Friday, April 6, 2012

KNU နှင့် ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေးမည်

ကိုပေါက်

ငြိမ်းချမ်းရေး ဆွေးနွေး ပွဲများ ပြုလုပ်ရန် ရန်ကုန်မြို့သို့ ရောက်ရှိ နေသည့် ကရင် အမျိုးသား အစည်း အရုံး KNU ကိုယ်စားလှယ် များနှင့် အမျိုးသား ဒီမို ကရေစီ အဖွဲ့ချုပ် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စု ကြည်တို့ တနင်္ဂနွေ နေ့တွင် တွေ့ဆုံရန် ရှိကြောင်း သိရသည်။

“၈ ရက်နေ့ တွေ့မယ်လို့ သိရပါတယ်။ တခြားတော့ ဘာမှ မသိရ သေးပါဘူး။ အစောကြီး ကတည်းက ကျနော်တို့ တတ်နိုင်တဲ့ ဘက်ကနေ လုပ်ပေး မယ်ဆိုပြီး ပြောနေတာ ကြာလှပါပြီ” ဟု ပါတီ ပြောခွင့်ရ ဦးဟံသာမြင့် က မဇ္ဈိမကို ပြောသည်။

အထွေထွေ အတွင်း ရေးမှူး နော်ဇီဖိုး ရာစိန် ခေါင်းဆောင်သည့် KNU ကိုယ်စားလှယ် အဖွဲ့သည် အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးရေး အဖွဲ့နှင့် ဒုတိယ အကြိမ် ဆွေးနွေးရန် ရောက်ရှိ နေကြ ခြင်း ဖြစ်သည်။

အစိုးရအား ၆၃ နှစ်ကြာ လက်နက်ကိုင် တိုက်ခဲ့သည့် KNU မှာ ဇန်နဝါရီလ ၁၂ ရက်နေ့က အစိုးရနှင့် အပစ် အခတ် ရပ်စဲရေး ပဏာမ သဘောတူ လက်မှတ် ရေးထိုး နိုင်ခဲ့ပြီး သောကြာနေ့ ဆီဒိုးနား ဟို တယ် တွင် အစိုးရနှင့် အသေးစိတ် အချက် အလက်များအား ဆက်လက် ဆွေးနွေး ကြမည် ဖြစ်သည်။

တိုင်းရင်းသား လက်နက်ကိုင် များနှင့် ပတ်သက်၍ သမ္မတ ဦးသိန်းစိန် အစိုးရ အနေဖြင့် အဆင့် သုံးဆင့် ချမှတ်ပြီး ပြည်တွင်း ငြိမ်းချမ်းရေး ရရှိရန် ဆောင်ရွက် နေရာ ပြည်နယ် အဆင့် အပစ် အခတ် ရပ်စဲ ပြီးနောက် ပါတီများ ထူထောင်ပြီး လွှတ်တော်ထဲ ဝင်ရောက်ကာ ဆွေးနွေးရန် ဖြစ်သည်။

NLD အနေ ဖြင့်လည်း ကြားဖြတ် ရွေးကောက်ပွဲ ကြွေးကြော်သံ တခုအဖြစ် ပြည်တွင်း ငြိမ်းချမ်းရေး အတွက် ဆောင်ရွက် မည်ဟု ဆိုထားပြီး တတ်နိုင် သရွေ့ ပါဝင် ကူညီ ဆောင်ရွက် ပေးမည်ဟု ဒေါ်အောင် ဆန်း စုကြည်က ကမ်းလှမ်းထားသည်။

KNU မှ ခွဲထွက် အဖွဲ့ တခုဖြစ်သည့် ဗိုလ်ချုပ် ထိန်မောင် ၏ ကရင် ငြိမ်းချမ်းရေး ကောင်စီ နှင့်လည်း တကြိမ် တွေ့ဆုံ ခဲ့ဖူးပြီး ဖြစ်ကြောင်း NLD ပြောခွင့်ရ ဦးအုန်းကြိုင်က ပြောသည်။

No comments: