Thursday, November 14, 2013

၂၀၁၅ မတိုင်မီ ရွေးကောက်ပွဲ ဥပဒေများပြင်မည်

နန်းလွင်နှင်းပွင့်

ရွေးကောက်ပွဲဆိုင်ရာ နည်းဥပဒေများကို ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲမတိုင်မီ ပြန်လည် ပြင်ဆင်နိုင်ရန် သုံးသပ်မှုများ လုပ်ဆောင်နေသည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးသောင်းလှိုင်က မဇိ္ဈမကို ပြောသည်။

“အခုလောလောဆယ်တော့ သုံးသပ်နေတဲ့ အဆင့်ပဲရှိသေးတယ်။ ပါတီတွေကလည်း တင်ပြထားတာတွေရှိတယ်၊ ပါတီတွေဘက်ကတော့ တင်ပြထားတာတွေ အများကြီးပဲ၊ ရွေးကောက်ပွဲအတွက် မှတ်ပုံတင်ကြေးကိစ္စတွေ၊ အယူခံဝင်တဲ့ ကိစ္စတွေအများကြီးပဲ” ဟုပြောသည်။

သို့သော် ယခုအချိန်တွင် မည်သည့် ပြဋ္ဌာန်းချက်များကို မည်မျှပြောင်းမည် ဆိုသည်ကို ထုတ်ဖော်ပြောဆို နိုင်ခြင်းမရှိသေးဟုဆိုသည်။ “တကယ်တမ်း အထက်လူကြီးတွေဘက် ကျွန်တော်တို့ကို အကြောင်းမကြား သေးဘူး။ သူတို့ဘက်က ချပေးလာရင်တော့ ကျွန်တော်တို့ဘက်က ချက်ချင်းထုတ်ပြန်မှာပါ” ဟုလည်း ဦး သောင်းလှိုင်ကပြောသည်။

ဥပဒေပြင်ဆင်နိုင်ရန် နိုင်ငံရေးပါတီများကလည်း ရွေးကောက်ပွဲကော်မရှင်သို့ အကြံပြုချက်များ တင်ပြပြီး ဖြစ်သည်။

ရွေးကောက်ပွဲဥပဒေသည် ပြင်ဆင် ရန်အချက်များ ရှိနေသည်ဟု ပါတီများကဆိုသော်လည်း အသေးစိတ်ကိုမူ သုံးသပ်ပြောကြားခဲ့ခြင်းမရှိပေ။ “အခုကတကယ်ကို အလုပ်မှမဖြစ်တာ၊ အဲ့တော့ပြင်ရမယ်။ ပြင်မှအကျုံးဝင်မယ်၊ မပြင်ရင် ဒီမိုကရေစီမဆန်ဘူး” ဟု မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ နိုင်ငွေသိမ်း ကပြောသည်။

ရွေးကောက်ပွဲသို့ အကြံပြုလွှာပေးပို့ထားသည်ဆိုသော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကလည်း ဥပဒေပြဋ္ဌာန်းချက်များအရ ယခုအချိန်တွင် ထုတ်ဖော်ပြောဆိုခွင့်မရှိဟု ပါတီ၏အထွေထွေအတွင်းရေးမှူး ဦးဥာဏ် ၀င်းကပြောသည်။

ရွေးကောက်ပွဲ စနစ်ပြောင်းလဲရေးနှင့် ပတ်သက်၍ ပါတီအချို့၏ အကြံပြုမှုများ လည်းရှိခဲ့ဖူးပြီးကော်မရှင်က ပြည်ထောင်စုလွှတ်တော်သို့ တင်ပြထားသည်။ လက်ရှိကျင့်သုံးနေသည့် နယ်မြေအလိုက်မဲအများဆုံး ရသူ တစ်ဦးသာအနိုင်ပေးသည့်စနစ်ကို ပါတီအလိုက်မဲရရှိသည့် ရာခိုင်နှုန်းအချိုးဖြင့် ရွေးချယ်သည့်စနစ်သို့ ပြောင်းလဲလိုခြင်းရှိမရှိ ပြည်ထောင်စုလွှတ်တော်က ဆုံးဖြတ်ပေးရန် ကော်မရှင်ကတင်ပြထားသည်။

No comments: