အောင်သူရထွန်း၊ တင်နီလာဝင်း
၂၀၀၈ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေးပူးပေါင်းကော်မတီက ပြည်ထောင်စုလွှတ်တော်သို့ အစီရင်ခံစာတင်သွင်းရမည့်ရက် တစ်လနောက်ဆုတ်လိုက်ကြောင်း နိုဝင်ဘာလ ၇ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးက အတည်ပြုဆုံးဖြတ်လိုက်သည်။
မူလက ပြည်ထောင်စုလွှတ်တော်သို့ ကော်မတီ၏ အစီရင်ခံစာကို ၂၀၁၃ခုနှစ် ဒီဇင်ဘာလ ၃၁ရက်မတိုင်မီ တင်ပြရမည်ဟု သတ်မှတ်ထားခဲ့ရာမှ ၂၀၁၄ခုနှစ် ဇန်န၀ါရီလ ၃၁ရက်မတိုင်မီ နောက်ဆုံးတင်ရမည်ဟု ပြောင်းလဲသတ်မှတ်လိုက်ခြင်းဖြစ်သည်။
ယင်းသို့ အစီရင်ခံစာတင်သွင်းရမည့် နေ့ရက်ရွှေ့ဆိုင်းပေးရန် တင်ပြခြင်းသည် အများပြည်သူလိုလားချက် ကြောင့်လည်းကောင်း၊ အခြေခံဥပဒေအား ကျယ်ပြန့်စွာလေ့လာသုံးသပ်ရန်နှင့် ပြည်စုံသော အကြံပြုချက်များရရှိနိုင်ခြင်းကြောင့် လည်းကောင်း ဖြစ်သည်ဟုဆိုသည်။ ထို့ပြင် ဒီဇင်ဘာလအတွင်း မြန်မာနိုင်ငံ၌ ကျင်းပမည့် အရှေ့တောင်အာရှ ဆီးဂိမ်းအားကစားပြိုင်ပွဲနှင့် တိုက်ဆိုင်နေခြင်းကြောင့်လည်း ဖြစ်ကြောင်း ကော်မတီက ပြည်ထောင်စု လွှတ်တော် နာယက ထံသို့ပေးပို့သည့် အစီရင်ခံစာတွင်ဖော်ပြထားသည်။
ထို့ပြင်ကော်မတီဝင်တစ်ဦးဖြစ်သူ ဒေါက်တာစိုင်းကျော်အုန်းသည် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနဒုတိယ၀န်ကြီးအဖြစ် ခန့်အပ်ခံခဲ့ရသဖြင့် ၄င်းအစား ဦးစိုင်းဝင်းခိုင်ကို ပြောင်းလဲတာဝန်ပေးရန်ကိုလည်း ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့သည်။
No comments:
Post a Comment