Tuesday, November 19, 2013

ဘင်္ဂလာဒေခ်ျ့မှ ဗုဒ္ဓဘာသာဝင် မျိုးနွယ်စုများ မြန်မာနိုင်ငံသို့ ခိုလုံရန် ထပ်မံ ရောက်ရှိ

နိရဉ္စရာ

ဘင်္ဂလာဒေခ်ျ့နိုင်ငံမှ ဗုဒ္ဓဘာသာဝင် မျိုးနွယ်စုများသည် မြန်မာနိုင်ငံအတွင်း ခိုလုံရန် မောင်တောမြို့နယ်ထဲသို့ ထပ်မံ ရောက်ရှိလာကြောင်း သတင်းရရှိသည်။

အောက်တိုဘာလ ၁၅ ရက်နေ့မှ ယနေ့ထိ ရောက်ရှိလာသူ မိသားစုမှာ ၁၆ ခု ရှိပြီး လူဦးရေအားဖြင့် ၅၀ နီးပါးခန့်ရှိကြောင်း မောင်တောမြို့ ဗဟိုကျောင်းဆရာတော်က ပြောကြားသည်။ “ ပွင့်လင်းရာသီ စတာနဲ့ တစ်ဘက်နိုင်ငံ ဗုဒ္ဓဘာသာဝင် မျိုးနွယ်စုတွေ ခိုလုံဖို့ ထပ်ရောက်ရှိလာပါတယ်။

အောက်တိုဘာလ ၁၅ ရက်ကနေ ဒီကနေ့ထိ ရောက်ရှိလာသူ အရေအတွက်က မိသားစု (၁၆) စု၊ လူဦးရေ အားဖြင့်ဆိုရင် ၅၀ နီးပါး ရှိပါတယ်” ဟု ဆရာတော်က မိန့်ကြားသည်။ သူတို့မှာ ယခုအခါ မောင်တောမြို့ ဗဟိုကျောင်းတွင် တည်းခိုနေထိုင်နေကြပြီး များမကြာမီ သူတို့အတွက် အိမ်များ တည်ဆောက်နေသော ကျေးရွာသို့ ပြောင်းရွှေ့ကြမည်ဟု ဆရာတော်က မိန့်ကြားသည်။ “ အခု အောင်သာယာမှာ အိမ်အလုံး ၃၀ ဆောက်နေတယ်။ ပီးရင်တော့ အဲဒီရွာကို ပြောင်းကြလိမ့်မယ်။

အခု ဆရာတော်ကျောင်းမှာဘဲ သူတို့ကို နေရာချပေးထားပါတယ်” ဟု ဆိုသည်။ ဆောင်းတွင်းရာသီ ရောက်ရှိနေပြီ ဖြစ်သဖြင့် သူတို့အတွက် စောင်၊ ခြင်ထောင်၊ အနွေးထည်၊ အိုးခွက် ပုဂံများနှင့် ရိက္ခာများ အပူတပြင်း လိုအပ်နေကြောင်း ဆရာတော်က ပြောသည်။

သူတို့သည် အိမ်ယာ အသစ်များ တည်ဆောက်နေသော ကျေးရွာများသို့ မပြောင်းရွှေ့မီ မောင်တောမြို့ ဗဟိုကျောင်းတွင် အနည်းဆုံး ရက်ပေါင်း (၁၅) ရက်ခန့် နေထိုင်ကြရမည်ဟု သိရသည်။

No comments: