ABC
မြန်မာ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့အကြားမှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ လုပ်နိုင်ခဲ့တာဟာ အမျိုးသားရင်ကြားစေ့ရေးအတွက် အရေးပါတဲ့ ခြေလှမ်းလို့ ကုလသမဂ္ဂက ပြောကြားလိုက်ပါတယ်။
အရင်စစ်အစိုးရလက်ထက်ကတည်းက မြန်မာအစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင် တွေအကြား မကြာခဏဆိုသလိုပဲ တိုက်ပွဲတွေဖြစ်ပွားနေခဲ့ရာကနေ နိုဝင်ဘာလ ၄ ရက်နေ့နဲ့ ၅ ရက်နေ့တွေမှာ ပထမဆုံးအကြိမ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အားလုံနီးပါး နဲ့ အစိုးရတို့ မျက်နှာဆုံညီတွေ့ဆုံဆွေးနွေးနိုင်ခဲ့ကြတာ ဖြစ်ပါတယ်။
ဆွေးနွေးပွဲအတွင်း ရလဒ်တွေ အခိုင်အမာ မရခဲ့ပေမယ့် ရှေ့ဆက် ဆောင်ရွက်သွားရမယ့် အခြေခံ လမ်းညွှန်ချက်တရပ်ကို အစိုးရနဲ့ တိုင်းရင်းသားတွေအကြား ရရှိခဲ့တယ်လို့ မြန်မာအစိုးရဘက်က ထုတ်ပြန်ပါတယ်။
အခုလို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ မြန်မာအစိုးရအကြား တိုက်ရိုက် တပြိုက်တည်း တရားဝင်ဆွေးနွေးမှုဟာ ဆယ်စုနှစ်တွေအတွင်း ဒါ ပထမဆုံးအကြိမ်လည်းဖြစ်ပါတယ်။
နောက်တကြိမ်ဆွေးနွေးပွဲကိုတော့ လာမယ့် ဒီဇင်ဘာလအတွင်း ကရင်ပြည်နယ် အတွင်းမှာ လုပ်ဆောင်သွားဖို့ ရှိကြောင်း သတင်းရရှိပါတယ်။
လမ်းပိတ်ထားတာကြောင့် ဒေသခံနဲ့ ဒုက္ခသည်တွေ ရိက္ခာပြတ်လပ်နေ
ကချင်ပြည်နယ် မန်စီမြို့နယ်ထဲမှာရှိတဲ့ နမ့်လင်းပါ ကျေးရွာကို အစိုးရစစ်တပ်က ပိတ်ဆို့မှုတွေ ပြုလုပ်ထားတာကြောင့် ကျေးရွာအတွင်းက ဒေသခံတွေနဲ့ ဒုက္ခသည် ၁၀၀၀ ကျော်လောက်ဟာ ရိက္ခာပြတ်လပ်နေတယ်လို့ ကချင်ငြိမ်းချမ်းရေး ကွန်ယက်က ပြောပါတယ်။
အောက်တိုဘာလ ၂၂ ရက်နေ့ကတည်းက မန်စီမြို့နယ်တစ်ဝိုက်မှာ အစိုးရစစ်တပ်က မှောင်ခိုလမ်းကြောင်းတွေ ရှင်းလင်းဖို့ အတွက် တပ်ဖြန့်တာတွေကို ပြုလုပ်ခဲ့ပြီး ကျေးရွာတော်တော်များများကိုလည်း ပိတ်ဆို့ထားပါတယ်။
နမ့်လင်းပါ ကျေးရွာဟာ အောက်တိုဘာလ ၂၂ ရက်နေ့ကတည်းက စတင်ပိတ်မိနေတာဖြစ်ပြီး ရိက္ခာ ထောက်ပံ့ဖို့ အဆင်သင့်ရှိနေပေမယ့် အစိုးရဘက်က အခုချိန်ထိ ပိတ်ဆို့ထားတယ်လို့ ကချင်ငြိမ်းချမ်းရေး ကွန်ယက်က မခွန်ဂျာက အခုလိုပြောပါတယ်။
“နမ့်လင်းပါ ကျေးရွာက စပြီးပိတ်မိနေတာ ၂၂ ရက် အောက်တိုဘာလ ဖြစ်တယ်ပေါ့နော်။ ၂၂ ရက် အောက်တိုဘာလ ကတည်းကနေပြီးတော့မှ မိုင်းခေါင်ရဲ့ အထက်ပိုင်းကို ဒီ ဗန်းမော်မြို့နယ်နဲ့ မန်စီမြို့နယ်ကနေပြီးတော့မှ ဘယ်လိုမှ လာခွင့်မရတော့ဘူးရှင့်။ အဲတော့ လာခွင့်မရတော့ဘူးဆိုတော့အခါမှာ အဲဒီ နမ့်လင်းပါ ကျေးရွာမှာ မူလကတည်းကနေ IDP ကန့်ရှိတယ်။ လူဦးရေ ၁၀၀၀ နည်းနည်းကျော်တယ်။ သူတို့ဆီမှာ ဘာမှ မကျန်တော့ဘူးလို့ သိရတယ်။ အဲတော့ သူတို့ဆီကို ဆန်ပို့ဖို့အတွက် ဗန်းမော်ကနေပြီးတော့မှ UNDP ယာဉ်တန်းကလည်း ထွက်ဖို့ အတွက် အဆင်သင့်ဖြစ်တယ်။ သို့သော်လည်းပဲ မြန်မာ့တပ်မတော်က သွားခွင့်မပြုဘူးပေါ့။ စစ်တပ်က လေးဘက်လေးတန် ပိတ်ထားတယ်။ ပြီးလို့ရှိရင် ရွာတိုင်းမှာလည်း ပိတ်မိနေတဲ့လူတွေ ရှိသေးတယ်။”
မန်စီမြို့နယ်တစ်ဝိုက်ဟာ ကချင်လွတ်မြောက်ရေး တပ်မတော် KIA ရဲ့ ထိမ်းချုပ်နယ်မြေ ဖြစ်ပြီး အခုလို အစိုးရဘက်က နယ်မြေရှင်းလင်းရေး လုပ်ငန်းတွေ ပြုလုပ်တာကြောင့် တိုက်ပွဲငယ်အချို့လည်း နေ့စဉ် ဖြစ်ပေါ်နေတယ်လို့ ဆိုပါတယ်။
ယခုလို ကျေးရွာတွေကို ပိတ်ဆို့တာတွေ၊ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားတာတွေဟာ KIA နဲ့ အစိုးရတို့ရဲ့ ပြည်ထောင်စု အဆင့်ပါ သဘောတူညီချက်တွေကို ဖောက်ဖျက်တာ ဖြစ်တယ်လို့လည်း မခွန်ဂျာက ပြောတဲ့အကြောင်း ရေဒီယိုသြစတြေးလျ သတင်းထောက် စူးရှက သတင်းပေးပို့ထားတာ ဖြစ်ပါတယ်။

No comments:
Post a Comment