Saturday, July 27, 2013

တွေ့ဆုံဆွေးနွေးပွဲ နှင့် ရင်ဆိုင် တိုက်ပွဲများ အားပြိုင်နေသော TNLA အခြေအနေ

တအာင်းသားလေး
အစိုးရနှင့် တွေ့ဆုံ ဆွေးနွေးရေး အတွက် ပြင်ဆင်နေသည့် အချိန်တွင် အစိုးရ တပ်ဖွဲ့ နှင့် ပန်ဆေး ပြည်သူ့စစ် တပ်ဖွဲ့ တို့သည် တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တပ်ရင်း ၁၁၂ တပ်ဖွဲ့အား ၀င်ရောက် တိုက်ခိုက် ခဲ့သည်ဟု ပြောခွင့်ရသူ ဒုတိယ ဗိုလ်မှူးကြီး တာဘုန်းကျော်က ဆိုပါသည်။

“ တိုက်ပွဲ ဖြစ်တဲ့ နေရာ ကတော့ ကွတ်ခိုင်မြို့နယ် ကန်ပါဖို ကျေးရွာ နားမှာပါ။ အချိန် ကတော့ မနေ့ ညနေ (၅) နာရီခွဲ ကနေ (၆) နာရီခွဲအထိ ဖြစ်ပွား ခဲ့ပါတယ်။ အဲဒီ အချိန်မှာ ကျနော်တို့ တပ်ဖွဲ့က ဘိန်းတိုက်ဖျက်ရေး စီမံကိန်းကို လိုက်လံ ဟောပြောနေချိန်မှာ သူတို့က ၀င်လာတော့ လုံခြုံရေး ယူထားတဲ့ ကျနော်တို့ တပ်ဖွဲ့နဲ့ ထိပ်တိုက် တိုးတာပါဘဲ” ဟု ဆိုပါသည်။

အစိုးရတပ်ဖွဲ့ ပန်ဆေး ပြည်သူ့ စစ်တို့သည် အင်အား (၆၀) ခန့် ရှိပြီး၊ ထိခိုက်မှု များဖွယ် ရှိသဖြင့် နောက်ဆုတ် သွားခဲ့ ရကြောင်း၊ ယခု တိုက်ပွဲတွင် TNLA ဖက်မှ နှစ်ဦး ဒါဏ်ရာ ရရှိ ခဲ့သည်ဟု ဆိုပါသည်။

TNLA သည် ၂၀၁၃-၂၀၁၄ ခုနှစ်၏ ဘိန်းတိုက်ဖျက်ရေး စီမံကိန်းကို ပြည်သူ လူထုအား လိုက်လံ ရှင်းလင်း နေပါသည်။ ဤကဲ့သို့ ဘိန်းတိုက်ဖျက်ရေး အစီအစဉ်များ လှုပ်ရှားတော့မည် ဆိုလျှင် အစိုးရ တပ်ဖွဲ့နှင့် ပန်ဆေး ပြည်သူ့ စစ်များ၏ လိုက်လံ တိုက်ခိုက်ခြင်းကို ခံရစမြဲ ဖြစ်ကြောင်း ဆိုပါသည်။

ဤသို့ကြောင့် လုံခြုံရေးကို နေရာကောင်း ယူထားပြီးကာမှ လူထု ရှင်းလင်းပွဲ များကို ကျင်းပရသည့် လုပ်ရိုး ထုံးစံမျိုး ဖြစ်နေခဲ့သည်မှာ ကြာခဲ့ပြီး ဖြစ်သည်ဟု ဆိုပါသည်။

သို့သော်လည်း ဘိန်းတိုက်ဖျက်ရေး အစီအစဉ်ကိုမူ ဆက်လက် ဆောင်ရွက် သွားမည် ဖြစ်သဖြင့် ရှေ့ဆက်လည်း တိုက်ပွဲ ဖြစ်လာ ဦးမည်ဟု TNLA ဖက်မှ ခံယူ ထားကြောင်း၊ TNLA ၏ ၂၀၁၃-၂၀၁၄ ခုနှစ်၏ ဘိန်းတိုက်ဖျက်ရေး စီမံကိန်းသည် တအင်းဒေသ ဘိန်းတိုက်ဖျက်ရေး အစီအစဉ်၏ အထူး ဆောင်ရွက် သွားရမည့် နှစ်ဖြစ်သည်ဟု ရည်ရွယ် ထားကြောင်း ဆိုပါသည်။

ဤကဲ့သို့ TNLA နှင့် အစိုးရ တပ်ဖွဲ့တို့ တိုက်ပွဲ ဖြစ်နေချိန်တွင် တဖက်မှာလည်း ပလောင် လွတ်မြောက်ရေး တပ်ဦး (PSLF) နှင့် အစိုးရ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး ကော်မီတီတို့သည် အပစ်အခတ် ရပ်စဲရေး အတွက် ညှိနှိုင်းနေကြဆဲ ဖြစ်သည်ဟု ဆိုပါသည်။ ၄င်းတို့၏ တွေ့ဆုံ ဆွေးနွေးမည့် အစီအစဉ် များကိုမူ မကြာခင် သိရှိနိုင်ဖွယ် ရှိကြောင်း ဆိုပါသည်။

No comments: