Sunday, April 1, 2012

အားလုံးစည်းကမ်းလိုက်နာလျှင် ရွေးကောက်ပွဲ တရားမျှတမည်ဟု ကြံ့ခိုင်ရေးပြော

နန်းသူးလေ( ကေအိုင်စီ)


နိုင်ငံရေးပါတီများအနေဖြင့် ရွေးကောက်ပွဲကော်မရှင်မှ ချမှတ်ထားသည့် စည်းကမ်းများလိုက်နာ ကြလျှင် ကြားဖြတ်ရွေးကောက်ပွဲသည် တရားမျှတမည် ဖြစ်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ(USDP)က ပြောကြားသည်။

“လိုက်နာရမယ့် စည်းမျဉ်း၊စည်းကမ်းများတွေကို အားလုံးလိုက်နာကြမယ်ဆိုရင်တော့ တရားမျှတမှာပါပဲ” ဟု USDP မှ ရန်ကုန်တိုင်းတာဝန်ခံ ဦးအောင်သိန်းလင်းက ပြောသည်။

မတ်လ ၃၀ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် NLD ပါတီ၏ သတင်းစာရှင်းလင်းပွဲတွင် ဒေါ်အောင်ဆန်းစုကြည် မှ ကြားဖြတ် ရွေးကောက်ပွဲ သည် လွတ်လပ်၍တရားမျှတမှု ရှိမည်မဟုတ်ကြောင်းပြောကြားချက်ကို ဦးအောင်သိန်းလင်း က ယခုကဲ့သို့ တုန့်ပြန်လိုက်ခြင်းဖြစ်သည်။

“ကျနော်တို့ မဲဆွယ်စည်းရုံးတဲ့ အခါမှာ သူများအနှောက်အယှက်မဖြစ်အောင် တခြားပါတီတွေလည်း မထိခိုက်အောင်မဲဆွယ် စည်းရုံးတဲ့ အတွက် ကျနော်တို့ကတော့ ဘာအဟန့်အတားမှ မရှိပါဘူး” ဟု ဦးအောင်သိန်းလင်း က ပြောသည်။

သို့သော် NLD ကမှု ပါတီ၏ မဲဆွယ်ပွဲခရီးစဉ်များနှောက်ယှက်ခံရခြင်း၊ ပါတီဆိုင်းဘုတ်များ ဖျက်ဆီးခံရခြင်းနှင့် ဒေါ်အောင်ဆန်း စုကြည် အား ပုတ်ခတ်ဝေဖန်ထားသည့် စာများ လိုက်လံဖြန့်ဝေမှုများရှိခဲ့ကြောင်း NLD မှ တာဝန်ရှိသူများက ပြောကြားသည်။

ဧပြီ ၁ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ကမ္ဘာမှ အထူးစိတ်ဝင်စားသည့် ရွေးကောက်ပွဲဖြစ်ပြီး နိုင်ငံတကာမှ ရွေး ကောက်ပွဲ လေ့လာသူများ စေလွှတ်ထားသည်။

ရန်ကုန်တိုင်းရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးကိုကိုက ကော်မရှင်အနေဖြင့် ကြားဖြတ်ရွေးကောက်ပွဲကို တရားမျှတမှုရှိစေရန် စီစဉ်ထား ကြောင်းနှင့် ဒေါ်အောင်ဆန်းစုကြည်၏ မှတ်ချက်သည် ပြိုင်ဘက်ပါတီများ အားရည်ရွယ်သည်ဟု ထင်ကြောင်းပြောကြားသည်။

“နိုင်ငံခြားကလူတွေကိုလည်း ဒီမဲရုံကိုကြည့်ပါ၊ ဟိုမဲရုံကိုကြည့်ပါ မပြောဘူး။ သူတို့ အစီစဉ်နဲ့သူတို့ ကြိုက်သလို သွားကြည့်နိုင်တယ်လို့ အန်ကယ်တို့က ပြောထားပြီးမှ၊ တရားမမျှတရင် အဲဒီလူတွေကို အစကတည်းက ဝင်ခွင့်ပေးမှာ မဟုတ်ပါဘူး” ဟု ဦးကိုကိုက ပြောသည်။

No comments: