင်လိုက်မယ်။” ဟုပြောလိုက်ရာ ချက်ချင်းပဲ “ကျွန်တော်တို့ မှားပါပြီ ခွင့်လွတ်ပေးပါ မပြောတော့ပါဘူး။ စာတွေကိုပြန်ပေးပါ။” ဟု အတင်းပြန်တောင်းပြီး တောင်းပန်းခဲ့သည်ဟု ဒေသခံများမှ သိရသည်။

ဧပြီ ၉ ရက် ညနေပိုင်းတွင်လည်း ဦးတေဇသည် ပူတာအိုမြို့မှ လီဆူ၊ ရ၀မ်၊ ကချင်တိုင်းရင်းသားတို့၏ တိုင်းရင်းသားယဉ်ကျေးမှုအကအဖွဲ့၊ ခရစ်ယာန်ဂိုဏ်းဂဏအသီးသီးမှ အသင်းသူအသင်းသားများ သင်းအုပ်ဆရာများနှင့် အချို့သင်းထောက်များကို အထူး စားသောက်ဧည့်ခံပွဲကြီးသို့ ခေါ်ဖိတ်ကာ အားလုံးကို အတင်းအဓမ္မ အရက်သေစာ သောက်ခိုင်းစေခဲ့သည်ဟု ပါဝင်သူများ ဆိုသည်။

No comments: