ABC
ရန်ကုန်မြို့မှာ လျှပ်စစ်မီတာခတွေ ရုတ်တရက်တိုးမြှင့် သတ်မှတ်လိုက်တဲ့အပေါ် ကန့်ကွက်တဲ့ အနေနဲ့ တက်ကြွလှုပ်ရှားသူတွေ ရန်ကုန်မြို့မှာ ဒုတိယနေ့အဖြစ် ဆက်လက် ဆန္ဒပြကြပြီး လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့ ဥက္ကဌအနေနဲ့ ရာထူးကနေ နှုတ်ထွက်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။
ပြည်သူတွေ၊ လွှတ်တော်တွေနဲ့ မတိုင်ပင်ပဲ ရုတ်တရက် လျှပ်စစ်မီတာခ တိုးကောက်ခံတဲ့အတွက် မကျေနပ်ဘူးလို့လည်း ဆန္ဒထုတ်ဖော်သူ ကိုတင်ထွဋ်ပိုင်က ပြောပါတယ်။
“ဘယ်လွှတ်ကိုမှလည်း မတင်ပြဘူး ဘယ်ပြည်သူ့ ဆန္ဒကိုယ်မှလည်း ကောက်ခံခြင်း မရှိတဲ့ အတွက် ကျနော်တို့ အရမ်းစိတ်ဆိုးတယ်။ အရမ်းဒေါ်သထွက်တယ်။ အဲဒါကြောင့် ဆန္ဒပြခြင်းဖြစ်ပါတယ်။ ကျနော်တို့ ဆန္ဒပြခြင်းကို နားမထောင်ပဲနဲ့ ပြည်သူ့အသံ၊ လွှတ်တော်အသံ ပြည်သူ့ဆန္ဒလွှတ်တော်လို့ပြောတဲ့ ဆိုင်းဘုတ်ကြီးရှိတဲ့ လွှတ်တော်ကြီး ၃ ရပ်က နားမထောင်ပဲ ဆက်လိုက်နေရင် ဒီထက်မက ဆိုးရွားတဲ့ ဆန္ဒ ပြပွဲတွေ ဖြစ်လာနိုင်တယ်။ ဥပမာ ၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေးမျိုးအထိ ဖြစ်လာနိုင်တယ်”
လျှပ်စစ်မီတာခကို မလျော့ ပေးမခြင်း ဆန္ဒထုတ်ဖော်မှုတွေ တောက်လျောက် လုပ်သွားမယ်လို့လည်း ကိုကျော်နေ၀င်းက ပြောပါတယ်။
“မီတာခကို လျော့မပေးမခြင်း ကျနော်တို့က ဆန္ဒပြနေမှာပါ။ ဒီမီတာခကို လျော့ချပေးမယ်ဆိုပြီး ပြည်သူကိုအသိပေးမှ ကျနော်တို့ ဒီကိစ္စကိုရပ်မှာပါ ခင်ဗျ။”
ဒီကနေ့မှာတော့ တတိယမြောက်နေ့အဖြစ် မင်္ဂလာတောင်ညွှန့်မြို့နယ်ကနေ စတင်ပြီး စီးတန်းလှည့်လည် ဆန္ဒပြဖို့ စီစဉ်နေကြတယ်လို့ သိရပါတယ်။
လျှပ်စစ်မီတာခ လျော့ချရေး ဆန္ဒပြမှု ပထမနေ့အတွင်း တက်ကြွလှုပ်ရှားသူ ၄ ဦးကို ပုဒ်မ ၁၈ နဲ့ ကျောက်တံတား ရဲစခန်းက အမှုဖွင့် အရေးယူခဲ့ပါတယ်။ လျှပ်စစ်မီတာခတွေ အရင်က တစ်ယူနစ်ကို ၃၅ ကျပ်နှုန်းကနေ ခုအခါမှာ မီတာယူနစ် ၁၀၀ ကျော်သုံးတဲ့ သူတွေကို တစ်ယူနစ် ကျပ် ၅၀ နဲ့ ထည့်သွင်း ကောက်ခံတော့မယ်ဆိုတဲ့အကြောင်း ရေဒီယို သြစတြေးလျ သတင်းထောက် တင်ထွဋ်နိုင်က သတင်းပေးပို့ထားပါတယ်။

No comments:
Post a Comment