မင်းမင်း
လစာအပြည့်မယူသည့်သမ္မတ ဥပဒေကို ဆန့်ကျင်ရာရောက်ဟု အထက်လွှတ်တော်ဥက္ကဋ္ဌ ဝေဖန်
သမ္မတ၏ လစာကို ဥပဒေတွင် သိန်း ၅၀ သတ်မှတ်ထားပါလျက် လျော့ယူခြင်းသည် ဥပဒေနှင့်မကိုက်ညီ၊ ဥပဒေကို ဆန့်ကျင်၊ ဥပဒေကို မလိုက်နာသည့် သဘောများ သက်ရောက်နေသည်ဟု အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ဝေဖန်ပြောဆိုလိုက်သည်။
နိုဝင်ဘာ ၁၃ ရက် အမျိုးသားလွှတ်တော်တွင် ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၏ ချီးမြှင့်ငွေ၊ အဆောင်အယောင်များဆိုင်ရာ ဥပဒေကိုပြင်ဆင်ရန် ဆွေးနွေးစဉ် သမ္မတ၏ လစာ ချီးမြှင့်ငွေသတ်မှတ်မှုအပေါ် လွှတ်တော်ဥက္ကဋ္ဌနှင့် ဘဏ္ဍာရေး ဒုဝန်ကြီး ဦးမောင်မောင်သိမ်းတို့ အချေအတင် ဆွေးနွေးမှုအတွင်း ပြောဆိုသွားခြင်းဖြစ်သည်။
"မူလက သိန်း ၅၀ ပြဌာန်းထားပါတယ်။ ကျွန်တော်တို့ သိန်း ၅၀ ဆိုလည်း သဘောတူပါတယ်။ သို့သော် ဥပဒေထဲမှာရှိပြီး မယူတဲ့အခါကျတော့ ဥပဒေနဲ့ မညီဘူးဖြစ်နေတာပေါ့။ အခုလည်း သိန်း ၃၀၊ ၄၀ ထားမယ်။ သိန်း ၅၀ သတ်မှတ်မယ်ဆိုလည်းရတယ်။ သို့သော်ယူရမယ်။ ဥပဒေမှာရှိပြီးတော့မှ မယူတာကတော့ ဥပဒေကို ဆန့်ကျင်တဲ့သဘောဖြစ်နေတယ်။ မလိုက်နာတဲ့သဘောဖြစ်နေတယ်" ဟု ဦးခင်အောင်မြင့်က ဝေဖန် ပြောဆိုသည်။
၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလအတွင်းက ပြဌာန်းခဲ့သည့် ဥပဒေတွင် သမ္မတသည် လစာငွေ သိန်း ၅၀ ခံစားခွင့်ရှိသည်ဟု ပြဋ္ဌာန်းထားသော်လည်း သမ္မတ ဦးသိန်းစိန်ကမူ နိုင်ငံ၏ အခြေအနေကြောင့် ၁၅ သိန်းသာ ယူခဲ့ခြင်းဖြစ်သည်။
ဥပဒေတွင် ထိုသို့ ပြဋ္ဌာန်းထားသော်လည်း သမ္မတက လျော့ယူခြင်းကြောင့် "ဥပဒေမှာ မည်ကဲ့သို့ပင် ပြဌာန်းစေကာမူ အုပ်ချုပ်မှု အမိန့်ညွှန်ကြားချက်လေးတစ်ခုနဲ့ ယူတယ်ဆိုတာတော့ အဓိပ္ပာယ်မရှိဘူး"ဟု ဝေဖန်ကာ "ဥပဒေတစ်ခုကို ညွှန်ကြားချက်တစ် ရပ်က ကျော်လွန်နိုင်ခြင်းမရှိဘူး" ဟုလည်း ထပ်ဆင့် ပြောဆိုသည်။
ဘဏ္ဍာရေးဒုဝန်ကြီး ဦးမောင်မောင်သိမ်းကလည်း ဦးခင်အောင်မြင့်၏ ပြောဆိုမှုကို "သူက စေတနာနဲ့ တစ်ခြားအကြောင်းများကြောင့် လျှော့ယူတယ်ဆိုရင်လည်းပဲ ဥပဒေကို မလိုနာတဲ့သဘောဆိုပေမယ့်လည်း ဒါဟာ ဥပဒေကိုဖောက်ဖျက်တယ်လို့တော့ ကျွန်တော်တို့ ပြောလို့မရဘူး" ဟု တုန့်ပြန်ပြောဆိုခဲ့သည်။
ဦခင်အောင်မြင့်နှင့် ဦးမောင်မောင်သိမ်းတို့ အပြန်အလှန် အချေအတင်ဆွေးနွေးမှုအတွင်း ဦးမောင်မောင်သိမ်းက သမ္မတ၏ လစာငွေ ၁၅ သိန်းသည် နည်းပါးသည်ဟု တွင်တွင်ဆိုကာ တိုးမြှင့်သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ဦးခင်အောင်မြင့်ကလည်း ဥပဒေက သတ်မှတ်ပေးသည့်အတိုင်း မယူသည်ကိုသာ ထောက်ပြ ပြောဆိုခဲ့သည်။
ယင်းသို့ အချေအတင် အပြန်အလှန်ပြောဆိုမှုများအပြီး ဦးခင်အောင်မြင့်က ဦးမောင်မောင်သိမ်းကို အချိန် ၁၅ မိနစ်ပေးကာ လစာငွေ မည်မျှယူမည်ကို သမ္မတထံ မေးမြန်းစေခဲ့သည်။ "ခင်ဗျားဒီလိုလုပ် ၁၅ မိနစ်အတွင်းမှာ ခင်ဗျားအတည် ပြုချက်ပြန်ပေး။ ၁၅ မိနစ်စောင့်မယ်။ ကျွန်တော်ပြောတာရှင်းလားမသိဘူး" ဟုဆိုကာ သမ္မတထံသို့ အတည်ပြုချက် ပြန်လည် ရယူစေခဲ့သည်။
ဦးမောင်မောင်သိမ်းက သမ္မတထံ ပြန်လည်မေးမြန်းခဲ့မှုကို လွှတ်တော်သို့ ပြန်လည်တင်ပြရာတွင် သမ္မတက လျော့ယူရန် ညွှန်ကြားသည်ဟုဆိုကာ တိကျသည့် လစာငွေ သတ်မှတ်ပေးရန် လွှတ်တော်ကပြန်လည်တင်ပြခဲ့သည်။ အဆုံးသတ်တွင် သမ္မတ၏ လစာကို လွှတ်တော်က ဆုံးဖြတ်ပေးရန်မသင့်ဟု ဦးခင်အောင်မြင့်ကဆိုကာ ဘဏ္ဍာရေးဝန်ကြီးဌာနမှ သတ်မှတ်ပေးရန် ဆုံးဖြတ်လိုက်သည်။
ထို့ကြောင့် ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၏ ချီးမြှင့်ငွေ၊ အဆောင်အယောင်များဆိုင်ရာ ဥပဒေကိုပြင်ဆင်သည့် ဥပဒေကြမ်းကို အဆုံးသတ်နိုင်ခြင်းမရှိဘဲ နောက်လာမည့် လွှတ်တော်များမှသာ ဆက်လက်ဆွေးနွေးရန်ရှိသည်။
No comments:
Post a Comment