Saturday, July 27, 2013

ယာဉ်ထိန်းရဲဝတ်စုံဝတ်ဆင်ကာ မိုက်ကယ်ဂျက်ဆင်အကဖြင့် ရိုက်ကူးခဲ့သည့် ကြော်ငြာအတွက် လာမည့်အပတ်တွင်အမှု စတင်ရင်ဆိုင်ရမည်

ပန်းမြတ်ဇော်

ယာဉ်ထိန်းရဲဝတ်စုံ ၀တ်ဆင်ကာ မိုက်ကယ်ဂျက်ဆင်အကကို ဆူးလေလမ်းမလယ်တွင် ဇူလိုင် ၁၃ ရက် က ကပြရိုက်ကူးခဲ့သည့် ကိစ္စနှင့်ပတ်သက်ပြီး လာမည့်အပတ်တွင် တရားရင်ဆိုင်ရတော့မည်ဖြစ်ကြောင်း ဒါရိုက်တာဇော်ကိုကိုက မဇ္ဈိမသို့ ပြောကြားသည်။

အဆိုပါကြော်ငြာရိုက်ကူးမှုတွင် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝတ်စုံအား ခွင့်ပြုချက်တစ်စုံတစ်ရာမရှိဘဲ ယာဉ်ထိန်း ရဲတပ်ဖွဲ့ဝင်တစ်ဦး အဖြစ်ဝတ်ဆင်အသုံးပြုခဲ့ပြီး ရန်ကုန်မြို့လယ်ရှိ လူအများစည်ကားရာနေရာတွင်ယာဉ် ထိန်းရဲဝတ်စုံ ၀တ်ဆင်ကာရိုက်ကူးခဲ့သည့်အတွက် ယာဉ်ထိန်းရဲတပ်ဖွဲ့၏ ဂုဏ်သိက္ခာညှိုးနွမ်းကျဆင်းအောင်ရည်ရွယ်ခြင်းဖြစ်သည့်အတွက် အရေးယူပေးပါရန် ရဲမှူးသာဌေးက ကျောက်တံတားရဲစခန်းသို့ တိုင်တန်းခဲ့ခြင်းကြောင့် အခုလိုတရားရင်ဆိုင်ရခြင်းဖြစ်သည်။

ဒါရိုက်တာဇော်ကိုကိုက “နောက်တစ်ပတ်မှာ တရားရင်ဆိုင်ရမယ်ဆိုတာပဲသိတယ်။ ဥပဒေနဲ့ပတ်သက်တာဖြစ်လို့သေချာမသိဘူး။ အဲဒီအတွက် ဘာမှကြိုတင်ပြင်ဆင်ထားတာမရှိပါဘူး။ ကျွန်တော်တို့ကတော့ ရိုးရိုးလေးပဲလုပ်ခဲ့တာကြောင့် ဂုဏ်သိက္ခာကျအောင် လုပ်တာမဟုတ်ဘူးဆိုတာကိုတော့ သေချာ ရှင်းပြမှာပါ။ အနုပညာဆိုတာ ခံစားချက်နဲ့ လုပ်တာများလို့ အခုအနုပညာအလုပ်တွေ အကုန်နီးပါးရပ်ထား တယ်။ ဒီကိစ္စပြီးသွားပြီဆိုရင် နောက်ပိုင်းမှာ အများကြီးပြန်သုံးသပ်ရမယ်”ဟု ပြောပြသည်။

အဆိုပါကြော်ငြာရိုက်ကူးရာမှာ Life & Dance မှ မင်းမင်းထွဏ်းက ယာဉ်ထိန်းရဲဝတ်စုံဝတ်ကာ မိုက်ကယ်ဂျက်ဆင်အကအား တင်ဆက်ခဲ့သူဖြစ်ပြီး ယင်းတရားစွဲဆိုခံရမှုတွင်လည်း ပါဝင်သူတစ်ဦးလည်းဖြစ်သည်။ Life & Dance မှ မင်းမင်းထွဏ်းက “ဒီကိစ္စမှာ ကျွန်တော်က၀တ်စုံဝတ်ခဲ့သူဆိုတော့ စိတ်တော့ပူပါတယ်။ တခြားသတင်းတစ်စုံတစ်ရာတော့ မကြားမိသေးဘူး။ ရှုတင်မှာလည်း ခိုင်းတဲ့အတိုင်းလုပ်ခဲ့တာဆိုတော့ အခုလည်းကုမ္ပဏီဘက်ကပဲ အကုန်လိုက်စီစဉ်ပေးနေပါတယ်။ ရှေ့နေငှားတာကအစ ကုမ္ပဏီဘက်ကပဲ လုပ်တယ်” ဟု ပြောပြသည်။

ယင်းသို့တရားစွဲဆိုခံရမှုတွင် ကြော်ငြာရိုက်ကူးသည့် Mango ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးလည်း ပါဝင်သည်။

No comments: