Friday, November 8, 2013

ရဲစခန်းရောက် အချုပ်သားများ အခွင့်အရေးအတွက် အချုပ်ခန်းများကို စစ်ဆေးနေ

ကိုတိုးကြီး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မရဲစခန်းနှင့် နယ်မြေရဲစခန်းရှိ အချုပ်သားများ၏ အခွင့်အရေးဆုံးရှုံးနစ်နာမှု မရှိ စေရန်ဟုဆိုကာ မုံရွာခရိုင် တရားသူကြီး ဦးတဲရင့်စမိုင်းနီခွာလ်နှင့် အဖွဲ့က ယခုလ ၅ ရက် မွန်းလွဲပိုင်းတွင် ရဲစခန်းအချုပ်ခန်းများသို့ သွားရောက်စစ်ဆေးသည်။

ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် မုံရွာမြို့မရဲစခန်းနှင့် နယ်မြေရဲစခန်းရှိ အချုပ်ခန်းများဖြစ်ကြောင်း တရား ရေးဝန်ထမ်းတစ်ဦးက ပြောသည်။

အမှုကိစ္စများနှင့်ပတ်သက်၍ ရဲစစ်ဆေးနေဆဲကာလတွင် အချုပ်ကျအမှုသည်များနေထိုင်ရသည့် ရဲစခန်းရှိ အချုပ်ခန်းများသည် လေ၀င်၊ လေထွက်ကောင်းမွန်ခြင်း ရှိ၊ မရှိ၊ အလင်းရောင်လုံလောက်စွာရရှိခြင်း ရှိ၊ မရှိတို့ကို စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။

ထို့နောက် အချုပ်ခန်းစစ်ဆေးရေးအဖွဲ့သည် အချုပ်သားတစ်ဦးချင်းစီ၏ ကျန်းမာရေး အခြေအနေများနှင့် အစားအသောက်ပိုင်းဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ မေးမြန်းခဲ့ကြောင်းနှင့် အချုပ်ခန်းအတွင်း ညှင်းပန်းနှိပ်စက်ခံရခြင်း ရှိ၊ မရှိ စသည့်အခြေအနေများကိုလည်း စစ်ဆေးမေးမြန်းခဲ့သည်ဟု အချုပ်ကင်း တာဝန်ကျ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

အမှုစစ်ဆေးရေး ရဲအရာရှိများမှ တရားစွဲဆိုရန် အမှုတည်ဆောက်စစ်ဆေးဆဲကာလတွင် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေများအရ အာမခံပေးပိုင်ခွင့်မရရှိသောအမှုသည်များကို ရဲစခန်းရှိ အချုပ်ခန်းများတွင် ချုပ် နှောင်းထားရှိပြီးအမှုတည်ဆောက်ပြီးစီးပါက တရားစွဲဆိုသည့်အခါ ၎င်းအချုပ်ကျ အမှုသည်အား အကျဉ်း ထောင်ရှိ ထောင်ကြီးချုပ်သို့ လွှဲပြောင်းချုပ်နှောင်းလေ့ရှိကြောင်း အမှု စစ်ရဲအရာရှိတစ်ဦးက မဇ္ဈိမသို့ ပြောပြသည်။

ရဲစခန်း အချုပ်ခန်းများတွင် အချုပ်သားတစ်ဦးအတွက် ထမင်းတစ်နပ်စာလျင် ၂၄၀ကျပ် ၄၁ ပြားခန့်ဖြစ် ပြီး၊ တစ်နေ့တာ ညမနက် ထမင်းစရိတ်အဖြစ် ၄၈၀ ကျပ် ၈၂ပြား နှုန်းခန့် သတ်မှတ် ထားကြောင်း ရဲထောက်ဌာနရှိ ရဲအရာရှိ တစ်ဦးမှဆိုသည်။

နိုင်ငံတော်မှ မည်သည့်ရဲတပ်ဖွဲ့ဝင်မဆို၊ ရဲတပ်ဖွဲ့ဝင် တစ်ဦးလျှင် နေ့စဉ်ရိက္ခာထောက်ပံ့ကြေးငွေစရိတ် ကျပ် ၈၀၀ နှုန်းသတ်မှတ်ပြန်ဋ္ဌာန်းပေးထားကြောင်း သိရှိရသည်။

No comments: