Friday, April 6, 2012

ကေအဲန်ယူ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ကို ကရင်လူထု ၁၀၀၀ကျော် ကြိုဆိုနှုတ်ဆက်

နန်းဖောဂေ (ကေအိုင်စီ)

ကရင် အမျိုးသား အစည်းအရုံး (ကေအဲန်ယူ) ၏ အထွေထွေ အတွင်းရေး မှူးချုပ် နော်စီဖိုးရာစိန် ဦးဆောင်သည့် ငြိမ်းချမ်းရေး ကိုယ်စား လှယ်အဖွဲ့သည် ကရင် ပြည်နယ်၊ ဘားအံမြို့ရှိ ကရင် လူမှု အဖွဲ့အ စည်း များနှင့် မနေ့ ဧပြီလ ၅ရက်နေ့ မနက် ၈နာရီတွင် တွေ့ဆုံခဲ့ရာ လူ ထု ၁၀၀၀ကျော် ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။

ဘားအံမြို့ သုမေ ဓာရာမ တောရ ဘုန်းတော်ကြီး ကျောင်း၌ မနက် ၈နာရီမှ ၁၀း၃၀ နာရီအထိ ပြုလုပ်သည့် ထိုတွေ့ဆုံပွဲတွင် ကရင်ငြိမ်း ချမ်းရေး ကော်မတီ၊ ကရင် စာပေနှင့် ယဉ်ကျေးမှု ကော်မတီ၊ ကရင် ပါတီ မှ ခေါင်း ဆောင်များ၊ ကရင် ဝန်ကြီးများ၊ ဘာသာရေး ခေါင်း ဆောင် များနှင့် တွေ့ဆုံ ခဲ့ခြင်း ဖြစ်ပြီး တစ်ချိန် တည်းတွင် ကရင်ပြည် နယ်ရှိ မြို့နယ် ၇ခုမှ လူထု ကိုယ်စား လှယ်များ၊ မွန်ပြည်နယ်၊ ရန် ကုန်တိုင်း၊ ဧရာဝတီ တိုင်းနှင့် တနင်္သာရီ တိုင်းအ တွင်းမှ ကရင် လူထု ကိုယ်စားလှယ်များက လာရောက်ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။

ထိုတွေ့ဆုံ မှုတွင် ကေအဲန်ယူ အတွင်းရေး မှူးချုပ် နော်စီဖိုး ရာစိန်က ကေအဲန် ယူနှင့် မြန်မာ အစိုးရ တို့၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အဆင့်ဆင့်ကို လူထုအား ရှင်းလင်း ပြောကြား ခဲ့သည်။

သူမက “အခုတွေ့ဆုံခြင်းဟာ ဒုတိယအကြိမ်မြောက် တွေ့ဆုံမှုဖြစ်တယ်။ ဒီတွေ့ဆုံမှုဟာ ဇန်န၀ါရီ ၁၂ရက်နေ့က လုပ်ဆောင်ခဲ့တဲ့ ပဏာမ အပစ်အခတ်ရပ်ဆိုင်းရေး လက်မှတ်ရေးထိုးမှု ငြိမ်းချမ်းရေး ဖြစ်စဉ် ကို ဆက်လက်လုပ်ဆောင် တဲ့ လုပ်ဆောင်မှုတွေဖြစ်တယ်။ ကျမတို့ ကေအဲန်ယူအနေနဲ့ ဒီပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အချိန်ယူပြီး တဆင့်ချင်း တဆင့်ချင်း လုပ်ဆောင်သွားမယ်။ အဲဒီအပေါ်မှာ ကေအဲန်ယူတဖွဲ့တည်းနဲ့ လုပ်လို့မရပါဘူး။ ကရင်အမျိုးသား တစ်ဦးတစ်ယောက်တည်းနဲ့ လုပ်လို့မရပါဘူး။ ကေအဲန်ယူအနေနဲ့ လူထုရဲ့ ပူး ပေါင်းပါဝင်မှုကို လိုအပ်တယ်၊ လိုလားတယ်ဆိုတာကို ပြောချင် တယ်။” ဟု ပြောသည်။

ထို့အပြင် နော်စီဖိုး ရာစိန်က ပြည်တွင်း ငြိမ်းချမ်းရေး ကိစ္စကို တစ်မျိုးသား လုံး၏ အရေး ဖြစ်တာမို့ လူတိုင်းနှင့် သက်ဆိုင်သည့် အတွက် ကြောင့် ဒီငြိမ်း ချမ်းရေး ဖြစ်စဉ်ကို အကောင် အတည် ဖော်တဲ့ နေရာ မှာ လူထု တွေအားလုံး ပါဝင်ကြဖို့ တွေ့ဆုံ ပွဲသို့ တက်ရောက် လာသည့် လူထု များအား တိုက်တွန်း နိုးဆော် ခဲ့သည်။

ထိုတွေ့ဆုံပွဲကို တက်ရောက်လာသည့် ကေပီစီ နာယာက တောင်ကလေးဆရာတော် ဦးပညာသာမိက “ကရင့် တော်လှန်ရေးဟာ ကရင် အမျိုးသားတွေပဲ လုပ်ရမယ်။ အခြားလူမျိုးတွေ ၀င် လုပ်ပေး စရာ မလို ဘူး။ နိုင်ငံရေးကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းတဲ့နေရာမှာ ဘယ် သူမဆို သတ်တိရှိရမယ်။ အရာရာကို လုပ်ဆောင်ရဲမှပဲ ပန်းတိုင်ကို ရောက်မယ်။”ဟု လူထုအား မိန့်ကြား အမှာ စကား ပြောသွားသည်။

ယနေ့ တွေ့ဆုံပွဲတွင် မြန်မာအစိုးရတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသော်လည်း လူထုတွေအနေဖြင့် ကရင်အလံများ ကို ဝှေ့ရမ်းပြီး ကေအဲန်ယူ ကိုယ်စားလှယ်များနှင့် လွတ်လွတ်လပ်လပ် ဆွေးနွေး ပြော ဆိုခွင့် အပြန်အလှန် နှုတ်ဆက်ခွင့် ရရှိခဲ့သည့်အတွက် ဝမ်းသား အားရကြကြောင်း မြို့ခံကရင်အမျိုးသမီးတစ်ဦးက ပြောသည်။

ဘားအံမြို့ခံ ကရင်အမျိုးသမီး နန်းမြင့်အေးက “ဒီလို ပြုလုပ်ခွင့်ရတာ ကျေနပ်အားရတယ်။ ခေါင်းဆောင်တွေအနေနဲ့ ဒီလို ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ လုပ်တာ ၀မ်းသာတယ်။ ငြိန်းချမ်းမှုကို ကျမတို့ လို လားတယ်။”ဟု ကေအိုင်စီကို ပြောသည်။

ထိုလူထုတွေ့ဆုံပွဲအပြီးတွင် ကေအဲန်ယူ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့သည် ဘားအံမြို့ရှိ နှစ်ချင်းခရစ်ယာန် အသင်းတော် ဘုရား ကျောင်းသို့ သွားပြီး ၀တ်ပြုဆုတောင်းပွဲ ပြုလုပ်ခဲ့ပြီးနောက် နေ့လည် ၁၁နာရီကျော်အချိန်တွင် ဘားအံမြို့မှ ထွက်ခွာခဲ့ပြီး လက်ရှိ ရန်ကုန်မြို့ရှိ ဆီဒိုးနားဟိုတယ်တွင် တည်းခိုနေကြသည်။

ယနေ့ညနေ ညစာစားပွဲ မစားခင် ၇း၀၀နာရီခန့်တွင် ရန်ကုန်မြို့သို့ ရောက်ရှိနေသည့် ကေအဲန်ယူ ကိုယ်စားလှယ်အဖွဲ့ သည် အစိုးရဘက်မှ ရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်းဦးဆောင်ပြီး ပြည်တွင်းရှိ သတင်းထောက်များ၊ နိုင်ငံတကာ သတင်းထောက်များ၊ ရန်ကုန်မြို့ရှိ ဌာ နဆိုင်ရာဝန်ကြီးများ၊ နိုင်ငံတကာ ဧည့်သည်တော်များနှင့် တွေ့ဆုံကာ ဦးအောင်မင်းက ကေအဲန်ယူနှင့် အစိုးရတို့၏ ငြိမ်းချမ်းရေး ဖြစ် စဉ် တဆင့်များကို သတင်းထောက်များအား ပြောကြားခဲ့သည်။

ဦးအောင်မင်း “တချို့လူတွေက ကျနော်တို့ ငြိမ်းချမ်းရေးလုပ်တာ စောတယ်။ တချို့ နောက်ကျတယ်လို့ ပြောကြတယ်။ ဒီနှစ်ပေါင်း ၆၀ကျော် ကြာမြင့်တဲ့ကိစကြီးကို တထိုင်တည်းနဲ့ တနိုင်တပိုင်ဖြေရှင်းလို့ မရပါဘူး။ တဆင့်ချင်း တဆင့်ချင်း လုပ်ဆောင်သွားရမှာဖြစ်ပါတယ်။ ဒီမှာ ရှိတဲ့ ကရင်တိုင်းရင်းသားတွေအားလုံးက ထာဝရငြိမ်းချမ်းရေး ရရှိအောင် မဖြစ်မနေ ဆောင်ရွက်သွားကြမယ်ဆိုတာ ကတိပြုပြီး သား ဖြစ်တယ်။ နိုင်ငံတော်အစိုးရအနေနဲ့လည်း ထာဝရငြိမ်းချမ်း ရေး မရောက်ရောက်အောင် ဆောင်ရွက်သွားမယ်။”ဟု သတင်းထောက် များအား ပြောဆို သွားသည်။

ထိုတွေ့ဆုံပွဲတွင် ကေအဲန်ယူ အထွေထွေအတွင်းရေးမှူးချုပ် နော်စီဖိုးရာစိတ်က “ကျမတို့ အခု လာဆွေးနွေးတယ် ဆိုတာက ပြီးခဲ့တဲ့ ပဏာမဆွေးနွေးပွဲကို ဆက်လက်အကောင်အထည်ဖော်ဖို့ကို ကျမတို့ အ တူတကွ လက်တွဲ လုပ်ဆောင်သွားဖို့ လာရောက် ဆွေးနွေး တာဖြစ် တယ်။ အခု ငြိမ်းချမ်း ရေးကလည်း ကရင် အမျိုးသား တခုတည်း မဟုတ် ဘူး။ တိုင်းရင်းသား ပြည်သူတွေ အားလုံး အတွက်ဖြစ် တယ်။” ဟု ဆို သည်။

ကေအဲန်ယူ ကိုယ်စားလှယ် အဖွဲ့သည် အစိုးရနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် ပတ်သက်ပြီး ဆုံးဖြတ်ချက် ချနိုင်ဖို့ အတွက် မနက်ဖြန်တွင် ဆက်လက် ဆွေးနွေး သွားမည်ဖြစ်သည်ဟု သိရသည်။

No comments: