Tuesday, November 19, 2013

အပစ်အခတ် ရပ်စဲရေး အပြီးသတ် မူကြမ်းတင်မည်

ABC

တိုင်းရင်းသား ​လက်နက်ကိုင် ​အဖွဲ့အစည်းတွေ ​အားလုံးရဲ့ ​အပစ်အခတ် ​ရပ်စဲရေး ​အပြီးသတ် ​မူကြမ်းတစ်ခုကို ​ဒီဇင်ဘာလ ​မတိုင်မီ ​အစိုးရကို ​တင်ပြသွားမယ်ဖို့ ​ရှိတဲ့ ​အကြောင်း ​ဗိုလ်ချုပ် ​ဂွမ်မော်က ​ရန်ကုန်မြို့မှာ ​သတင်း ​စာရှင်းလင်း ​ပွဲလုပ်ပြီး ​မနေ့က ​ပြောဆို ​လိုက်ပါတယ်။

ဒီမူကြမ်း ​ကိုလည်း ​လာမယ့် ​နိုဝင်ဘာလ ​၂၅ ​ရက် ​နောက်ပိုင်းမှာ ​တိုင်းရင်းသား ​အဖွဲ့အစည်းတွေ ​အားလုံး ​ညှိနှိုင်း ​ဆွေးနွေးပြီး ​စတင် ​ရေးဆွဲသွားမှာ ​ဖြစ်တယ်လို့ ​ဆိုပါတယ်။

ပြီးခဲ့တဲ့ ​ဆွေးနွေး ​ပွဲတုန်းက ​ကန့်သတ် ​ခံရတဲ့ ​ပြည်ထောင်စု ​တပ်မတော် ​ဖွဲ့စည်းရေးနဲ့ ​နိုင်ငံတော် ​ဖွဲ့စည်းပုံ ​အခြေခံ ​ဥပဒေ ​ပြန်လည် ​ပြုပြင်ရေး ​အချက်တွေကို ​ဒုတိယ ​အကြိမ်ပြုလုပ်မယ့် ​ဒီဇင်ဘာလ ​ဆွေးနွေးပွဲမှာ ​ထည့်သွင်း ​ဆွေးနွေးသွားမှာ ​ဖြစ်တယ်လို့လည်း ​သိရပါတယ်။

အခုလို ​ငြိမ်းချမ်းရေး ​အတွက် ​နှစ်ဖက် ​ဆောင်ရွက် ​နေတဲ့အချိန်မှာပဲ ​ကချင်ပြည်နယ် ​မန်စီမြို့နယ်တွင်းမှာ ​အစိုးရနဲ့ ​KIA ​တို့ ​တိုက်ပွဲတွေ ​ဖြစ်ပွားနေတာနဲ့ ​ပတ်သက်ပြီး ​တိုက်ပွဲ ​ထိတွေ့မှု ​အတက်နိုင်ဆုံး ​လျော့ချဖို့ ​ကြိုးစား ​သွားမယ်လို့လည်း ​ဗိုလ်ချုပ် ​ဂွမ်မော်က ​ဆက်ပြောပါတယ်။

နောက်ပြီး ​လက်ရှိဖြစ်ပွားနေတဲ့ ​ကချင်ဒေသက ​စစ်ပွဲတွေကြောင့် ​တပြည်လုံး ​ငြိမ်းချမ်းရေး ​အစီအစဉ်ကို ​အထိအခိုက်ခံမှာ ​မဟုတ်ဘူးလို့ ​ရန်ကုန်ကိုရောက်ရှိနေတဲ့ ​ကချင်လွတ်မြောက်ရေး ​တပ်မတော် ​KIA ​ရဲ့ ​ဒုတိယ ​စစ်ဦးစီးချုပ် ​ဗိုလ်ချုပ် ​ဂွမ်မော် ​ပြောကြားလိုက်ပါတယ်။

တစ်ဆက် ​တည်းမှာပဲ ​မနေ့က ​နေလည်ပိုင်းမှာ ​အစိုးရရဲ့ ​ငြိမ်းချမ်းရေး ​ဖော်ဆောင်ရေး ​လုပ်ငန်း ​ကော်မတီက ​ပြည်ထောင်စု ​ဝန်ကြီး ​ဦးအောင်မင်းတို့နဲ့ ​အပစ် ​အခတ် ​ရပ်စဲရေး ​မူကြမ်း ​ကိစ္စကို ​အလွတ် ​သဘော ​တွေ့ဆုံခဲ့တယ် ​လို့လည်း ​သိရပါတယ်။

ကချင် ​လွတ်မြောက်ရေး ​တပ်မတော်က ​ဗိုလ်ချုပ် ​ဂွမ်မော် ​အပါအဝင် ​KIA ​ဘက်က ​ငြိမ်းချမ်းရေး ​အကျိုးဆောင်တွေဟာ ​အပစ် ​အခတ် ​ရပ်စဲရေး ​မူကြမ်းနဲ့ ​ပတ်သက်ပြီး ​UNFC ​က ​တာဝန် ​ရှိသူတွေနဲ့ ​ချင်းမိုင်မြို့ကို ​သွားရောက်တွေ့ဆုံဖို့ ​အတွက် ​မနေ့တုန်းက ​ရန်ကုန်မြို့ကို ​ရောက်ရှိ ​နေတာဖြစ်ပြီး ​နိုဝင်ဘာလ ​၂၁ ​ရက်နေ့မှာတော့ ​ချင်းမိုင်ကို ​ထွက်ခွါမှာ ​ဖြစ်ပါတယ်။

ဒီကနေ့ ​မှာတော့ ​ဗိုလ်ချုပ်ဂွမ်မော်နဲ့ ​ရန်ကုန် ​အခြေစိုက် ​ကချင်လူ့မှု ​အဖွဲ့အစည်းတွေ ​တွေ့ဆုံဖို့ရှိပါတယ်။

ဒီသတင်းကို ​ရန်ကုန်အခြေစိုက် ​ရေဒီယို ​သြစတြေးလျ ​သတင်းထောက် ​စူးရှက ​သတင်းပေးပို့ထားတာ ​ဖြစ်ပါတယ်။

No comments: