ဟိန်းထက်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ဥရောပခရီးစဉ်ကို ၂၀၁၃ခုနှစ် နိုဝင်ဘာလ ၂ရက်တွင် အဆုံးသတ်ကာ ရန်ကုန်မြို့သို့ နံနက် ၉နာရီအချိန်က ပြန်လည်ရောက်ရှိလာပြီဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည် လေဆိပ်သို့ ရောက်ရှိချိန်တွင် လူ(၃၀၀)ကျော် လာရောက်ကြိုဆိုကြပြီး “အမေစု သမ္မတ ဖြစ်ရမည်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်ရမည်”ဟု ကြွေးကြော်ကာ ကြိုဆိုခဲ့ကြသည်။
ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏ ဥရောပနောက်ဆုံးခရီးစဉ်ဖြစ်သော အီတလီခရီးစဉ်တွင် အီတလီနိုင်ငံခြားရေးဝန်ကြီး Emma Bonino နှင့် ပူးတွဲသတင်းစာရှင်းလင်းပွဲ တစ်ရပ်ကို ပြုလုပ်ခဲ့ပြီး ဖွဲ့စည်းပုံ ပြင်ဆင်ရေးကိစ္စကို ပြောကြားခဲ့သည်။
“မြန်မာနိုင်ငံဟာစစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံဖြစ်လာဖို့အတွက် ကမ္ဘာကိုကျွန်မပေးချင်တဲ့ သတင်း စကားကတော့ အလွန်ကို ရိုးရှင်းပါတယ်။ ကျွန်မတို့အနေနဲ့ ဖွဲ့စည်းပုံကို ပြင်ရမယ်ဆိုတာပါပဲ။ အားလုံးအနေနဲ့လည်း သတိပြုမိလိမ့်မယ်လို့ ထင်ပါတယ်။ ကျွန်မတို့က ဖွဲ့စည်းပုံအခြေခံဥပဒေကို မပြင်ဘူးဆို ရင်စစ်တပ်ဟာ အမျိုးသားနိုင်ငံရေးမှာ အခွင့်ထူးခံတဲ့နေရာတစ်နေရာက ဆက်လက်ရရှိနေဦးမှာပါ။”ဟု ဒေါ်အောင်ဆန်းစုကြည်က အောက်တိုဘာလ ၂၈ရက်က အီတလီနိုင်ငံ ရောမမြို့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဖြစ်ခွင့်မှ ပိတ်ပင်သည့် ပုဒ်မကို ပြင်ဆင်မှသာ ၂၀၁၅ခုနှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတမည့် ရွေးကောက်ပွဲဖြစ်မည်ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ သူရဦးရွှေမန်းက အေက်တိုဘာလ ၂၄ရက်က ပြောကြာခဲ့သေးသည်။
သမ္မတ၊ ဒုသမ္မတ ဖြစ်ခွင့်ရှိသူ၏ အရည်အချင်းကန့်သတ်ချက်များနှင့် ပတ်သက်၍ ၂၀၀၈ဖွဲ့စည်းပုံအခြေ ခံဥပဒေ အခန်း(၃)၊ ပုဒ်မ(၅၉)(စ)တွင် “မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိ၏ မိဘတစ်ပါးပါးသော် လည်းကောင်း၊ ဇနီး သို့မဟုတ် ခင်ပွန်း၊ သားသမီး၊ သားသမီး၏ ဇနီး/ခင်ပွန်းသည် တိုင်းတစ်ပါး၏ နိုင်ငံ သားဖြစ်သူများ မဖြစ်စေရ”ဟု ပါရှိခြင်းကို ပြင်ဆင်ရန် သူရဦးရွှေမန်းက ပြောကြားခဲ့ခြင်းဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်က ခရီးစဉ်အတွင်း ဥရောပပါလီမန်မှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ ထို့အပြင် မြောက်အိုင်ယာလန်နိုင်ငံတွင် ငြိမ်းချမ်းရေးဖြစ်စဉ်ကိစ္စရပ်များ နှင့် ပတ်သက်၍ လေ့လာဆွေးနွေးခြင်းတို့ပြုလုပ်ခဲ့ကာ အင်္ဂလန်နိုင်ငံ Sandhurst Military Academyတွင် အမှာစကားပြောကြားခဲ့ပြီး ပြင်သစ်နိုင်ငံ Strasbourg မြို့တွင် “Sakharov” လူ့အခွင့်အရေးဆု လက်ခံရယူခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်၏ ဥရောပနိုင်ငံများကို တတိယအကြိမ် သွားရောက်သည့် ခရီးစဉ်ကို အောက်တိုဘာ ၁၈ရက်မှ စတင်ခဲ့ပြီး ဘယ်လ်ဂျီယံနိုင်ငံ၊ လူဇင်ဘတ်နိုင်ငံ၊ ပြင်သစ်နိုင်ငံ၊ မြောက်အိုင်ယာလန်နိုင်ငံ၊ အင်္ဂလန်နိုင်ငံနှင့် အီတလီနိုင်ငံများသို့ ၁၅ရက်ကြာ သွားရောက်ခဲ့ခြင်းဖြစ်သည်။
သူမ၏ ခရီးစဉ်တွင် သူမ၏ ကိုယ်ရေးအရာရှိများဖြစ်သော ဒေါက်တာတင်မာအောင်နှင့် ဦးစိုးဝင်းတို့အပြင် ဗဟိုကော်မတီဝင် တစ်ဦးဖြစ်သူ အောက်လွှတ်တော်အမတ် ဦးနိုင်ငံလင်းတို့ လိုက်ပါခဲ့သည်။
ယခုသွားရောက်ခဲ့သော ခရီးစဉ်သည် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အကျယ်ချုပ်မှ လွှတ်မြောက်ပြီးနောက်ပိုင်း တတိယအကြိမ်မြောက် ဥရောပသို့သွားရောက်သော ခရီးဖြစ်ပြီး ၂၀၁၂ခုနှစ် ဇွန်လတွင် ပထမဆုံးအကြိမ်၊ ၂၀၁၃ခုနှစ် စက်တင်ဘာ တွင် ဒုတိယအကြိမ်အဖြစ် သွားရောက်ခဲ့သေးသည်။

No comments:
Post a Comment