နေမျိုး
ချင်းပြည်နယ် တီးတိန်မြို့နယ်အတွင်းရှိ မြွေတောင်-ဖားတောင် နီကယ်သတ္တုစီမံကိန်းနှင့် ပတ်သက်၍ ချင်းပြည်နယ်ဒေသခံများ၏ သဘောထားအတိုင်း ဆောင်ရွက်ရန်သင့်ကြောင်း ချင်းပါတီများက ထောက် ပြပြောဆိုသည်။
ပြည်နယ်အတွင်းရှိ ချင်းပါတီများက အဆိုပါစီမံကိန်းနှင့်ပတ်သက်ပြီး ကွင်းဆင်းလေ့လာမှုများ ဆောင် ရွက်ရာတွင် စီမံကိန်းဆောင်ရွက်မည့် တရုတ်နိုင်ငံ North Mining Investment Company (NMIC) ၏ လုပ်ငန်းဆောင်ရွက်မှုများအပေါ် ဒေသခံများက ကြိုက်နှစ်သက်ခြင်းမရှိကြောင်း ချင်းတိုးတက်ရေးပါတီ အတွင်းရေးမှူး ဦးစောမြက မဇ္ဈိမသို့ ပြောသည်။
“ပြီးခဲ့တဲ့ နှစ်လ၊ သုံးလက ချင်းနိုင်ငံရေးပါတီ လေးပါတီ သွားတွေ့တယ်။ ဒေသခံတွေက လောလောဆယ် မတူးနဲ့ဦးပေါ့၊ သတ္တုတူးဖော်ရေးနဲ့ ပတ်သက်ပြီး ကျွမ်းကျင်တဲ့ ပညာရှင်တွေ မရှိသေးချိန်မှာ၊ မဖြစ် မနေတူးမယ်ဆိုရင် တရုတ်ကုမ္ပဏီတွေမကြိုက်ဘူးတဲ့၊ ဒီမိုကရေစီနိုင်ငံတစ်ခုခုရဲ့ကုမ္ပဏီဆိုရင် သဘော တူတယ်လို့ ပြောတယ်။ ကျွန်တော်တို့က ဒေသခံတွေနဲ့ ထပ်တူပါပဲ။ စံချိန်၊ စံညွှန်းမှီတဲ့ ကုမ္ပဏီတွေ ဖြစ် စေချင်တယ်၊ ဒေသခံပြည်သူတွေရဲ့သဘောထားကို အဓိကထားပါတယ်၊ ဒေသခံကျေးရွာတွေရဲ့အကျိုးကို အဓိကကြည့်ရမယ်”ဟု ၎င်းက ပြောသည်။
အဆိုပါစီမံကိန်းကို တရုတ်နိုင်ငံ NMIC က ဆောင်ရွက်နေခြင်းဖြစ်ပြီး လုပ်ငန်းအဆင့် ခြောက်ဆင့်ရှိ သည့်အနက် လေးဆင့်ပြီးဆုံးနေပြီဖြစ်ကြောင်း၊ လုပ်ကိုင်ခွင့်ရရှိပါက ယခုပင် လုပ်ကိုင်လိုကြောင်း အဆိုပါကုမ္ပဏီ၏ ဘူမိဗေဒအရာရှိချုပ် မြန်မာနိုင်ငံသား ဦးလင်းမြင့်က ပြောဆိုထားသည်ဟု Gender and DevelopmentInitiative – Myanmar အစီရင်ခံစာတွင် ဖော်ပြထားသည်။
စီမံကိန်းနှင့်ပတ်သက်ပြီး ဒေသခံများကို အသိမပေးခြင်း၊ စိုးရိမ်စိတ်များရှိနေခြင်း၊ သဘာဝပတ်ဝန်းကျင် ထိခိုက်ခြင်း ရှိ၊ မရှိ တိကျစွာ မသိရခြင်းတို့ကြောင့် ဆက်လက် ဆောင်ရွက်ရန် အလျင်စလို မပြုလုပ်သင့် ကြောင်းလည်း ချင်းပါတီများက ထောက်ပြပြောဆိုသည်။
“အစိုးရက သက်ဆိုင်ရာ ပညာရှင်တွေနဲ့ လာရှင်းပြတာမရှိဘူး။ ကုမ္ပဏီကတော့ ကိုယ်စားလှယ်တွေလာ တယ်။ တချို့ရွာတွေက လက်ခံတယ်။ ရွာအများစုက လက်မခံဘူး။ ငွေကြေး ဘယ်လောက် အကျိုးအ မြတ်ရှိမယ်။ လယ်တွေယာတွေ မြစ်၊ ချောင်းတွေ ဘယ်လောက် ထိခိုက်မယ်ဆိုတာ သုသေသနလုပ်တာ ပေးမပြဘူး။ ကျွန်တော်တို့က ဘာသတ္တုတွေ ထွက်တယ်ဆိုတာ သိချင်တယ်။ လူထုသဘောထားက အ ရေးကြီးတယ်”ဟု ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ပူးကျင်ကမ်းလျန်က ပြောသည်။
ထို့ပြင် နိုင်ငံတော်နှင့် သက်ဆိုင်ရာ ပြည်နယ်၊ မြို့နယ်တို့အတွက် အကျိုးအမြတ် မည်မျှရရှိမည်ဆိုသည်မှာလည်း ပွင့်လင်းမြင်သာမှုမရှိကြောင်း ၎င်းက ဆက်ပြောသည်။
ချင်းအမျိုးသားပါတီတာဝန်ရှိသူ ဆိုင်းဒေးဗစ်ထောက “နိုင်ငံတကာက ကျွမ်းကျင်ပညာရှင်တွေနဲ့ အစည်းအဝေး လုပ်သင့်တယ်။ ပြည်သူလူထုဆန္ဒနဲ့ညီအောင် ဆောင်ရွက်သင့်တယ်။ တင်ဒါခေါ်သင့်တယ်။ ရရှိ လာတဲ့ အကျိုးအမြတ်ဟာ ပြည်သူ့ဘဏ္ဍာဖြစ်ရပါမယ်။ အဲဒီလိုမဟုတ်ရင် လက်ပံတောင်းလိုပြဿနာမျိုး ကြုံရနိုင်ပါတယ်”ဟု ပြောသည်။
မြွေတောင်-ဖားတောင် စီမံကိန်းကို ၂၀၀၆ ခုနှစ်ခန့်က တရုတ်ပိုင် ကင်ဘိုကုမ္ပဏီမှ စမ်းသပ်တူးဖော်ခဲ့ဖူး ပြီး ထိုစီမံကိန်းကို လုပ်ကိုင်လိုကြောင်း NMICက အစိုးရအား ကမ်းလှမ်းထားသည်ဟု Gender and Development Initiative - Myanmar အစီရင်ခံစာက ဖော်ပြထားသည်။
အဆိုပါစီမံကိန်းနှင့် ပတ်သက်၍ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်နစ်နာမှုများ၊ ပျက်စီးဆုံးရှုံးရသည့် လယ်ယာမြေများ၊ လျော်ကြေးပေးဆောင်မှုများ၊ အကျိုးအမြတ် ခွဲဝေခြင်းများကို အစိုးရဘက်မှ ပွင့်လင်း မြင်သာမှုရှိရန် ချင်းပြည်နယ်ရှိ နိုင်ငံရေးပါတီလေးခုမှ စက်တင်ဘာ ၁၆ ရက်က သဘောထားကြေညာ ချက်တစ်စောင် ထုတ်ပြန်ထားသည်။
No comments:
Post a Comment