မွေခေါဝ်
သျှမ်းပြည်မြောက်ပိုင်း မူစယ်မြို့ ပြည်သူ့ဆေးရုံကို မြို့ပြင်သို့ ပြောင်းရွှေ့ရန် အာဏာပိုင်များက စီစဉ် လျက်ရှိကြောင်း ဒေသခံများ ပြော ပြ ချက်အရ သိရှိရပါသည်။
“မြို့ပတ်လမ်းမှာရှိတဲ့ အဆင့်မြင့် အားကစားကွင်းဘေးကို ပြောင်းခိုင်းတာ။ မြို့ပြင်ပေါ့။ လူနေအိမ် လည်းမရှိ။ လက်ရှိဆေးရုံကိုတိုးချဲ့မယ် ဆိုရင် ကောင်းတာပေါ့။ မြို့လယ်ခေါင်မှာရှိတော့ လိုအပ်တဲ့ ဆေးတွေ စားစရာတွေ ဝယ်ရတာ လွယ်တယ်။ ပြည်ထောင်စု လမ်းမကြီးနဲ့လည်း နီးတယ်။ သွားလာရ လွယ်ကူ အဆင်ပြေတယ်။ လုံခြုံရေးလည်း ရှိတယ်လေ” ဟု မူစယ်ဒေသခံတစ်ဦးက ပြောပါသည်။
ဂျန္နဝါရီလဆန်းပိုင်းခန့်က မူစယ်ဆေးရုံအုပ်အား ခရိုင်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးက ဆေးရုံပြောင်းရွှေ့ရန်ကိစ္စနှင့် ပတ် သက်၍ ခေါ်ယူပြောဆိုခဲ့ကြောင်း၊ ဆေးရုံအုပ်က ပြောင်းရွှေ့ရန် သဘောမတူကြောင်း ဆေးရုံတက် လူနာတစ်ဦး၏ မိသားစုဝင်က ဤကဲ့ သို့ ပြောပါ သည်။
“ခေါ်တွေ့တော့ ဆေးရုံအုပ်က သဘောမတူဘူးပေါ့။ ဒါပေမဲ့ ခရိုင်အုပ်ချုပ်ရေးမှူးတွေက သဘောတူတူ မတူတူဆေးရုံရွှေ့ရအောင်လုပ်မယ် လို့ ပြောလာတယ်လို့ ကြားတယ်။ ဒီမိုကရေစီလို့သာ ပြောတယ်။ အာဏာနဲ့ ဖိနှိပ် ချိန်းခြောက်နေ တာတွေက ရှိနေသေးတယ်။ လူသူနဲ့ ဝေးတဲ့ မြို့ပြင်ကို ပြောင်းခိုင်း တော့ ဘယ်သူက ပြောင်းချင်မှာလဲ။”
ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တွေ့ဆုံပြီးနောက် ဆေးရုံအုပ်က သျှမ်းပြည်နယ် ဝန်ကြီးချုပ် စဝ်အောင်မြတ်၊ သျှမ်းပြည်နယ် ကျန်းမာရေးဝန်ကြီး ဒေါက်တာမျိုးထွန်းနှင့် သွား ရောက်တွေ့ဆုံခဲ့ကြောင်း၊ ဆေးရုံပြောင်းရွှေ့ရန်ကိစ္စနှင့် ပတ်သက်ပြီး ပြည်နယ်လွှတ်တော် အစည်းအဝေး၌ ဆွေးနွေးနိုင်ရန် စာတင်မည်ဖြစ်ကြောင်း ဆေးရုံအသိုင်းအဝိုင်းက ပြောပါသည်။
“ဗိုလ်ချုပ်ခင်ညွှန့်ခေတ်ကတည်းက စီမံကိန်းရှိထားတာ။ အကောင်အထည် မဖော်နိုင်ခဲ့ဘူး။ ဒီနှစ်မှ အကောင်အထည်ဖော်တာ။ ဘာကြောင့် ပြောင်းခိုင်းသလဲဆိုတာ သေသေချာချာ မသိရဘူး။ ဆေးရုံ မြေနေရာမှာ ကုမ္ပဏီက အဆင့်မြင့်ဂေဟာတွေဆောက်ပြီး ရောင်းမယ်လို့တော့ ကြားတယ်” ဟု မူစယ်ခေတ်လူငယ်တစ်ဦးကလည်း ပြောပါသည်။
လက်ရှိဆေးရုံမြေနေရာအား ‘ထုန့်မောဝ်း’ ကုမ္ပဏီမှ ဝယ်ယူမှာဖြစ်ကြောင်း၊ ဆေးရုံပြောင်းရွှေ့ရန် သဘောတူညီချက် ရရှိသည့်အချိန်မှ မြေ ၅ ဧက အကျယ်အဝန်းရှိ အဆင့်မြင့် အားကစားကွင်းဘေး၌ ဆေးရုံသစ်ဆောက်လုပ်ပေးမှာဖြစ်ကြောင်း သိရှိရပါသည်။

No comments:
Post a Comment