Wednesday, November 6, 2013

လိုင်ဇာ တိုင်းရင်းညီလာခံမှ သဘောတူညီချက်များကို အချို့အဖွဲ့များ လက်မှတ်ထိုးခြင်းမရှိ

KNG

ကချင်ပြည်နယ် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO လိုင်ဇာမြို့တွင် အောက်တိုဘာ ၃၁ မှ နိုဝင်ဘာ ၂ ရက်ထိ ၄ ရက်တာ ကျင်းပပြုလုပ်ခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ညီလာခံတွင် ဆွေးနွေးပွဲရလဒ်များအပေါ် တက်ရောက်လာသောအဖွဲ့ဝင်အချို့ လက်မှတ်ရေး ထိုးခြင်းမရှိသေးကြောင်း ညီလာခံအပြီး သတင်းစာရှင်းလင်းပွဲတွင် ဗိုလ်မှူးကြီး ခွန်ဥက္ကာ ပြောသည်။

အဆိုပါလက်မှတ်ရေးထိုးခြင်းမရှိသေးသောအဖွဲ့များမှာ လားဟူဒီမိုကရက်တစ်သမဂ္ဂ(LDU)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)၊ ပလောင်ပြည်နယ်လွတ် မြောက်ရေးတပ်ဦး (PSLF) နှင့် သျှမ်းပြည် ပြန်လည်ထူထောင်ရေးကော်မတီ (RCSS/SSA)တို့ဖြစ်ကြောင်းသိရသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်၍ ကွန်ဖရင့် တက်ရောက်သောသျှမ်းပြည်ပြန်လည် ထူထောင်ရေးကော်မတီ (RCSS/ SSA) ကိုယ်စားဗိုလ်မှူးကြီးစိုင်းလှမှ လက်မှတ်ရေးထိုးခြင်း မရှိသေးသော၎င်းအဖွဲ့အစည်းများ၏ သဘောထား ကို ယခုလိုပြောသည်။

“ကောမတီရဲ့သဘောထားကိုပြန်ပြီးရယူဖို့ဖြစ်ပါတယ်။ ကျွန်တော်တို့ ဗဟိုရဲ့သဘောထားပေါ်မူတည်ပါတယ်၊ ဒီကကျလာတဲ့သဘောထားကိုသူတို့ အစည်းအဝေးထိုင်ပြီးတော့ ဗဟိုကပြန်ချမှတ်ပေးဖို့ဖြစ်ပါတယ်၊ ဒီသဘောတူညီချက်တွေကိုသဘောတူတယ်၊ မတူဘူးဆိုတာကိုမသိသေးပါဘူး၊ ဗဟိုဌာနချုပ်အစည်းအဝေး ထိုင်ပြီးသဘောထား ကျလာမှာဖြစ်ပါတယ်၊ ဒီဆုံးဖြတ်ချက်အပေါ်မှာ သဘောထားမပါဝင်သေးအနေအထား ရှိနေပါတယ်၊ မြစ်ကြီးနားမှာ ချပြသွားမယ့်သဘောတူညီချက်မှာလည်း အဲဒီလိုလက်ရှိ အနေအထားဖြစ်နေပါတယ်၊ ဆုံးဖြတ်ချက်ကို ဒီလအတွင်းမှာတော့ ဆုံးဖြတ်ချက်တစုံတရာကျလာလိမ့်မယ်လို့ ထင်ပါတယ်” ဟုပြောသည်။

ဆက်လက်ပြီး၎င်းက“ကျွန်တော်တို့အဖွဲ့ရဲ့ရည်မှန်းချက်ဟာလည်း တိုင်းရင်းသားအားလုံးနဲ့ တထပ်သားဖြစ်ပါတယ်၊ ကျွန်တော်တို့ အစဉ်တစိုက်တောင်းဆိုလာခဲ့တာလည်း တန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ စစ်မှန်တဲ့ပြည် ထောင်စုတည်ဆောက်ခွင့်ဖြစ်ပါတယ်” ဟုဆိုသည်။

ညီလာခံတွင် ဖွဲ့စည်းလိုက်သောညှိနှိုင်းရေးအဖွဲ့တွင် တက်ရောက်သောအဖွဲ့များအားလုံးပါဝင်နိုင်အောင် လမ်းဖွင့်ပေးထားပြီး၊ တချိန်တည်းတွင် မပါဝင်နိုင်သေးသောအဖွဲ့ကိုကင်းလွတ်ခွင့်ပေးထားကြောင်းလည်း သိရသည်။

“လက်မှတ်မထိုးဖြစ်လိုက်တဲ့ဟာက အဆင်သင့်မဖြစ်တဲ့အတွက်ဖြစ်ပါတယ် ကျွန်တော်တို့ သဘောတူညီချက် အပေါ်မှာ ထိခိုက်မှု ပွန်းပဲ့မှု တစုံတရာလုံးဝမရှိပါဘူး၊ အားလုံးဟာအတူတူပဲဖြစ်တယ်၊ ကွဲလွဲမှုမရှိကြောင်း ပြောချင်ပါတယ်၊ တစုံတရာပွန်းပဲ့တယ်လို့ စိုးရိမ်စရာမလိုကြောင်းပြောချင်ပါတယ်” ဟုကွန်ဖရင့်ကြီး ကျင်းပပြီး နောက်ပြုလုပ်သည့်သတင်းစာရှင်းလင်းပွဲတွင် ဗိုလ်မှူးကြီးခွန်ဥက္ကာကပြောသည်။

ဆွေးနွေသဘောတူညီချက်များတွင် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များ၏ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆိုင်ရာဘုံသဘောထားရပ်တည်ချက် (၁၁)ချက်ကိုချမှတ်ခဲ့ပြီး၊ ထိုသဘောထားများကို ဆက်လက်ဆောင်ရွက်သွားရန် တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာညှိနှိုင်းရေးအဖွဲ့ Nationwide Cease-Fire Coordination Team (NCCT)အား အဖွဲ့တဖွဲ့ချင်းစီမှကိုယ်စားလှယ်တဦးစီပါဝင်ကာ အဖွဲ့ဝင် (၁၃)ဦးဖြင့်ဖွဲ့စည်း ခဲ့ကြသည်။

အဆိုပါ ညီလာခံတွင် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ (၁၈)ဖွဲ့ မှကိုယ်စားလှယ်များနှင့် လေ့လာသူ (၁၀၂)ဦး တက်ရောက်ခဲ့ကြောင်း၊ ဘုံသောထားရပ် တည်ချက်များ ချမှတ်ခြင်းအပေါ် ခေါင်းဆောင်များ အတည်ပြုလက်မှတ်ရေးထိုးခဲ့ကြောင်း၊ အစိုးရ မြန်မာ့တပ်မတော်ဘက်မှ ထိုးစစ်တိုက်ခိုက်မှုများက နိုင်ငံရေးဆွေးနွေးမှုတွင် အဟန့်အတားဖြစ်စေခဲ့ကြောင်းနှင့်တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များက စည်းလုံးညီညွတ်ရေးကိုအခိုင်အမာ တည်ဆောက်နိုင်သော ညီလာခံ ဖြစ်ကြောင်း အလေးအနက်ထုတ်ပြန်ထားသောအချက်များ ပါဝင်သည်။

တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး ဆိုင်ရာညှိနှိုင်းရေးအဖွဲ့ Nationwide Ceasefire Coordination Team (NCCT)တွင် ဦးဆောင်သူ မွန်ပြည်သစ်ပါတီ (MNSP) အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာဖြစ်ပြီး၊ ကရင်အမျိုးသားအစည်းအရုံး (KNU) မှ ဖဒိုစောကွယ်ထူးဝင်း ဒုတိယခေါင်းဆောင် ၁ နှင့် ကေအိုင်အို ဒုစစ်ဦးစီးချုပ် ဂွန်မော် ခေါင်းဆောင်၂ တာဝန်ယူထားကြောင်းသိရသည်။

ဆက်လက်ပြီး ကွန်ဖရင့်ကြီးသဘောတူညီချက်များကို အစိုးထံသို့ချပြသွားရန်နိုင်ဝင်ဘာလ လဆန်းပိုင်းတွင် မြစ်ကြီးနားမနောကွင်းတွင် ကျင်းပသွားရန်ရှိပြီး၊ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အများစု ပါဝင်တက်ရောက်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

No comments: