Thursday, April 19, 2012

စစ်သားများ မြန်မာစစ်တပ်သို့ လက်နက်ချဝင်ခြင်း KIA ငြင်းဆို

KNG

ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA စစ်သားများ အစိုးရတပ်စခန်းသို့ လက်နက်ချ ၀င်ရောက်သွားသည် ဆိုသော သတင်းတွေ ထွက်ပေါ် နေသည်မှာ စစ်သား မဟုတ်ပဲ ပြည်သူ့စစ် အရပ်သား (MHH)အဖွဲ့သာ ဖြစ်ကြောင်း KIA က ငြင်းဆို လိုက်သည်။

KIA မှ တပ်ကြပ်ကျော်ဆန်း ဦးဆောင်သော အဖွဲ့ဝင် ၃၅ ဦးသည် မြစ်ကြီးနားမြို့တာလောကြီး ကျေးရွာတွင် အခြေချနေသည့် ခလရ ၃၇ တပ်စခန်းသို့ ဧပြီလ ၁၆ရက်နေ့ တွင် လက်နက်မျိုးစုံ ၂၃ လက်ဖြင့်ဝင်ရောက်လာ ခြင်းဖြစ်သည်ဟု အစိုးရ ကြေးမုံသတင်းစာနှင့် အခြား သတင်း ဌာန များတွင် ဖော်ပြ ထားသည်။

၎င်းနှင့်ပတ်သက်ပြီး KIO ဒု-စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော် ကိုဆက်သွယ်မေးမြန်းရာတွင် ကချင်လွတ် မြောက်ရေးတပ်ဖွဲ့ (KIA) စစ် သားများ မဟုတ်ဘဲ ၎င်းတို့ကို တိုက်နယ် အုပ်ချုပ်ရေးဌာနမှ ဖွဲ့စည်း ထားပြီး KIA က လက်နက်များ ထောက်ပံ့၍ ဖွဲ့စည်း ပေးထား သော ကျေးရွာ များမှ လာရောက် ကူညီ နေသော အရပ်သား ပြည်သူ့စစ် (MHH) အဖွဲ့များ ဖြစ်သည်ဟု ပြောသည်။

“သူတို့ကို ကျနော်တို့ဌာနချုပ်မှကိုင်တာမဟုတ်ဘူး။ ကျနော်တို့မှာလည်း သူတို့စာရင်းကောင်းကောင်းရှိတာ မဟုတ်ဘူး။ Duty လိုလို အချိန် ပိုင်းလုပ်အားပေးနေတဲ့ ပြည်သူ့စစ်အဖွဲ့ပေါ့။ စစ်မှု ထမ်းတော့ မ ဟုတ်တဲ့ ရွာ သားတွေဟုတ်တယ်။ တချို့ကတော့ လေ့ကျင့်ရေး သင်တန်း တောင် မယူပဲ ပါဝင် ကူညီတဲ့ လူတွေ လည်းပါတယ်။ သတင်း ဌာန တွေမှာ တော့ စစ်သား လို့ရေး နေကြတယ်။ စစ်သားတော့ မဟုတ် ဘူး။” ဟုပြောသည်။

ထိုသို့ဝင်ရောက်လာသော အဖွဲ့ဝင် ၃၅ ယောက်အား ယခုချိန် တာလောကြီး ကျေးရွာတွင် အခြေချနေသော ခလရ ၃၇ တပ်စခန်းမှ ဒု-ရင်းမှုးက လက်ခံနေရာချထားပေးကြောင်း VOA မြန်မာပိုင်း သတင်း ဌာနတွင် ဖော်ပြထားသည်။ ၎င်းတို့သည် တာလောကြီး ကျေးရွာ များတွင်နေထိုင်သူများဖြစ်ကြောင်း KIA အရာရှိတစ်ဦး ကပြောသည်။

လက်နက်ချရသည့်အကြောင်းရင်းမှာ သင်္ကြန်ချိန် ခွင့်ယူရန် ခွင့်တောင်းရာတွင် အထက်အရာရှိမှ အခြေအနေမကောင်းသဖြင့် ခွင့်မပေး သောကြောင့် အချင်းချင်း သဘောထားချင်း မတိုက် ဆိုင်မှု တွေ ကြောင့် ဖြစ်သည်ဟု ဗိုလ်မှုးချုပ် ဂွန်မော်ကပြောသည်။

“သူတို့က သင်္ကြန်မှာခွင့်တောင်းတယ်။ အထက်ကတော့ သင်္ကြန်ချိန်မှာလည်း အခြေအနေမ ကောင်းလို့ဆိုပြီး ခွင့်မပေး ဘူးတဲ့။ အဲဒါနဲ့ နည်းနည်းစကားများ ရန်ဖြစ်ကြတာတဲ့။ အသေးစိတ်တော့ ကျနော်တို့လည်း မသိသေးဘူး။ လက်နက်တွေလည်းပါသွားတယ်လေ။” ဟုပြောသည်။

ဧပြီ ၂၇ ရက်နေ့တွင်လည်း မြစ်ကြီးနားအစိုးရတပ်စခန်းတွင် KIA တပ်ဖွဲ့ဝင် ၂ ဦး၊ တာလောကြီးနယ်မြေရှိ တပ်စခန်းတွင် ၅ ဦးထပ်မံ ၀င် ရောက်ခဲ့ရာ စုစုပေါင်း ၄၂ ဦးဖြစ်ကြောင်း ဧပြီ ၁၈ ရက်နေ့၊ ဗုဒ္ဓဟူး နေ့ ထုတ် နိုင်ငံပိုင် ကြေးမုံသတင်းစာတွင်ဖော်ပြထားသည်။

သို့သော် ယခုလိုဖြစ်ရခြင်း၏ အဖြစ်အပျက်များကို ဆက်လက်စုံစမ်းသွားရန်ရှိကြောင်း ဗိုလ်မှုးချုပ် ဂွန်မော်ကပြောသည်။

“ဘာကြောင့်ဒီလိုဖြစ်သွားတယ်ဆိုတာကို ဆက်ပြီးစုံစမ်းသွားမယ်လေ။ သူတို့ကိုလည်း အပြစ်ပေးလို့ မရဘူးလေ။ သူတို့က လုပ်အားပေး ဆိုတော့ ဒါပေမဲ့ကျနော်တို့ဘက်က လက်နက်တွေပါသွားတဲ့ အ တွက် ကြောင့် အဲဒါနဲ့ ပတ်သက်ပြီး ဘယ်လို လုပ်မယ် ဆိုတာကို အစည်း အဝေး ကြမှ ဆုံးဖြတ် သွားမယ်။” ဟု ပြောသည်။

No comments: