Thursday, November 7, 2013

ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခွင့် ဆိုင်ရာ ပုဒ်မ-၁၈ ကို ကန့်ကွက်

အဲာပိုန်

ဒီမိုကရေစီ နိုင်ငံတော် ထူထောင်နေသည့် အချိန်မှာ လက်ရှိ တည်ဆဲ ဥပဒေထဲ၌ ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခွင့် ဆိုင်ရာ ပုဒ်မ-၁၈ ကို ပယ်ဖျက် ပေးသင့်ကြောင်း နိုဝင်ဘာလ (၆) ရက်နေ့ နေလယ် (၁၂) နာရီ အချိန်တွင် ရန်ကုန်မြို့  ပေါ်ရှိ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် လူ့အဖွဲ့ အစည်းရုံးခန်း တွင်း၌ ကျင်းပသည့် ပုဒ်မ - ၁၈ ဆိုင်ရာ ဆွေးနွေးပွဲ အပြီး၌ အခမ်းအနား တက်ရောက်သူ Resource Center မှ ကိုလှိုင်မြတ်က ပြောသည်။

“ဒီ နိုင်ငံရေး ပြုပြင် ပြောင်းလဲရေး ကိစ္စမှာ ပိုပြီးတော့ လွတ်လပ်စွာ ဆန္ဒဖော်ထုတ် ပြောဆိုခွင့်ကို ကာကွယ် ပေးနိုင်တဲ့ မြှင့်တင်ပေး နိုင်တဲ့ ဥပဒေပြဌာန်းမှု တစ်ခု ဖြစ်လာရေး အတွက် ကျနော်တို့ အားလုံး ပူးပေါင်း ချိတ်ဆက် ညှိနှိုင်း ဆောင်ရွက် သွားရန် ဆုံးဖြတ် လိုက်ပါတယ်။” ဟု ဆိုသည်။

ဆွေးနွေးပွဲ အတွင်း၌ ငြိမ်းချမ်းရေး ဖော်ဆောင် နေကြသည့် အဖွဲ့ အစည်းများနှင့် တက်ကြွ လှုပ်ရှားသူ၊ လူ့ အခွင့်အရေးကို အကာအကွယ် ပေးသည့် အဖွဲ့အစည်း ပေါင်း (၃၀) ခန့် တက်ရောက်ခဲ့ပြီး (၁) နာရီခွဲခန့်ကျင်းပ သွားခဲ့သည်။

ပုဒ်မ (၁၈) ကို လုံးဝ မထားသင့် နှင့် ပုဒ်မ (၁၈) ကို အသိပေးယုံ ထားသင့်သည် ခေါင်းစဉ် (၂) အောက်မှာ ဆွေးနွေးခဲ့ ကြပြီး ရှေ့လုပ်ငန်းစဉ် အတွက် အချက် (၄) ချက် ချမှတ်နိုင်ခဲ့သည်။

၎င်းအပြင် ဆွေးနွေးပွဲ တက်ရောက်သည့် အဖွဲ့များမှ (၁၈) ဖွဲ့ တို့သည် “လွတ်လပ်စွာ ထုတ်ဖော်ခွင့် ကွန်ရက်” တစ်ခု ကို ပူးပေါင်း ဖွဲ့စည်း နိုင်ခဲ့သည်။

လက်ရှိ ပုဒ်မ (၁၈) ဖြင့် ဖမ်းဆီး/တရားစွဲ ခံထားရသူ (၁၅၀) ဦးတို့၏ လွတ်မြောက်ရေး အတွက် လှုပ်ရှား သွားရန် နှင့် စာရင်းတွေ ထပ်မံပြုစု သွားရန် ရှိသည်။

စာရင်းမရသေး သည့် တောင်သူ လယ်သမား အဖွဲ့များကိုလည်း လိုက်လံ သွားရောက် ကောက်ယူ သွားဖို့ ရှိကြောင်း ဆွေးနွေးပွဲ တက်ရောက်သူ ဒီမိုကရေဒီနှင့် ငြိမ်းချမ်းရေး ကွန်ရက်မှ မသန္တာ က ဆိုသွားခဲ့သည်။

ထိုလုပ်ငန်းစဉ် တို့သည် ပြည်သူ လူထု၏ သဘောထားကို ပိုမိုကျယ်ပြန့် စွာရယူ သွားရန် ရှိသည်။ အစိုးရ၊ လွှတ်တော်၊ တရားဝင် နိုင်ငံရေး အဖွဲ့အစည်းများ နှင့် အခြားသော သက်ဆိုင်ရာ အဖွဲ့အစည်းများ တို့နှင့် ဆက်သွယ် ညှိနှိုင်း ဆောင်ရွက် သွားရန် ရှိသည်ဟု မသန္တာ က ဆက်လက် ဆိုထား ပါသည်။

လက်ရှိ ၂၀၀၈ ခုနှစ် အခြေခံ ဥပဒေသည် ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခွင့် ပေးထားပြီး ပုဒ်မ (၁၈) ဖြင့် ပိတ်ထားခဲ့ သည်ဟု သူမက ဆို ထားသည်။

ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခွင့် ဆိုင်ရာ ပုဒ်မ-၁၈ သည် ၂၀၁၁ ခုနှစ်က နိုင်ငံတော်မှ ပြဌာန်းခဲ့သည်။ ယင်း ဥပဒေကို ချိုးဖောက်ပါက ထောင်ဒဏ် (၁) နှစ် နှင့် ဒဏ်ငွေ ကျခံနိုင်ကြောင်း Resource Center မှ ကိုလှိုင်မြတ်က ပြောသည်။

No comments: