Tuesday, November 19, 2013

ပန်ဆောင် နယ်စပ်ကုန်သွယ်ရေးစခန်းဖွင့်ပါက နာဂဒေသ ပိုမိုအကျိုးရှိမည်မှန်း

နေမျိုး

မြန်မာနှင့် အိန်္ဒိယနှစ်နိုင်ငံနယ်စပ် ပန်ဆောင်နယ်စပ်ကုန်သွယ်ရေးစခန်းဖွင့်လှစ်နိုင်ပါက စစ်ကိုင်းတိုင်း မြောက်ပိုင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ပိုမိုအကျိုးအမြတ်ရရှိနိုင်မည်ဟု မျှော်မှန်းထားသည်။

စခန်းဖွင့်လှစ်ရန်အတွက် နှစ်နိုင်ငံနောက်ဆုံးနားလည်မှုစာချွန်လွှာရေးထိုးမည့်အဆင့်သာ ကျန်ရှိတော့ ပြီး နှစ်ဖက်အဆင်ပြေသည့်အချိန်တွင် ဖွင့်လှစ်နိုင်မည်ဟု စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးစိုးစိုးဇော်က နိုဝင်ဘာ ၁၈ တွင် မဇ္ဈိမကိုပြောသည်။

အဆိုပါ ပန်ဆောင်နယ်စပ်ကုန်သွယ်ရေးစခန်းကို မကြာမီ ဖွင့်လှစ်နိုင်မည်ဟု အိန်္ဒိယနိုင်ငံအခြေစိုက် သတင်းဌာနတစ်ခုဖြစ်သော Itanagar တွင် အိန်္ဒိယနိုင်ငံ အရူနာချာပရာဒေရှ့် ပြည်နယ်စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး နန်ဆီပါးက ပြောဆိုထားသည်ဟု နိုဝင်ဘာ ၁၈ ရက်ထုတ် မြန်မာ့ အလင်းသတင်းစာတွင် ဖော်ပြထားသည်။

လက်ရှိအချိန်တွင် ပန်ဆောင်ဒေသ၌ တရားဝင် နယ်စပ်ကုန်သွယ်ရေးစခန်းဖွင့်လှစ်ထားခြင်း မရှိသေး သော်လည်း ကူးသန်းရောင်းဝယ်မှု လုပ်ငန်းများရှိနေကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် ကုန်စည်စီးဆင်းမှု နှေးကွေးနေသည်။ သို့သော် လာမည့်ပွင့်လင်းရာသီတွင် ကုန်စည်စီးဆင်းမှု ပိုမို ကောင်းမွန်လာနိုင်သည်ဟု ဦးစိုးစိုးဇော်က ဆိုသည်။

မြန်မာနိုင်ငံနှင့် ဆက်စပ်နေသည့် အရူနာချာပရာဒေရှ့် ပြည်နယ်သည်ကုန်းတွင်းပိတ်ပြည်နယ်တစ်ခု ဖြစ်ပြီး မြန်မာဘက်မှ တရုတ်ကုန်စည်များ အများအပြား တင်ပို့သွားနိုင်မည်ဟုလည်း ဦးစိုးစိုးဇော်က ဆိုသည်။

အဆိုပါ ပန်ဆောင် နယ်စပ်ကုန်သွယ်ရေးစခန်းသည် လီဒိုလမ်းမကြီး ဖြတ်သန်းသွားမည့် လမ်းကြောင်း ပေါ်တွင် တည်ရှိပြီး အိနိ္ဒယ- မြန်မာ- တရုတ်သုံးနိုင်ငံဆက်သွယ်ထားသည်။

ပန်ဆောင်မှာ စစ်ကိုင်းတိုင်းမြောက်စွန်းရှိ နန်းယွန်းမြို့နယ်နှင့်အနီးတွင်ရှိပြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသတွင် ပါဝင်သည်။ လက်ရှိ အိနိ္ဒယ-မြန်မာ နယ်စပ်တွင် တမူးနှင့် ရိခေါရ်ဒါ နယ်စပ် ကုန်သွယ်ရေး စခန်းတို့ကို ဖွင့်လှစ်ထားပြီးဖြစ်သည်။

အိနိ္ဒယ-မြန်မာနယ်စပ်တစ်လျှောက် စစ်ကိုင်းတိုင်းနှင့် ချင်းပြည်နယ်တို့ရှိ ပန်ဆောင်၊ နန့်ယွန်း၊ လဟယ်၊ လေရှီးနှင့် ခန်းပတ်တွင် နယ်စပ်ကုန်သွယ်ရေးစခန်းများ ထပ်မံဖွင့်လှစ်ရန်လျာထားသည်။

No comments: