Sunday, November 3, 2013

အချိန်ပိုခိုင်းတဲ့ အလုပ်ရှင်တွေကို အရေးယူဖို့ လွှတ်တော်မှာဆွေးနွေး

ABC

နေပြည်တော်မှာ ​ကျင်းပခဲ့တဲ့ ​ပြည်ထောင်စု ​လွှတ်တော်အစည်းအဝေး ​အတွင်းမှာ ​အစိုးရကနေ ​သတ်မှတ်ထားတဲ့ ​အလုပ်ချိန်ထက်ပိုပြီး ​အချိန်ပိုခိုင်းတဲ့ ​အလုပ်ရှင်တွေကို ​အရေးယူသွားမှာ ​ဖြစ်တယ်လို့ ​အလုပ်သမား၊ ​အလုပ်အကိုင်နဲ့ ​လူမှုဖူလုံရေး ​ဒုဝန်ကြီးဦးထင်အောင်က ​အောက်တိုဘာ ​၃၀ရက်နေ့မှာ ​ပြောကြားခဲ့ပါတယ်။

အလုပ်သမားအရေးနဲ့ ​ပတ်သက်ပြီး ​လွန်ခဲ့တဲ့ ​ဆဌမအကြိမ် ​ပြည်ထောင်စုလွှတ်တော်မှာ ​ပြည်ထောင်စုလွတ် ​တော်နာယက ​ဦးခင်အောင်မြင့် ​ဥက္ကဌအဖြစ်တာ ​၀န်ယူဆောင်ရွက်တဲ့ ​အလုပ်ရှင်၊ ​အလုပ်သမား ​အခွင့်အရေး ​မျှတရေးကော်မရှင်ကနေ ​ပြည်ထောင်စုလွှတ်တော်ကို ​အစီရင်ခံစာ ​တင်သွင်းထားတာ ​ဖြစ်တယ်လို့ ​အမျိုးသား ​လွှတ်တော်ကိုယ်စားလှယ် ​ဦးဖုန်းမြင့်အောင်က ​ပြောပါတယ်။

“ကျနော်တို့ ​အလုပ်ရှင်အလုပ်သမားနဲ့ ​ပတ်သက်တဲ့ ​ပြည်ထောင်စုလွှတ်တော်ရဲ့ ​အစီရင်ခံစာမှာရှိတဲ့ ​အပိုင်းတွေကို ​ပြောတာက ​အလုပ်သမားဝန်ကြီးဌာနက ​ဒုဝန်ကြီးပါ၊ ​ကျနော်တို့က ​အစီရင်ခံစာ ​တင်ထားတာပေါ့နော်၊ ​အလုပ်ရှင် ​အလုပ်သမားနဲ့ ​ပတ်သက်လို့ ​အစီရင်ခံစာအပေါ် ​မူတည်ပြီးတော့ ​သူတို့က ​ဘယ်လို ​ဆောင်ရွက်ထားပါတယ် ​ဆိုတာကို ​ဖြေကြားတာပါ။ ​အဓိကတော့ ​အလုပ်သမားဟာ ​အခြေခံလစာ ​နည်းနေတော့ ​အချိန်ပိုလုပ်အားခဟာ ​သူတို့ ​ပြောသလို ​သူတို့ခိုင်းချင်သလို ​ခိုင်းလို့ရတဲ့ ​အခြေအနေမျိုးဖြစ်နေတာ။”


အလုပ်သမားတွေ ​အချိန်ပို ​လုပ်ကိုင်တာနဲ့ပတ်သက်ပြီး ​ပုံမှန်လုပ်ငန်းတွေအတွက် ​တနေ့ ​၃နာရီနဲ့ ​စနေနေ့မှာ ​၅နာရီ ​တပတ်မှာ ​အချိန်ပို ​၂၀နာရီသာ ​အလုပ်ခိုင်းစေရမဲ့အကြောင်း၊ ​အဆက်မပြတ်လုပ်ငန်းတွေအတွက် ​တနေ့ ​၂နာရီ ​၄၀မိနစ်နဲ့ ​၆ရက်မှာ ​၁၆နာရီသာ ​အချိန်ပို ​အလုပ်ခိုင်းစေရမယ်လို့ ​ပါရှိပါတယ်။

အချိန်ပို ​အလုပ်ခိုင်းစေမယ်ဆိုရင်လည်း ​အလုပ်သမားတွေရဲ့ ​သဘောတူညီချက်လက်မှတ်ကို ​တင်ပြရမှာဖြစ်ပြီး ​လိုက်နာမှုမရှိရင် ​အလုပ်ရှင်ကို ​အရေးယူသွားမယ်လို့ ​ပြောပါတယ်။

အလုပ်သမား ​အလုပ်ရှင်ပြဿနာတွေ၊ ​အချိန်ပို ​အလုပ်ကိစ္စနဲ့ ​အနိမ့်ဆုံး ​လုပ်အားခတွေသတ်မှတ်နိုင်ရေးနဲ့ ​ပတ်သက်ပြီး ​ဥပဒေသစ်ရေးဆွဲရေးအတွက်လည်း ​ကြိုးစားနေပြီး ​သက်ဆိုင်ရာဝန်ကြီးဌာနက ​ပြန်လည်စီစစ်နေပြီလို့ ​ဦးဖုန်းမြင့်အောင်ကပြောပါတယ်။

မြန်မာနိုင်ငံက ​စက်ရုံ ​အလုပ်သမားတွေအနေနဲ့ ​အလုပ်ချိန်အကြာကြီးလုပ်ကြရပြီး ​လုပ်အားခ ​အနည်းငယ်သာ ​ရရှိနေတဲ့အခြေအနေတွေကို ​အလုပ်သမားရေးဆောင်ရွက်နေသူတွေက ​စစ်တမ်းကောက်ယူပြီး ​ခေတ်သစ်ကျွန်သဘောက်လို့ ​အမည်ရတဲ့ ​အစီရင်ခံစာတစောင်ကို ​ထုတ်ပြန်ခဲ့တဲ့အကြောင်းလည်း ​ရေဒီယို ​သြစတြေးလျသတင်းထောက် ​မြတ်မိုးက ​သတင်းပေးပို့ ​ထားပါတယ်။

No comments: