Wednesday, November 6, 2013

ကျောက်ဖြူအထူးစီးပွားရေးဇုန်တွင် ဒေသခံများကိုဦးစားပေးအလုပ်ခန့်မည်ဟုဆို

ကေဇင်ဦး

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်အတွင်း အထူးစီးပွားရေးဇုန်အကောင်အထည်ဖော်ပါက ဒေသခံအများ စုကိုအလုပ်အကိုင်အခွင့်အလမ်းများ ဖော်ထုတ်ပေးမည်ဟု ကျောက်ဖြူအထူးစီးပွားရေးဇုန် အကောင်အထည်ဖော်ရေးကော်မတီမှ အတွင်းရေးမှူးဦးအောင်ကျော်သန်းက နိုဝင်ဘာ ၄ ရက်တွင် မဇ္ဈိမကို ပြောသည်။

“လိုအပ်တဲ့ လုပ်သားများကိုလည်း ဒေသခံများထဲက အများဆုံးခန့်ပေးသွားမှာပါ အလုပ်အကိုင်သင်တန်း များဖွင့်လှစ်ပေးပြီး ဦးစားပေးခန့်အပ်သွားမယ်။ စီးပွားရေးဇုန်ရဲ့ ရည်ရွယ်ချက်ကိုက ဒီဒေသစီးပွားရေး ဖွံ့ဖြိုးဖို့ ဒေသခံတွေအလုပ်အကိုင်ရရှိဖို့ ရည်ရွယ်ပြီးလုပ်တာဖြစ်ပါတယ်” ဟု ဦးအောင်ကျော်သန်းက ပြောသည်။

မြန်မာအလုပ်သမားများကို စတင်ခန့်ထားရာတွင် မကျွမ်းကျင်အလုပ်သမားများကို ၁၀၀ ရာခိုင်နှုန်း စတင်ခန့်ထားမည်ဖြစ်ပြီး ကျွမ်းကျင်အလုပ်သမားများကို စက်မှုဇုန်စတင်သည့်အချိန်တွင် ၂၅ ရာခိုင်နှုန်း ခန့်ထားမည်ဖြစ်သည်။ ငါးနှစ်အကြာတွင်မူ ၇၅ ရာခိုင်နှုန်းသို့ တိုးမြှင့်ခန့်သွားမည်ဖြစ်သည်။ အလုပ်ခန့် ထားစဉ်အတွင်း စွမ်းရည်မြှင့်သင်တန်းများပြုလုပ်ပေးသွားမည်ဟုလည်း ဦးအောင်ကျော်သန်းက ပြော သည်။

ကျောက်ဖြူ အထူးစီးပွားရေးဇုန်တွင် နိုင်ငံတကာမှရင်းနှီးမြှုပ်နှံသည့်ကုမ္ပဏီများ၏ အဆိုပြုလျှောက်လွှာ များကိုလည်း နိုဝင်ဘာ ၁၉ ရက်တွင် တင်ဒါစနစ်ဖြင့်ရွေးချယ်မည်ဖြစ်သည်။ ယင်းစီးပွားရေးဇုန်တွင် အထူးစီးပွားရေးဇုန်အတွက် ဦးစွာစမ်းသပ်အကောင်အထည်ဖော်ရန် မြေဧက ၁ယ၀၀၀ခန့်ကိုသာလျာ ထားသည့်ဟု ကျောက်ဖြူအထူးစီးပွားရေးဇုံ အကောင်အထည်ဖော်ရေးကော်မတီ ဥက္ကဋ္ဌဦးမြင့်သိန်းက ပြည်သူ့လွှတ်တော်တွင်ပြောကြားထားသည်။

စီမံကိန်းနှင့်ပတ်သက်၍ ကျောက်ဖြူ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုအဖွဲ့မှ ဦးထွန်းလွင်က “အထူးစီးပွားရေးဇုန်ဥက္ကဋ္ဌက ပြောတာက မြေ ဧက ၁ယ၉၆၀ကျော်လုပ်မယ်လို့ ပြောသွားတယ်။နောက် ပြီးအိမ်ခြေနှစ်ရာကျော်ရှိတဲ့ စည်မော်ရွာကိုရွှေ့ရမယ်လို့ ပြောတယ်။ ဒီကိစ္စတွေကို ဘာမှပွင့်ပွင့်လင်းလင်း သိခွင့်မရှိဘူး”ဟု ပြောသည်။

ကျောက်ဖြူအထူးစီးပွားရေးဇုန်တွင် အလုပ်အကိုင်အခွင့်အလမ်းများဖော်ထုတ်ပေးရန် ဒေသခံကျေးရွာ ၄၂ ရွာက နိုဝင်ဘာလတွင်းက ကြေညာချက်ထုတ်တောင်းဆိုထားပြီး ယင်းတောင်းဆိုမှုများကို ကျောက် ဖြူအထူးစီးပွားရေးဇုန် ဥက္ကဋ္ဌဦးမြင့်သိန်းထံပေးပို့သွားမည် ဖြစ်သည်။

ယင်းထုတ်ပြန်တောင်းဆိုချက်များတွင် ကျေးရွာ ၄၂ ရွာမှ သဘောတူထုတ်ပြန်တောင်းဆိုခဲ့သည့် အချက်များတွင် ဒေသဖွံ့ဖြိုးရေးလုပ်ကိုင်ပေးရန်၊ သိမ်းဆည်းခံရသည့် လယ်ယာမြေများ၏ လျော်ကြေး ကို နိုင်ငံတကာစံချိန်စံညွှန်း နှင့်အညီ ပေးဆောင်ရန်၊ ဒေသခံများကို အထူးစီးပွားရေးဇုန်အတွင်း အလုပ် အကိုင်ခန့်ထားရန်၊ ပြောင်းရွှေ့ခံထားရသော ကျေးရွာများမှ အိမ်ထောင်စုများကို စနစ်တကျပြန်လည် နေရာချထားပေးရန် စသည့်အချက်များ ပါဝင်သည်။

No comments: