ီDawei Watch
ကာလ ကြာရှည်စွာ မပြေလည် သေးဘဲ ဖြစ်နေသည့် ကမြောကင်း လယ်ယာမြေ ကိစ္စ လယ်သမား၊လူထု အခြေပြု အဖွဲ့အစည်း နှင့် တနင်္သာရီတိုင်း အထွေထွေ အုပ်ချူပ်ရေးဦးစီးဌာန တို့ ထိပ်တိုက် တွေ့လာသည်ဟု ထားဝယ် အခြေစိုက် လူထု အခြေပြုအဖွဲ့ အစည်းများ နှင့် လယ်သမားများ ထံမှ သိရသည်။
အောက်တိုဘာလ (၂၇) ရက်နေ့ က စပါး ရိတ်သိမ်းခါနီး လယ်မြေကို ခြံခတ်သည့် အတွက် လယ်သမားများ နှင့် ထားဝယ်ခရိုင် အုပ်ချူပ်ရေးမှူး၊ မြို့နယ် အုပ်ချူပ်ရေးမှူးအပါအ၀င် ဌာန ဆိုင်ရာ ၀န်ထမ်းများ အငြင်းပွားကာ စကား အခြေအတင် ဖြစ်ခဲ့ကြောင်း လယ်သမား များထံမှ သိရသည်။
ယင်းသို့ စကား အခြေအတင် ဖြစ်ပြီး နောက်တစ်နေ့ အောက်တိုဘာလ (၂၉) ရက်နေ့တွင်ရိတ်သိမ်းခါနီးစပါးများ ရှိနေသည့် လယ်မြေ ပေါ်တွင် မြေဖို့ သည်ကို လယ်သမားများ နှင့် ဒေသခံလူထု အခြေပြု အဖွဲ့ အစည်းများ တားဆီးရာက ထိပ်တိုက် တွေ့ကာ တနင်္သာရီတိုင်း ဒေသကြီးအထွေထွေ အုပ်ချူပ်ရေး ဦးစီးဌာနမှ တိုင်းဒေသကြီး အတွင်းရေးမှူးဦးတင်သိန်း အပါအ၀င် အဖွဲ့က ကြမ်းတမ်းစွာ ပြောဆို ခဲ့သည်ဟုလူထု အခြေပြုအဖွဲ့အစည်းများနှင့် ဒေသခံ လယ်သမား များက ပြောဆိုသည်။
လယ်သမား များနှင့် လူထု အခြေပြုအဖွဲ့အစည်းများက မြေလာဖို့သည့် ကားကို တားပြီးတာဝန်ရှိ သူများကို ဆက်သွယ်ခိုင်းရာ တိုင်းဒေသကြီး အတွင်းရေးမှူး ဦးတင်သိန်းပါအဖွဲ့နှင့် ရဲတပ်ဖွဲ့ ၀င်များ ရောက်လာပြီး ထိပ်တိုက် တွေ့ခဲ့ခြင်း ဖြစ်ကြောင်းလယ်သမားများ ၏ ဗီဒီယို မှတ်တမ်း အရ သိရသည်။
လယ်သမား များနှင့် လူထု အခြေပြု အဖွဲ့အစည်းများ ကို ကြမ်းတမ်းစွာ ကြိမ်းမောင်းခြင်း၊ လယ်သမားများ နှင့် လူထု အခြေပြု အဖွဲ့များ နေရိပ်ခို နေသည့်ထန်းရည်တဲ ကို ဖျက်ဆီးရန် အမိန့်ပေးခြင်း၊ လူထု အခြေပြု အဖွဲ့အစည်း တစ်ခုမှ မှတ်တမ်း ကင်မရာ တစ်လုံးကို ဖျက်ဆီးခြင်း တို့စသဖြင့် ကြမ်းတမ်းစွာပုမူခဲ့သည်ဟု ဒေသခံ လယ်သမား များက ပြောသည်။
“နိုင်ထက် စီးနင်း ဆန်လွန်းတယ်။ လက်ရှိ ဆန္ဒပြခွင့် တင်ဖို့ လုပ်နေတယ်။ ဘက်ပေါင်းစုံ ကနေ လုပ်သွားမယ်” ဟု အခင်းဖြစ်ပွား သည့် နေရာကို ရောက်ခဲ့သည့်ထားဝယ် ဒေသခံ လူအခွင့်ရေး စောင့်ကြည့် လေ့လာသူ ဦးသန်းဝင်းက ဆိုသည်။
လက်ရှိ ပြုစုထား သည့် စာရင်းအရ မြေသိမ်းဆည်း ခံထားရသည့် လယ်သမား (၆၄) ဦးအနက် (၁၀) ဦးသာ လျော်ကြေး ယူရန် သဘောတူ ထားခြင်းဖြစ်ပြီး အများစုက သဘောမတူ သေးဟု ဦးသန်းဝင်းက ပြောသည်။
သို့သော် တိုင်းအစိုးရ အဖွဲ့မှ ဦးတင်သိန်း ကမူ လျှော်ကြေးယူ ထားသည့်သူ (၃၀) ဦးခန့်ရှိသည်ဟု အခင်း ဖြစ်ပွားသည့် နေရာတွင် ပြောဆိုခဲ့ သည်ကို ဗီဒီယိုမှတ်တမ်းအရ သိရသည်။
အခင်း ဖြစ်ပွားမှုနှင့် ပတ်သက်ပြီး အတည်ပြု နိုင်ရန် အောက်တိုဘာလ ၃၀ ရက်နေ့ ညနေပိုင်းက တိုင်း အတွင်းရေးမှူး ဦးတင်သိန်းကို (၂) ကြိမ်တိုင်တိုင်ဆက်သွယ် မေးမြန်းရာ ၀န်ကြီးချူပ် ရုံးခန်း သွားနေသည်ဟု တိုင်း အတွင်းရေးမှူးရုံးခန်းမှ ၀န်ထမ်းတစ်ဦးက ပြန်လည် ဖြေကြားသည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး တနင်္သာရီ တိုင်းဒေသကြီး ၀န်ကြီးချူပ်ထံ ဆက်သွယ် မေးမြန်းရာ မိမိအနေဖြင့် အဆင်ပြေဆုံး ဖြစ်အောင် စဉ်းစားကာလျှာ်ကြေး ပေးရန် ကမ်းလှမ်းထားပြီး ဖြစ်သည့်အတွက် အချိန်မရွေး ယူနိုင်ကြောင်း၊ ယူသည့်သူများ လည်း ယူနေပြီ ဖြစ်ပြီး မယူတာကိုတော့ မိမိအနေဖြင့်မတတ်နိုင်ကြောင်း ပြန်လည် ဖြေကြားသည်။
သက်ဆိုင်ရာများ ၏ ကြမ်းတမ်းစွာ ပြောဆိုမှု အပေါ် မှတ်ချက် မေးမြန်းရာ “ဒီက စည်းနဲ့ ကမ်းနဲ့ ဥပဒေနဲ့ အညီ လုပ်နေတာကို သူတို့ အုပ်စုဖွဲ့ပြီးဝူးဝူး ၀ါးဝါး တားဟယ် ဆီးဟယ် လုပ်နေတာကိုရော” ဟု တနင်္သာတိုင်း ဒေသကြီး ၀န်ကြီးချူပ်ဦးမြတ်ကိုက ပြန်လည် မေးခွန်း ထုတ်ခဲ့သည်။
မိမိတို့ အနေဖြင့် ရိုက်နှက်ဖမ်းဆီး နေတာမျိုး မဟုတ်သည့် အတွက် ကြမ်းတမ်းစွာကိုင်တွယ်သည်ဟု မပြောသင့်၊ တည်တည်ငြိမ်ငြိမ် ဖြစ်ရန် တာဝန်အရလုပ်နေခြင်း ဖြစ်ကြောင်း၊ တစ်ဧကကို ကျပ်သိန်း (၃၀) ဆယ်ခန့်သာ တန်သည့် လယ်ကွက်အစားကျပ်သိန်း ၁၀၀ ခန့် တန်သည့် မြေကွက်များကို အစားထိုး ပေးရန် ကမ်းလှမ်းထားပြီး ဖြစ်ကြောင်း ၀န်ကြီးချူပ် ဦးမြတ်ကိုက ပြောသည်။
“အငြင်းပွားမှု ဖြစ်လာတဲ့ အချိန်မှာ ပြေလည်မှုရဖို့ မကြိုးစားဘဲ အော်နေ ငေါက်နေတာ၊ လူတွေကို ရှင်းလည်း မရှင်းပြ၊ စကားပြောခွင့် လည်းမပေးဘဲအာဏာ သုံးပြီး မောင်းထုတ်တာ၊ ကိုယ်ထိ လက်ရောက် လုပ်တာက ယဉ်ကျေးတဲ့ လုပ်ရပ်လား”ဟုအခင်း ဖြစ်ပွားနေရာသို့ ရောက်ရှိခဲ့သည့် ထားဝယ်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး အဖွဲ့၏ ထားဝယ် ညှိနှိုင်းရေးမှူး ဦးသန့်ဇင်က တန်ပြန် မေးခွန်းထုတ်သည်။
သက်ဆိုင်ရာ ၏ ဖြေရှင်းပုံသည် ပြဿနာ ပြေလည်ရန် ဟူသည့် ရည်ရွယ်ချက် ဖြင့်ဦးတည် ကိုင်တွယ်ခြင်း မဟုတ်ဘဲ မိမိတို့တွင် လုပ်နိုင်သည့် အာဏာရှိသည်၊မည်သူ ကျေနပ် မကျေနပ် လုပ်ကို လုပ်မည်ဟူသည့် ဆုံးဖြတ်ချက် ချပြီး ကိုင်တွယ်သလို ဖြစ်နေသည်ဟု ၎င်း ပြောသည်။
“ပြီးခဲ့ နှစ်ရက်စလုံးက ဖြစ်တဲ့ ကိစ္စအပေါ်မှာ အလွန်အကျွံ ကိုင်တွယ် တယ်လို့ကျွန်တော်တို့ မြင်တယ်။ ကိုယ်တိုင်လည်း ကြုံခဲ့တယ်။ ဒီကိစ္စမျိုး ကိုတောင်ညင်ညင်တာတာ မကိုင်တွယ် နိုင်တဲ့ အစိုးရ ဘာအစိုးရလဲ။ ပြည်သူ့ လစာ ယူထားတာ မမေ့ပါနဲ့။ စစ်အစိုးရ လက်ထက် ကတောင် ဒါမျိုး မတွေ့ဖူးဘူး” ဟု ဦးသန့်ဇင်ကဆိုသည်။
ယင်းလယ်ယာမြေကိစ္စနှင့် ပတ်သက်ပြီး လယ်သမားများနှင့် လူထုအခြေပြုအဖွဲ့အစည်းများ အားလုံး ပူးပေါင်းတိုင်ပင်ပြီး ရှေ့ဆက် လုပ်ကိုင်သွားမည်ဟုလယ်ဧက (၁၄) ဧက ပိုင်ဆိုင်သည် ဦးထွန်းထွန်းဝင်းက ပြောသည်။
“ဒီနေရာမှာ (၁၃) နှစ်သား ကတည်းက နေလာခဲ့တာ။ ကျွန်တော် အရမ်းစိတ်လေနေပြီ။ဘာပြောရမှန်းကို မသိတော့ဘူး။ လမ်းလျှောက်တာ လည်း မြေနဲ့ ခြေထောက် မထိတော့ဘူး။အလုပ်သမား တွေလည်း ပေါက်တူးတွေ ဘာတွေ လွှင့်ပစ်ပြီး စားမနိုင် သောက်မနိုင် ဖြစ်နေပြီ” ဟု လယ်မြေဧက (၇) ဧက ပိုင်သည့် ဦးကြည်လွင်က ဆိုသည်။
အခင်း ဖြစ်ပွားသည့် စီမံကိန်း နေရာဖြစ်သည့် ထားဝယ်မြို့၊ ဆန်းချီရပ်ကွက် ၀န်ကြီးများ အိမ်ယာ အနောက်ဖက် လယ်ကွက် မြေနေရာတွင် မြို့ရွာနှင့် အိုးအိမ်ဆာက်လုပ်ရေး ဦးစီးဌာနမှ ၀န်ထမ်းအိမ်ယာ စီမံကိန်းအဖြစ် (၆) ခန်းတွဲ နှစ်ထပ်တိုက် (၁၀) လုံးနှင့်(၆) ခန်းတွဲ တစ်ထပ်တိုက် (၃) လုံး တည်ဆောက် မည်ဟု ကန်ထရိုက်တာများ ထံမှသိရသည်။
စီမံကိန်း ဖော်ဆောင်မည့် နေရာနှင့် အနီးဝန်းကျင် ၌ရှိသော လယ်မြေတွင်နှစ်စဉ် စပါးစိုက်ပျိုး လာခဲ့ပြီး (၂၀၁၁) ခုနှစ်အထိ နှစ်စဉ် မြေအခွန်များပေးဆောင်ကာ လုပ်ကိုင် လာသော လယ်မြေများ ဖြစ်ကြောင်း၊ (၂၀၁၂) ခုနှစ်တွင် မြေအခွန် ပြေစာများ ဆက်မထုတ် ပေးတော့သော်လည်း လယ်ယာများကို ဆက်လက်လုပ်ကိုင် လာပြီး ယခုနှစ် စပါးထွက် တော့မည့်အချိန်တွင် လယ်မြေကို ခြံစည်းရိုးခတ်ခြင်း မြေဖို့ခြင်း ခံခဲ့ရသည်ဟု လယ်သမားများ က ပြောဆိုသည်။
အစိုးရနှင့် ပုဂ္ဂိုလိက စီမံကိန်းများ ဖော်ဆောင် နေသည့် အငြင်းပွားမှု ကြုံတွေ့နေရသော ဆန်းချီရပ်ကွက်၊ ကမြောကင်း လမ်းမကြီး၏ တောင်ဖက်ရှိ လယ်မြေကွက်မှာ ဧက (၃၀၀) ကျော်ရှိသည်ဟု လယ်သမားများ ထံမှ သိရသည်။

No comments:
Post a Comment