Wednesday, November 6, 2013

သတင်းမီဒီယာဥပဒေကြမ်းအရေးယူမှုပိုင်းတွင် နားလည်မှုလွဲနေဟုဆို

ဟိန်းကိုစိုး

ပြည်သူ့လွှတ်တော်က ယမန်နေ့ကအတည်ပြုလိုက်သည့် သတင်းမီဒီယာဥပဒေကြမ်းသည် အရေးယူမှုအပိုင်း၌ နားလည်မှုလွဲမှားနေကြောင်း စာနယ်ဇင်းကောင်စီ(ယာယီ) အတွင်းရေးမှူး ဦးကျော်မင်းဆွေက မဇ္ဈိမကို ပြောသည်။

ဥပဒေကြမ်းကို စာနယ်ဇင်းကောင်စီ (ယာယီ)က ရေးဆွဲ၍ အမျိုးသားလွှတ်တော်မှတစ်ဆင့် စတင် တင်သွင်းခဲ့ခြင်းဖြစ်ပြီး မူလဥပဒေကြမ်း၌ မြန်မာနိုင်ငံတော်အတွင်းတည်ထောင်ထားသည့် သတင်းမီဒီယာလုပ်ငန်းအားလုံးရှိ သတင်းမီဒီယာသမားတို့၏ ကျင့်ဝတ်သိက္ခာဖောက်ဖျက်မှုများကို ဥပဒေပါ ပြဌာန်းချက်များအရသာ အရေးယူရမည်ဖြစ်ဟု ထည့်သွင်းရေးဆွဲထားခဲ့သည်။

သို့သော် လွှတ်တော်ကအတည်ပြုလိုက်သည့် ဥပဒေကြမ်း၌မူ တည်ဆဲဥပဒေများဖြင့် အရေးယူရမည်ဟု ပြင်ဆင်ပြဋ္ဌာန်းခဲ့သည်။

“ဒီပြဌာန်းချက်ကို ပြည်သူ့လွှတ်တော်က ပယ်ဖျက်တာက မီဒီယာလောကသားဆိုတာကလည်း ပြည်သူတွေပဲ။ ဒါကြောင့် နိုင်ငံတွင်းက တည်ဆဲဥပဒေတွေအရ အရေးယူရဒါကြောင့် ဒီအချက်ကိုပယ်ဖျက်တာ”လို့ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီအဖွဲ့ဝင် ဦးရဲထွန်းက ဆိုသည်။

စာနယ်ဇင်းကောင်စီ(ယာယီ) အတွင်းရေးမှူး ဦးကျော်မင်းဆွေကမူ “ကျွန်တော်တို့ ရေးဆွဲတဲ့ဥပဒေမှာ သတင်းမီဒီယာသမားတွေရဲ့ကျင့်ဝတ်နဲ့ ပတ်သက်တာကို ပြောထားတာပါ။ လွှတ်တော်တွေအနေနဲ့ နားလည်မှုလွဲတယ်လို့ ထင်တယ်” ဟု ၎င်းကပြောသည်။

ယင်းသည် ယနေ့သတင်းမီဒီယာလောကအတွင်း လက်ညှိုးထိုးထောက်ပြနိုင်စရာ ရေးသားမှုများ ပေါ်ပေါက်လာခြင်းနှင့် အချိန်ကိုက်ဆောင်ရွက်သည့် အသွင်ဆောင်နေသည်ဟု တွေးထင်မိကြောင်း ၎င်းက ဆိုသည်။

ထို့ပြင် လွှတ်တော်ဥပဒေကြမ်းကော်မတီများသည် တင်သွင်းလာသည့် ဥပဒေရေးဆွဲသူများကို ခေါ်ယူ ရှင်းလင်းခွင့်မပြုခဲ့ဘဲ ဖွဲ့စည်းပုံပါအခွင့်ရေးအတိုင်း အသုံးချခဲ့ခြင်းလည်း မရှိကြောင်း ဦးကျော်မင်းဆွေက ပြောသည်။ စာနယ်ဇင်းကောင်စီ(ယာယီ) အနေဖြင့် မူရှင်းလင်းချက်တိုင်းကို သက်ဆိုင်ရာဥပဒေကြမ်း ကော်မတီနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုယ်စားလှယ်များ တပ်မတော်သားကိုယ်စားလှယ်များအပါအ၀င် ကိုယ်စားလှယ်ပေါင်း(၄၀)ကျော်ထိကို ပေးပို့ခဲ့ကြောင်းသိရသည်။

အဆိုပါဥပဒေကြမ်းကို စတင်တင်သွင်းခဲ့သည့် အမျိုးသားလွှတ်တော်နှင့် ယခုအတည်ပြုလိုက်သည့် ပြည်သူ့လွှတ်တော်တို့အကြား ကွဲလွဲမှုများရှိနေခြင်းကြောင့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် အဆုံးအဖြတ်ခံယူရန်ရှိကြောင်း သိရသည်။

No comments: