ABC
မြန်မာ့ ငွေစက္ကူတွေမှာ ဗိုလ်ချုပ် အောင်ဆန်းရဲ့ ရုပ်ပုံတွေနဲ့ ပြန်လည် ထုတ်ဝေပေးဖို့ ပြည်ထောင်စု အစိုးရ အဖွဲ့ကို တင်သွင်းခဲ့တဲ့ သင်္ဃန်းကျွန်း အမတ် ဦးသိန်းညွန့် ရဲ့ အဆိုနဲ့ ပတ်သတ်ပြီး ပြည်ထောင်စု အစိုးရနှင့် ဆွေးနွေး ညှိနှိုင်း ဖော်ပြသွားမယ်လို့ ဗဟိုဘဏ် ဒု-ဥက္ကဋ္ဌ ဒေါ်ခင်စောဦးက နိုဝင်ဘာလ ၁၃ ရက်နေ့မှာ ကျင်းပခဲ့တဲ့ ပြည်သူ့လွှတ်တော် အစည်း အဝေးမှာ ပြောကြား လိုက်ပါတယ်။
အခုလက်ရှိ ငွေစက္ကူတွေမှာပါတဲ့ ခြင်္သေ့ပုံတွေဟာ နိုင်ငံရေးပါတီတစ်ခုရဲ့ တံဆိပ်အမှတ်အသား ဖြစ်နေတဲ့အတွက် နိုင်ငံရေးပါတီတစ်ခုရဲ့ တံဆိပ်အမှတ်အသားဟာ နိုင်ငံတော်အဆင့် အမှတ်အသားနဲ့ မတူသင့်ဘူးလို့ ယူဆတဲ့အတွက် အခုလို အဆိုတင်သွင်းတာ ဖြစ်ကြောင်း သိရှိရပါတယ်။
အဋ္ဌမ ပုံမှန် အစည်းအဝေး ၂၁ ရက်မြောက်နေ့မှာ ကမ္ဘာကပါ လေးစားခံရတဲ့ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ ရုပ်ပုံများနဲ့ ငွေစက္ကူတန်ဖိုး အသီးသီးမှာ အရင် ခေတ် အဆက်ဆက်ကအတိုင်း ပြန်လည်အစားထိုး ထုတ်ဝေဖို့ ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က တောင်းဆိုထားတာ ဖြစ်ပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး မြန်မာ့ ဗဟိုဘဏ်ရဲ့ တုန့်ပြန်ချက်ကတော့ ကမ္ဘာနိုင်ငံတွေမှာ နိုင်ငံခေါင်းဆောင်တွေရဲ့ ပုံတွေကို ငွေစက္ကူတွေမှာ ထည့်သွင်းအသုံးပြု သလိုမျိုး ဗိုလ်ချုပ် အောင်ဆန်း၏ ရုပ်ပုံကို ပြည်တွင်းငွေစက္ကူတွေမှာ ရိုက်နှိပ်အသုံးပြုဖို့ဟာ အစိုးရရဲ့ သဘောထားနဲ့ သာသက်ဆိုင်တယ်လို့ ဗဟိုဘဏ် ဒု-ဥက္ကဋ္ဌ ဦးသန်းလွင်က ဆိုပါတယ်။
မြန်မာငွေကြေးတွေမှာ အရင်က ဗိုလ်ချုပ်အောင်ဆန်း အပါအ၀င် တခြား ထင်ရှားကျော်ကြားတဲ့ ပုဂ္ဂိုလ်တွေရဲ့ ပုံတွေကို ရိုက်နှိပ် အသုံးပြုခဲ့ပေမယ့် တပ်မတော်အစိုးရ လက်ထက်မှစပြီး အသစ်ထွက်ရှိလာတဲ့ ငွေစက္ကူတွေမှာ ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပုံအစား ခြင်္သေ့ပုံကို အစားထိုး အသုံးပြုလာတာ ဖြစ်ပါတယ်။

No comments:
Post a Comment