Friday, July 26, 2013

လက်ပံတောင်း စီမံကိန်းကြောင့် ထိခိုက်မှုစစ်တမ်း တလကျော်အတွင်း ထွက်မည်

ခိုင်ခိုင် | သောကြာနေ့၊ ဇူလိုင်လ ၂၆ ရက် ၂၀၁၃

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့်ကြောင့် သဘာဝပတ်ဝန်းကျင်နှင့် လူမှုဘဝအပေါ်သက်ရောက်မှုများကို ကောက်ယူမည့် စစ်တမ်းသည် လာမည့် စက်တင်ဘာလ အတွင်း ထွက်ရှိမည်ဟု သမ္မတရုံးဝန်ကြီး ဦးလှထွန်း က ဇူလိုင် ၂၅ ရက် လွှတ်တော်တွင် ပြောကြားခဲ့သည်။

ဝမ်ပေါင်ကုမ္ပဏီနှင့် အစိုးရတို့ ချုပ်ဆိုထားသည့် စာချုပ်ကို ပြင်ဆင်ချုပ်ဆိုရာတွင် ထိုအချက်ကို ထည့်သွင်း လိုက်ခြင်းဖြစ်ကြောင်း လက်ပံတောင်းတောင် အစီရင်ခံစာ အကောင်အထည်ဖော်ရေး ကော်မတီဥက္ကဋ္ဌလည်းဖြစ်သူ အဆိုပါ ဝန်ကြီးက ပြောကြားလိုက်ခြင်း ဖြစ်သည်။

ရဟန်းတော်များ၊ ဒေသခံများနှင့် တက်ကြွလှုပ်ရှားသူများက ထိုစီမံကိန်းကို ကန့်ကွက်ဆန္ဒပြမှုများ ပြင်းထန်ခဲ့ပြီး ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၂၉ ရက်တွင် စီမံကိန်းနယ်မြေအတွင်း ဆန္ဒပြနေသည့် သပိတ်စခန်းများကို ရဲများက အကြမ်းဖက် ဖြိုခွင်းခဲ့ကြ၍ တနိုင်ငံလုံးက ထိုလုပ်ရပ်ကို ကန့်ကွက် ရှုတ်ချခဲ့ကြသည်။

ထိုသို့ ကန့်ကွက်မှုများ ဖြစ်လာ၍ အစိုးရက ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော စုံစမ်းစစ်ဆေးရေး ကော်မတီကို ဖွဲ့စည်းပေးခဲ့သည်။ ကော်မတီ၏ အစီရင်ခံစာထွက် ရှိပြီးနောက်တွင် ယင်းအစီရင်ခံစာကို အကောင်အထည်ဖော်ရန်ကော်မတီတခု ထပ်မံဖွဲ့စည်းခဲ့ပြန်ရာ သမ္မတရုံးဝန်ကြီး ဦးလှထွန်း က ဦးဆောင်ခဲ့သည်။

ကန့်ကွက်ဆန္ဒပြမှုများကြောင့် အစိုးရသည် ထိုစီမံကိန်းလုပ်ဆောင်နေသည့် တရုတ်ပိုင် ဝမ်ပေါင်ကုမ္ပဏီနှင့် အစိုးရစစ်တပ်မှ ထိပ်တန်းအရာရှိကြီးများက ထူထောင်ထားသည့် ဦးပိုင်လီမိတက်တို့နှင့် မူလချုပ်ဆိုထားသော စာချုပ်ကိုပြန်လည်ပြင်ဆင် ချုပ်ဆိုခဲ့ရသည်။

ထိုစာချုပ်သစ်တွင် စီမံကိန်းကြောင့် ထိခိုက်မှုများကို ဝမ်ပေါင်ကုမ္ပဏီက တာဝန်ယူရန် ထည့်သွင်းချုပ်ဆိုထား လိုက်သည်ဟုလည်း ဝန်ကြီးဦးလှထွန်းက အမတ်များကို ပြောပြခဲ့သည်။ ယခင်စာချုပ်တွင် စီမံကိန်းကြောင့် ထိခိုက်သည်များအပေါ် တာဝန်ယူမှုကိစ္စကို တိတိကျကျ မဖော်ပြခဲ့သဖြင့် ယခုလိုပြန်လည်ပြင်ဆင်ခြင်း ဖြစ်သည်ဟုလည်း သူက ဆိုသည်။

စီမံကိန်းကြောင့် သဘာဝပတ်ဝန်းကျင် မထိခိုက်ရေးအတွက် အကောင်းဆုံး လုပ်ဆောင်မှုများ ဆောင်ရွက်နိုင်ပါကဒေသခံများကလည်း ကြေးနီစီမံကိန်းကို လက်ခံနိုင်သည်ဟု ဆည်တဲ ကျေးရွာနေ ဒေသခံများက မဇ္ဈိမကို ပြောသည်။ သို့ရာတွင် ထိခိုက်နစ်နာခဲ့မှုများကို ပြန်လည်ပြင်ဆင်နိုင်လိမ့်မည်ဟု အလွယ်မတွေးစေလိုကြောင်း ထိုဒေသခံတို့ ဆက်ပြောသည်။

အစိုးရကလည်း စာချုပ်သစ်တွင် လက်ပံတောင်း စီမံကိန်းကြောင့် ထိခိုက်မှုစစ်တမ်းကို အစိုးရက ထောက်ခံချက် ပေးသည့် သြစတေးလျအခြေစိုက် ကုမ္ပဏီတခုနှင့် ပူးပေါင်းကာ ကောက်ယူရမည်ဟု ထည့်သွင်းချုပ် ဆိုထားသည်။

ထို့ပြင် စီမံကိန်းဒေသ ပြန်လည်ထူထောင်ခြင်း လုပ်ငန်း ဆောင်ရွက်ရန် ဝမ်ပေါင်ကုမ္ပဏီက နှစ်စဉ် အမေရိကန်ဒေါ်လာနှစ်သန်းကို မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် သို့မဟုတ် မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ်တွင် စာရင်းတခုဖွင့်လှစ်ကာ ထည့်ဝင်သုံးစွဲသွားရမည်ဟုလည်း စာချုပ်သစ်တွင် ထည့်သွင်းချုပ်ဆိုခဲ့သည်။

ဝမ်ပေါင် ကုမ္ပဏီအနေဖြင့် လူမှုရေးအရ တာဝန်ယူသော လုပ်ငန်းများ ဆောင်ရွက်ရန် ကြေးနီ ထုတ်လုပ်မှုလုပ်ငန်း မစတင်မီ တနှစ်လျှင် အမေရိကန်ဒေါ်လာ တသန်းနှင့် ထုတ်လုပ်မှု စတင်ပြီဆိုသည်နှင့် နှစ်စဉ် အမြတ်ငွေ၏နှစ်ရာခိုင်နှုန်းကို သုံးစွဲရမည်ဟုလည်း စာချုပ်တွင် ထည့်ချုပ်ထားသေးသည်ဟု ဦးလှထွန်း က လွှတ်တော်တွင် ရှင်းပြခဲ့သည်။

“ထိခိုက်မှုတွေ အများရှိနေတာကြောင့် ဝမ်ပေါင်က လုပ်ပေးမယ် ဆိုရင်လည်း ကောင်းကောင်းပဲ ဖြစ်စေချင်တယ်” ဟု စီမံကိန်းဒေသ အနီးရှိ မိုးကြိုးပြင်ရွာမှ မမြင့်မြင့်အေး က ပြောသည်။

အစိုးရကမူ ဤစီမံကိန်းသည် နိုင်ငံတကာစံနှုန်းမီကြောင်း ISO အဖွဲ့က ထောက်ခံချက်ရရန်၊ လူမှုဘဝအပေါ် ထိခိုက်မှု၊ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုတို့ကို ကောက်ယူသော စစ်တမ်း သည် နိုင်ငံတကာစံချိန်မီစေရန်မှာ ဝမ်ပေါင်ကုမ္ပဏီတွင်သာ တာဝန်ရှိသည်ဟု စာချုပ်သစ်တွင် ထည့်သွင်းထားသည်။

ထို့ပြင် စစ်တမ်းများ ထွက်လာလျှင်လည်း အစိုးရက ဖွဲ့ပေးထားသည့် လက်ပံတောင်းတောင် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေး အဖွဲ့ဝင်များက စီမံကိန်းကြောင့် ပတ်ဝန်းကျင် ထိခိုက်မှု လျော့နည်းရန် အကြံပြုချက်များကို ဝမ်ပေါင်က အသေးစိတ် ညှိနှိုင်းရမည်ဟုလည်း ဆိုသည်။

စီမံကိန်းမှ ထွက်သည့် မြေစာပုံများကို ဒေသခံတို့၏ လယ်များပေါ်တွင် ပုံခြင်း၊ ကြေးနီ ထုတ်လုပ်ရာတွင် အသုံးပြုသည့် ဓာတုပစ္စည်းများက လူနှင့် ပတ်ဝန်းကျင်ကို ထိခိုက်မည်ကို စိုးရိမ်ခြင်း၊ စီမံကိန်းလုပ်ရန် သိမ်းထားသည့်မြေများနှင့်ပတ်သက်၍ လျော်ကြေးပေးရာတွင် ဒေသခံများဆန္ဒနှင့် မကိုက်ညီခြင်း စသည့် ပြဿနာများမှာမူ လက်ရှိအချိန်အထိ အပြီးတိုင် မဖြေရှင်းရသေးပေ။

သိမ်းထားသည့် မြေများ၊ သီးနှံပင်များနှင့် ပတ်သက်၍ လျော်ကြေး သိန်းပေါင်း သုံးသောင်းကျော် ပေးပြီး ဖြစ်သည်ဟု ဝန်ကြီးဦးလှထွန်း က ဆိုသည်။ သို့သော် ညှိနှိုင်းမရသေးသဖြင့် ဒေသခံများကို လျော်ကြေး မပေးရသေးသည့်မြေပမာဏမှာ ၆၀ ရာခိုင်နှုန်းခန့် ကျန်သေးသည်ဟုလည်း ထိုဝန်ကြီးက လွှတ်တော်တွင် ပြောကြားသွားသည်။

No comments: