Saturday, November 9, 2013

ဒက္ကားမြို့ သက်အမျိုးသားတို့၏ ကထိန်ပွဲ မြန်မာ သံအမတ်ကြီး တက်ရောက်ချီးမြှင်

နိရဉ္စရာ

ဘင်္ဂလာဒေခ်ျ့ နိုင်ငံ ဒက္ကားမြို့ရှိ လူနည်းစု ဗုဒ္ဓ္ဓဘာသာဝင် သက်အမျိုးသားတို့၏ စုပေါင်း ဘုံကိန်ပွဲတော်ကို ယမန်နေ့က ကျင်းပရာ ၎င်းအခမ်းအနားသို့ ဘင်္ဂလာဒေခ်ျ့ဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးမျိုးမြင့်သန်း တက်ရောက် ချီးမြှင့်ခဲ့သည်။

ဒက္ကားမြို့တော် မီပူရ် (၁၀) ရက်ကွက်ရှိ စင်္ကြာမုနိ သက်အမျိုးသား ဘုန်းတော်ကြီးကျောင်းတွင် ၎င်းကထိန်ပွဲတော်အား မနက်ပိုင်းနှင့် ညနေပိုင်း အစီအစဉ် (၂) ပိုင်း ခွဲပြီး ကျင်းပရာ မြန်မာသံအမတ်ကြီး ဦးမျိုးမြင့်သန်းက နံနက်ပိုင်း အခမ်းအနားသို့ တက်ရောက်ချီးမြှင့်ခဲ့ခြင်း ဖြစ်သည်။

သံအမတ်ကြီး ဦးမျိုးမြင့်သန်းမှ ကထိန်ပွဲတော် အခမ်းအနားသို့ တက်ရောက်လာကြသော ရာနှင့်ချီရှိသည့် ဗုဒ္ဓဘာသာဝင်များအား နုတ်ခွန်းဆက် မိန်းခွန်းပြောကြားရာ- သူ့အနေနှင့် ယမန်နှစ်က ပြုလုပ်သော ကထိန်ပွဲတော်သို့လည်း တက်ရောက် ဆင်နွဲခဲ့ပါကြောင်း၊ ယခုနှစ်တွင်လည်း တက်ရောက်နေပါကြောင်း၊ လာမည့်နှစ်တွင်လည်း တက်ရောက်နိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း၊ ယခုကဲ့သို့ ဗုဒ္ဓဘာသာဝင်များနှင့် တွေ့ဆုံရသလို ခုလို ဘာသာရေးအရ အထွဋ်မြတ်ပွဲတော် တစ်ခုဖြစ်သော ကထိန်ပွဲတော်သို့ တက်ရောက်ခွင့် ရ၍လည်း ၀မ်းသာပါကြောင်း – ပြောဆိုသွားသည်။

သံအမတ်ကြီး ဦးမျိုးမြင့်သန်းနှင့် အတူ သံမှူး ဦးစိုးပိုင်လည်း တက်ရောက်ခဲ့သည်။

ညနေပိုင်းတွင် ကထိန်ပွဲတော်အား ဆက်လက် ကျင်းပရာ ဘင်္ဂလာဒေခ်ျ့ နိုင်ငံဆိုင်ရာ သီရိလင်္ကာ သံအမတ်ကြီး၊ ဘူတန်နိုင်ငံမှ သံမှူုးတို့လည်း တက်ရောက်ခဲ့ပြီး သီရိလင်္ကာသံအမတ်ကြီးမှ ကထိန်ပွဲတော်သို့ တက်ရောက် လာကြသော သက်၊ မာရမာကြီး (ဘရ၀ါ)၊ ရခိုင်၊ မာရမာ၊ ဒိုင်းနက် စသည့် ဗုဒ္ဓဘာသာဝင် လူနည်းစုများအား နုတ်ခွန်းဆက် မိန်းခွန်းစကား ပြောကြားခဲ့သည်။

သိရိလင်္ကာ သံအမတ်ကြီးက ပြောကြားရာတွင် သီရိလင်္ကာနိုင်ငံတွင် ဗုဒ္ဓဘာသာ ထွန်းကား ပြန့်ပွားနေသည်မှာ နှစ်ပေါင်း ၂၅၀၀ ရှိနေပြီ ဖြစ်ပါကြောင်း၊ ယခု ဘင်္ဂလာဒေခ်ျ့ နိုင်ငံ တည်ရှိရာ ဒေသတွင်လည်း ဗုဒ္ဓဘာသာ လွန်ခဲ့သော နှစ်ပေါင်း ၂၅၀၀ ကတည်းက တည်ရှိခဲ့ပါကြောင်း၊ သို့အတွက် နှစ်နိုင်နှစ်ခု အကြား ဘာသာရေး အရ ကူးလူးဆက်ဆံမူများ သမိုင်းနှင့် ချီ၍ ရှိခဲ့ပါကြောင်း ပြောကြား သွားခဲ့သည်။

ညနေပိုင်းတွင် ပြုလုပ်သော ကထိန် သင်္ကန်း ကပ်လှူသည့် အခမ်းအနားသို့ ဒက္ကားမြို့တော် အနှံ့အပြားမှ ဗုဒ္ဓဘာသာဝင် ထောင်နှင့်ချီပြီး တက်ရောက်လာခဲ့သဖြင့် ဘုန်းတော်ကြီးကျောင်းဝင်း တစ်ခုလုံး ပြည့်လျှံ သွားခဲ့သည်။

တက်ရောက်လာသော ပရိသတ်များမှ ဆရာတော်ကြီးများထံမှ ငါးပါးသီလ ခံယူ ဆောက်တည်ကြပြီး ဆရာတော်ကြီးများမှ ဘင်္ဂလာဒေခ်ျ့ နိုင်ငံရှိ လူနည်းစု ဗုဒ္ဓဘာသာဝင်များအနေဖြင့် ရတနာ သုံးပါးကို အစဉ်အမြဲ ဆည်းကပ် ပူဇော်ကြရန်လိုကြောင်း ပြောကြားသည်။

ဒက္ကားမြို့ရှိ သက်အမျိုးသားကျောင်း ဆရာတော်ကြီးမှ ဟောပြောရာတွင် ဗုဒ္ဓဘာသာဝင်များသည် ဗုဒ္ဓဘာသာဟု ခံယူထားကြသော်လည်း ဗုဒ္ဓဘာသာဝင်တို့၏ အယူ အကျင့်များကို လိုက်နာသူ နည်းပါးလာကြောင်း၊ တရက်နေ၍ တစ်ကြိမ်မှ ဘုရား ရှိမခိုးသလို၊ ခုနှစ်ရက်နေ၍လည်း ကျောင်းကို တစ်ကြိမ် မရောက်ကြောင်း၊ ခုနှစ်လ နေ၍လည်း ကျောင်းကို ဆွမ်းတစ်ပွဲ မပို့ကြောင်း၊ အခြားဘာသာများတွင် မည်ကဲ့သို့ ဘာသာ တရားများကို အလေးထားသည်ကို နိုင်းယှဉ် သုံးသပ်ပြီး မိမိတို့ဘာသာ သာသနာ မည်သို့ အခြေအနေသို့ ရောက်နေသည်ကို စဉ်းစားကြစေလိုကြောင်းဖြင့် အကျယ်တ၀င့် ဟောကြားသွားသည်။

တက်ရောက်လာသော ဆရာတော်ကြီး အသီးသီးမှ အခမ်းအနားတွင် ဗုဒ္ဓဘာဝင်များအား ကထိန် သင်္ကန်းအကြောင်း၊ ကထိန်ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းများကို ဘင်္ဂလီ ဘာသာစကားများဖြင့် ဟောပြောကြပြီး ညနေ ၅ နာရီတွင် ကထိန်သင်္ကန်းနှင့် လှူဖွယ် ၀တ္ထု အစုစုတို့ကို ဆက်ကပ်ပြီး ကထိန်ပွဲတော် အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရှိရသည်။

No comments: