Friday, November 15, 2013

မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုအတွက် စိန်ခေါ်ချက်နှစ်ရပ်ရှိနေဟု ကမ္ဘာ့ဘဏ်ထောက်ပြ

ဇော်ထိုက်

မြန်မာနိုင်ငံ၏ စီးပွားရေးပြုပြင်ပြောင်းလဲမှုအောင်မြင်ရေးအတွက် အဓိကအားဖြင့် စိန်ခေါ်ချက်နှစ်ရပ်ရှိ နေကြောင်း ကမ္ဘာ့ဘဏ်၏ မြန်မာနိုင်ငံဆိုင်ရာစီးပွားရေးပညာရှင် ဒေါ်မေသက်ဇင်က မဇ္ဈိမသို့ ပြောသည်။

အဆိုပါစိန်ခေါ်ချက်နှစ်ရပ်မှာ အစိုးရသစ်လက်ထက်တွင် ပြုပြင်ပြောင်းလဲ၊ အသစ်ပြင်ဆင်ရေးဆွဲပြဋ္ဌာန်း လျက်ရှိသော ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့် စည်းမျဉ်းစည်းကမ်းများအား အမှန်တကယ် သက်ဝင်လာစေရန် ဆောင်ရွက်နိုင်ရေးနှင့် ပြုပြင်ပြောင်းလဲရေး၏လက်ရှိအရှိန်အဟုန်အား ဆက်လက် တည်မြဲစေရန် ထိန်းသိမ်းနိုင်ရေးတို့ဖြစ်သည်ဟု ဒေါ်မေသက်ဇင်က မဇ္ဈိမနှင့် နိုဝင်ဘာ ၁၃ ရက်က သီးသန့်တွေ့ဆုံစဉ်ပြောခြင်းဖြစ်သည်။

ယင်းက “rule and regulation (လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်း) တွေအများကြီး အစိုးရကလုပ် နေတာရှိတယ်။ အစိုးရက မလုပ်တာမဟုတ်ဘူး။ ပြောင်းနေတယ်၊ ပြင်နေတယ်၊ အသစ်ရေးဆွဲပြဋ္ဌာန်း နေတယ်။ ဒါပေမဲ့ ဒါတွေကို တကယ်ဖော်ဆောင်နိုင်ဖို့လိုတယ်။ ဒါက စိန်ခေါ်မှုတစ်ခုပေါ့”ဟု ပြောသည်။

မြန်မာနိုင်ငံ၏ လက်ရှိစီးပွားရေးပြုပြင်ပြောင်းလဲမှုအရှိန်အဟုန်အား ဆက်လက်ထိန်းသိမ်းနိုင်ရေး အတွက် ပါဝင်ဆောင်ရွက်နေသူများ၏ Capacity (စွမ်းဆောင်ရည်) မြှင့်တင်ရေးနှင့် လျှောက်လှမ်းနေ သည့် မူဝါဒလမ်းစဉ်များအား အောက်ခြေအဆင့်အထိ သိရှိနားလည်စေရန် လိုအပ်ကြောင်း စီးပွားရေး ပညာရှင် ဦးလှမောင်ကလည်း ထောက်ပြပြောဆိုသည်။

ပြုပြင်ပြောင်းလဲရေးကာလ နှစ်နှစ်ကျော်အတွင်း စီးပွားရေးနယ်ပယ်တွင် မူဝါဒဆိုင်ရာအပြောင်းအလဲများ ပေါ်ထွက်လာပြီဖြစ်သော်လည်း လက်တွေ့လုပ်ငန်းနယ်ပယ်တွင်မှု အကန့်အသတ်များရှိနေဆဲဖြစ်သည် ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုက် (MRF) ၏ ဗဟိုအလုပ်အမှုဆောင်တစ်ဦးဖြစ်သူ Excel Internati- onal Trading Co., Ltd. ၏မန်နေဂျင်းဒါရိုက်တာ ဦးနေလင်းဇင်က ပြောသည်။

မြန်မာနိုင်ငံ၏ လက်ရှိစီးပွားရေးအလားအလာသည် အကောင်းဘက်သို့ ဦးတည်နေပြီး GDP (စုစု ပေါင်းပြည်တွင်းထုတ်ကုန်ပမာဏ) တိုးနှုန်းသည် ပြီးခဲ့သည့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ၆ ဒသမ ၅ ရာခိုင်နှုန်းရှိရာမှ ယခုဘဏ္ဍာနှစ်တွင် ၆ ဒသမ ၈ ရာခိုင်နှုန်းသို့ မြင့်တက်ကြောင်း မကြာမီကထုတ်ပြန် ခဲ့သည့် ကမ္ဘာ့ဘဏ်၏ မြန်မာနိုင်ငံစီးပွားရေးစောင့်ကြည့်အစီရင်ခံစာတွင် ဖော်ပြပါရှိသည်။

ဒေါ်မေသက်ဇင်က “ GDP (တက်လာတာကတော့ ဂက်စ်တင်ပို့မှုရယ်၊ ဆောက်လုပ်ရေးလုပ်ငန်းတွေ ရယ်၊ ၀န်ဆောင်မှုလုပ်ငန်းရယ်၊ ပို့ကုန်တွေတိုးလာတာရယ်တို့ကြောင့်ပေါ့။ ဒါပေမဲ့ အမှန်တကယ် ပြည် သူတွေရဲ့ လူနေမှုအဆင့်အတန်းပါ မြင့်လာဖို့ကတော့ ချက်ချင်းကြီးတော့မဖြစ်နိုင်ဘူး။ အချိန်ယူရလိမ့် မယ်”ဟု ဆက်ပြောသည်။

မြန်မာနိုင်ငံ၏ စီးပွားရေးလမ်းစဉ်နှင့်စပ်လျဉ်းကာ ယခင်ခေတ်တစ်လျှောက်လုံးတွင် စိုက်ပျိုးရေးကို အခြေခံပြီး ယင်းမှရရှိလာသော အကျိုးအမြတ်များဖြင့် စက်မှုကဏ္ဍထူထောင်ရေးဟူ၍ အစဉ်တစိုက်ပြော ကြားလာခဲ့ရာမှ လမ်းစဉ်သစ်တစ်ခုအနေဖြင့် စိုက်ပျိုးရေးကို အရှိန်အဟုန်မပြတ်ဆက်လက်တိုးမြှင့် ဆောင်ရွက်ရင်း စက်မှုလုပ်ငန်းကဏ္ဍကိုပါ တစ်ပြိုင်နက်တည်းထူထောင်မည့်စနစ်ဖြင့်လျှောက်လှမ်းမည် ဖြစ်ကြောင်း ၂၀၁၁ခုနှစ် မတ် ၃၁ ရက် ညနေ ၄ နာရီတွင် ပြောကြားသော နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ၏ ပထမဆုံးနိုင်ငံတော်အခြေပြမိန့်ခွန်းတွင် ပါရှိခဲ့သည်။

No comments: