Sunday, January 13, 2013

ရခိုင်ပြည်၌ သစ်ထုတ်လုပ်မှုကြောင့် ပြုန်းတီးသွားသောနေရာများတွင် သစ်ပင်များ ပြန်လည်အစားထိုး စိုက်ပျိုးရန်လိုအပ်နေ

မိုးဇော်

မြန်မာစစ်အစိုးရအဆက်ဆက် ရခိုင် ပြည်ရှိသစ်တောများမှသစ်များကိုစည်း ကမ်းမဲ့ထုတ်ယူကာ ပုဂ္ဂလိကပိုင်ကုမ္ပဏီများအား ရောင်းချမှုကြောင့် ပြုန်းတီး သွားခဲ့သော သစ် တောများတွင် သစ်ပင်များပြန်လည် အစားထိုး စိုက်ပျိုးရန် လိုအပ်နေကြောင်း သဘာပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ဒေသဖွံ့ဖြိုးရေး အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ကိုသန်းလှိုင်က ပြောဆိုလိုက်သည်။

ရခိုင်ပြည်ရှိ သစ်တောများပြုန်တီးရခြင်းနှင့် ပတ်သက်၍ " အဓိကအကြောင်း ရင်းကတော့ မြန်မာစစ်အစိုးရအဆက်ဆက် ရခိုင်ပြည်ရှိ သစ်တောတွေကို အ များပိုင်ကုမ္ပဏီနှင့် ပုဂ္ဂလိကပိုင်ကုမ္ပဏီတွေကို ရောင်းစားတယ်။ ကုမ္ပဏီတွေ ကလည်း သူတို့ဝယ်ထားတဲ့ သစ် တော တွေဆိုပြီး အမြစ်ပါမကျန်အောင် အ ကုန်လုံးခုတ်လှဲတာပါပဲ။ သစ်ပင်တွေကို အကြီးအငယ်မခွဲဘဲအားလုံးကိုခုတ် လှဲလိုက်တော့ သစ်တောပြုန်းတီးတဲ့ ပြဿနာဖြစ်လာတာပေါ့။ ပြီးတော့ အဲဒီ ခုတ်လှဲတဲ့နေရာတွေမှာ ပြန်လည်အစားထိုးစိုက်ပျိုးတာမရှိဘူးလေ။ဒါကြောင့် သစ်တောတွေပြုန်းတီးမှုနှုန်းက မြန်ဆန်လာတယ်။နောက်တစ်ခုကရခိုင် ပြည် အ တွင်း မီးသွေးထုတ်လုပ်မှုပါ။ မီးသွေးတွေ ထုတ်လုပ်တော့ ဒီရေတောတွေ ကို ပြုန်းတီးစေတယ်။ ဒါပေမယ့်မြန်မာနိုင်ငံဟာသဘာဝသယံ ဇာတပေါ့ကြွယ် ဝတဲ့နိုင်ငံဆိုပေမယ့်လည်း ပြည်သူလူထုတွေ အခြေခံလိုအပ်ချက် လျှပ်စစ် စွမ်းအင်ကိုသုံးစွဲခွင့် မရဘူးဆိုတော့ မီးသွေး တွေ ကိုဘဲ ယခုအချိန်ထိ အသုံး ပြုနေကြရ တယ်။ " ဟု ကိုသန်းလှိုင်က အာရ်ကန်တိုင်းမ်စ်သို့ ပြော သည်။

ရခိုင်ပြည်တွင် ပျဉ်းကတိုးသစ်မှာ တောင်ကုတ်၊ အမ်း၊ မအီစသည့် မြို့များ တွင် အများဆုံးထွက်ရှိသော်လည်း ယခုအခါ ယင်းမြို့များ တွင်ပျဉ်းကတိုး သစ် မှာ ခုတ်လှဲစရာမရှိလောက်အောင် ပြုန်းတီးနေပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ သစ်တောများပြုန်းတီးမှုသည် လူသားများနှင့်သဘာဝပတ်ဝန်းကျင်အတွက် သဘာဝဘေးအန္တရယ်အား စိန်ခေါ်မှုကြီး တစ်ရပ်ဖြစ် နေ ကြောင်း ဆက်လက်ပြောကြားသွားသည်။

" သစ်တောတွေပြုန်းတီးလာတာနဲ့အမျှ ကျနော်တို့လူသားတွေနဲ့ သဘာဝပတ်ဝန်းကျင်ကိုပါ ထိခိုက် နိုင်လာပါတယ်။ ဘာဖြစ်လို့လဲဆို တော့ သစ်တောတွေဟာ သဘာဝဘေးအန္ဒရာယ်ဖြစ်တဲ့ မုန်တိုင်းဒဏ်၊ မိုးဒဏ်၊ နေဒဏ်တွေကို ကာ ကွယ်ပေးနိုင်တယ်။ သစ်တောတွေမရှိတော့ ဘူးဆိုရင် နေရာအကွက်လိုက် အေးတာတွေရှိမယ်၊ မိုးပြင်းထန်တာတွေရှိမယ်၊ ရေကြီးတာ တွေရှိမယ်၊ ရာသီဥတု မညီမျှမှုတွေဖြစ်လာမယ်၊ ရေကြီးရေလျှံမှုတွေဖြစ်လာပြီး လူတွေရဲ့ အိုးအိမ်ပျက်စီးတာတွေ ဖြစ်လာနိုင်ပါတယ်။ ရခိုင်ပြည်သူတွေဟာ သစ်တောတွေပြုန်းတီးသွားတဲ့ အ တွက် အလွန်ဆိုးရွားတဲ့ သဘာဝဒဏ်တွေကို ခံရနိုင်တယ်။ " ဟု ကို သန်းလှိုင်က ဆက်လက်ပြောကြားခဲ့သည်။

ထို့အပြင် ရခိုင်လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှ သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ် ထိန်းသိမ်းကာကွယ်ရေးဌာနမှ ကိုစိုးမင်း က လည်း သစ်တောများအရေးပါပုံနှင့်ပတ်သက်၍ " ဥပမာ တစ်ခုအနေနဲ့ ပြောရမယ်ဆိုရင် ၂၀၀၈ ခု ဧရာဝတီမြစ်ဝကျွန်းပေါ်မှာ နာဂီစ်းမုန်တိုင်း တိုက်သွားတာနဲ့ ၂၀၁၀ ရခိုင်ပြည်မှာ ဂီရိမုန်တိုင်းတိုက်သွားတာကို နှိုင်းယှဉ်ကြည့်မယ်ဆို ရင် ဂီရိမုန်တိုင်းဟာ နာဂီစ်မုန်တိုင်းထက် လေတိုက် နှုန်းပြင်းထန်သေးတယ်။ အသေအပျောက် အိုးအိမ်အပျက်အစီးတွေရှိပေမယ့် ဂီရိ မုန်းတိုင်းမှာ အသေအပျောက် အပျက်အစီးတွေက နာဂီစ် လောက် မများခဲ့ဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ရခိုင်ပြည်မှာ တောင်တွေ၊ သစ် တောတွေ ရှိနေတယ်၊ လေမုန်တိုင်းနဲ့အတူပါလာတဲ့ရေတွေ ကို လူတွေနေတဲ့နေရာသို့ တိုက်ရိုက်မဝင်ရောက်နိုင်အောင် အဲဒီသစ် တောနဲ့ တောင်တန်းတွေက ကာကွယ်ပေးတယ်။ ဒါကြောင့် သစ်ခုတ် မှုကြောင့် ပြုန်းတီးသွားတဲ့ သစ်တောတွေမှာ ပြန်လည်ပြီးတော့ သစ်ပင်တွေ အစားထိုးစိုက်ပျိုးရန် အရေးတကြီးလိုအပ်နေပါတယ်။ " ပြော သည်။

ထို့ကြောင့် သစ်ထုတ်လုပ်သော ကုမ္ပဏီကြီးများက ရခိုင်ပြည်အတွင်းရှိ သစ်ပင်များအား စည်းကမ်းမဲ့ သစ်ပင်ခုတ်လှဲနေခြင်းများအား ရပ် တန့်ရန်လိုအပ်ကြောင်းနှင့် ပြုန်းတီးသွားသော သစ်တောများတွင် အစိုးရအနေဖြင့်သစ်ပင်များပြန်လည်အစားထိုးစိုက်ပျိုးပေးရန်တာဝန် ရှိကြောင်း ဒေသဖွံ့ဖြိုးရေး အဖွဲ့အစည်းများ၏ ပြောဆိုမှုများထွက်ပေါ်လျှက်ရှိသည်။

No comments: