Monday, April 2, 2012

ကြံ့ခိုင်ရေး အတွက် မဲခြစ် ပေးနေ

သျှမ်းသံတော်ဆင့်

လားရှိုးမြို့ မဲရုံတချို့တို့၌ ကြံ့ခိုင်ရေးပါတီအား မဲခြစ်ပေးနေသည်ကိုတွေ့ရကြောင်း လွတ်လပ်စွာမဲပေးပိုင်ခွင့်ရှိရေး စောင့်ကြည့်သည့် တက္ကသိုလ်ကျောင်းသားတဦးကပြောသည်။

“ လားရှိုး ရပ်ကွက် ၅ က အထက ၁၀ မှာလုပ်တဲ့မဲရုံမှာ မဲရုံမှူးသမီးကိုယ်တိုင် မဲလာပေးတဲ့လူတွေကို ထိုင်ခြစ်ပေးနေတာ ၁၀ မိနစ် လောက်ရှိတယ်။ စောင့်ကြည့်နေတဲ့ တခြားပါတီက သွားပြောတော့မှ ရပ်သွားတာ” - ဒေသခံ ယင်းယင်း က သျှမ်း သံတော်ဆင့် အား ပြော သည်။

ရပ်ကွက် ၅ ၏ ကြိုတင်မဲကိုလည်း မနက် ၇ နာရီခွဲတွင် ဒုတိယအကြိမ်ရောက်လာရာ NLD ပါတီက လက်မခံကြောင်း ငြင်းခုံ နေသည်ကို လည်းတွေ့ရကြောင်း ၎င်းက ဆက်လက်ပြောပြသည်။

“ မနက် ၆ နာရီ တုန်းက ကြိုတင်မဲ တခေါက်ရောက်လာတယ်။ အဲ့ချိန်တုန်းက ၂ မဲဘဲရှိတယ်။ ၇ နာရီခွဲထပ်ရောက်တာ အများကြီးဘဲ။ NLD က လက်မခံဘူးဆိုလို့ ငြင်းခုံနေကြတုန်းဘဲ၊ မဲလဲ မရေတွက်ရသေးဘူး” နန်းအားယင်းကဆို၏။

ရပ်ကွက် ၅ ဟေမိုးလုံ မဲရုံ၌မူ မဲလာမပေးနိုင်သည့် အိမ်သားအား ကိုယ်စားထည့်ပေးမည့် အမျိုးသမီးငယ်တဦးကို မဲရုံ တာဝန်ကျ သူများ က သွားရောက် ပြောဆိုရာ အဆိုပါ ခလေးမ မှာ စိတ်ဆိုးကာ မဲပေးမည့်စာရွက်အား ဆုတ်ဖြဲပစ်သဖြင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် လုံခြုံရေးများက ဝင်ရောက်ဖြေရှင်းပေးရသေးကြောင်း ဆိုပါသည်။

လားရှိုးမြို့တွင်း မဲရုံအများစုမှာ ခြောက်ကပ်နေသည်ကိုတွေ့ရကြောင်း ရပ်ကွက် ၆ နေထိုင်သူတဦးကလည်းပြောသည်။

“ ရပ်ကွက် ၄ မှာဆိုရင် မဲလာပေးတဲ့လူတွေ နည်းတယ်။ အထက ၇ မှာတော့ တပ်တွင်းမိသားစုအတွက်ဆိုတော့ NLD ကရော ကျားဖြူကတော့ ဘယ်သူမှ သွားမစောင့်ဘူး။ မျှော်လင့်ချက်မရှိတာကြောင့်ဖြစ်နိုင်တယ်။ စစ်ကားကြီး နဲ့ မဲလာ ပေးမယ့်လူတွေကို ကြိုပို့ပေးတယ်” ဟု ဆိုပါသည်။

ရပ်ကွက် ၃ မဲရုံတွင်လည်း ခြောက်ကပ်နေသည်ကိုတွေ့ရကြောင်း ၎င်းကဆက်လက်ပြောပြသည်။

ရပ်ကွက် ၆ တွင်မူ မဲစာရင်းနာမည်ပျောက်နေသူများပြားလှကြောင်း၊ တချို့မှာလည်းနာမည်ပြောင်းပြန်၊ မိဘနာမည်ပြောင်း ပြန် ဖြစ်နေ ကြကြောင်း၊ အာဏာပိုင်များထံ မေးရဲပါက ပြင်ပေးခြင်းခံရပြီး မမေးရဲဘဲ မဲမပေးခဲ့ရပါက အာဏာပိုင်များမှ ကြံ့ခိုင်ရေးပါတီအတွက် မဲ ခြစ်ပေးလိုက်သည်ကိုတွေ့ရကြောင်း ၊ ရပ်ကွက် ၆ ရဲ့ နယ်မြေ ၆ ဖက်တွင် မိသားစု အလိုက် နာမည် မပါသည်ကိုတွေ့ရကြောင်း ၊ နာ မည်ပျောက်နေသူများမှာ ကြံ့ခိုင်ရေးပါတီအတွက် မဲများဖြစ်သွား မည့်အခြေအနေ ရှိကြောင်း ဆိုပါသည်။

No comments: