Wednesday, November 13, 2013

ကုန်းတွင်းပိတ် ကယားပြည် နယ်စပ်လမ်းတခု ရတော့မည်

စူးမယ်

ကယား(ကရင်နီ)ပြည်နယ် စီးပွားရေး၊ လူမှုရေးဖွံ့ဖြိုးတိုးတက်ဖို့ရန်အတွက် ဘီပီ ၁၃ နယ်စပ်လမ်းကို ကတ္တရာလမ်းအဖြစ် ဦးစားပေးဖောက်လုပ်နေပြီဖြစ်ကြောင်း ပြည်နယ် လမ်းပမ်းဆက်သွယ်ရေး ဝန်ကြီး ဦးချစ်လှက ပြောသည်။

“အခုမယ်စဲ့လမ်းကို ဦးတို့က ကတ္တရာလမ်းဖြစ်အောင် လုပ်နေတယ်။ အရင်တုန်းက ချောင်းကို ဖြတ်ဖြတ်ပြီးသွားရတာလေး။ ခုတော့ အဲလိုမဟုတ်ပဲ တောင်ပေါ်ကနေ တောင်ကျောလမ်းကိုဖောက်ပြီး လုပ်နေပါတယ်"ဟုဝန်ကြီးက ပြောသည်။

ထိုင်းနိုင်ငံမယ်ဟောင်ဆောင်ခရိုင်နှင့် ကယားပြည်နယ် မယ်စဲ့မြို့နယ်တို့ ထိစပ်လျက်ရှိသည့် ဘီပီ ၁၃ လမ်းသည် နောင်တချိန်တွင် နယ်စပ်ကုန်သွယ်ရေးလမ်းအဖြစ် ဖွင့်မည်ဖြစ်သည့်အတွက် ပြည်ပနိုင်ငံနှင့် ဆက်သွယ်ရေးလမ်းကြောင်း ပေါ်ပေါက်လာမည်။

ထိုအချိန်တွင် ကုန်သွယ်ရေး ကိစ္စ၊ အရောင်းအဝယ်ကိစ္စကောင်းလည်း ကောင်းလာမည်ဖြစ်သည့်အတွက် ပြည်သူလူထုလည်း အလုပ်အကိုင်အခွင့်အလမ်းတွေ ပေါ်လာမည်ဖြစ်သည်ဟု ဝန်ကြီးက ပြောသည်။

ဝန်ကြီးက “ဒီလမ်းကအရေးကြီးတာပေါ့နော်။ ဘာကြောင့်လဲဆိုတော့ ဒို့ကယားပြည်နယ်က ရှင်းရှင်းပြောလို့ရှိရင် ဝင်ပေါက်ထွက်ပေါက်က ဘာမှမရှိဘူးလေး။ ဒီလမ်းလုပ်နိုင်လို့ရှိရင် ပြည်နယ် စီးပွားတိုးတက် ဖွံ့ဖြိုးလာမယ်လို့ ယုံကြည်လို့သာ အစိုးရအဖွဲ့ကလည်း ဦးစားပေးပြီးလုပ်နေတဲ့ လမ်းဖြစ်တယ်"ဟုပြောသည်။

မယ်စဲ ဘီပီ ၁၃ နယ်စပ်လမ်းသည် ယခုလာမည့်နွေတွင် ပြီးနိုင်မည်ဟု ဝန်ကြီးက ဆက်ပြောပါသည်။

“ငါတို့ပြည်နယ်က တကယ်ကုန်းတွင်းပိတ်ပြည်နယ်ဖြစနေတာ ဖြစ်တဲ့အခါကျတော့ တခြားပြည်ပနဲ့ ဆက်ဆံမှုက မရှိရင် ငါတို့ပြည်နယ်က စီးပွားရေးကော လှုမှုရေးကော နောက်ကျနေခဲ့လိမ့်မယ် ကုန်သွယ်ရေးတွေ လုပ်မှဘဲဖြစ်မယ်”ဟု ဝန်ကြီးက ဆက်ပြောသည်။

မယ်စဲ ဘီပီ ၁၃ နယ်စပ်လမ်းတွင်ရှိသော ဂိတ်တခုကို မြန်မာ့တပ်မတော်ဖက်မှ နယ်ခြားစောင့်တပ်များ စောင့်ပြီး ထိုင်းဖက်မှလာစောင့်သော တပ်တွေလည်း ရှိသည်ဟု ၄င်းက ပြောသည်။

ဝန်ကြီးက “ဦးအနေနဲ့ ဒါတို့ပြည်နယ်အတွက် အသက်သွေးကြောဝင်လမ်းဖြစ်တဲ့အတွက် ဒါက ပြည်နယ်အတွက် ဖွံ့ဖြိုးတိုးတက်မှုအတွက်နဲ့ စီးပွားရေးဖြစ်ပေါ်ဖို့အတွက် လုပ်ဆောင်ရတဲ့အတွက် ဒါက လုပ်ရကိုင်ရတာကိုလည်း ဦးအနေနဲ့ ကျေနပ်ပါတယ်။ ကိုယ့်ပြည်နယ်အတွက် အမှန်တကယ် အကျိုးဖြစ်မယ့်လမ်းဖြစ်တဲ့အတွက် ဦးအနေနဲ့ ဝမ်းသာစွာနဲ့ ဆောင်ရွက်နေပါတယ်”ဟုပြောသည်။

ကရင်နီပြည်နယ်အတွင်း မယ်စဲ့ ဘီပီ(၁၃) နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကို ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP မှ လုံခြုံရေးအား ကူညီဆောင်ရွက်ပေးရန်အတွက် တတိယအကြိမ် ပြည်ထောင်စု တွေ့ဆုံဆွေးနွေးပွဲတွင် သဘောတူထားသည်။

KNPP လွိုင်ကော်ဆက်ဆံရေးရုံးတာဝန်ခံ ဗိုလ်မှုးကြီးဘုန်းနိုင်က “ဒီလုံခြုံရေးကိစ္စကို နှစ်ဖက်အတူတူ ပူးပေါင်းပြီး လုပ်သွားမှာပေါ့နော်”ဟုပြောသည်။

ဘီပီ ၁၃ လမ်းကို ပြီးခဲ့သည့် ၁၉၉၄ ခုနှစ် ကရင်နီလူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး KNPLF အဖွဲ့မှ စစ်အစိုးရနှင့် အပစ်ခတ်ရပ်ယူချိန်ကာလကတည်းက စတင်ဖွင့်လှစ်ခဲ့ပြီး နှစ်ဘက်နိုင်ငံ နယ်စပ်ရှိဒေသခံများမှ တဘက်နှင့်တဘက် ကောက်ပဲသီးနှံများနှင့် အသေးစားကုန်ပစ္စည်းများ ရောင်းဝယ်ခဲ့ကြသည်။

ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်မှာ KNPP နှင့်အစိုးရတို့ အပစ်ခတ်ရပ်စဲရေးသဘောတူ လက်မှတ်ရေးထိုးခဲ့ပြီးနောက် အဆိုပါလမ်းအား ဦးစားပေးပြုပြင်လိုက်ခြင်းဖြစ်ပြီး ပြုပြင်နေသည့်ကြားမှာပင် ထိုင်းဘက်မှ စားသောက်ကုန်များအပြင် ဘိလပ်မြေများစတင် တင်ပို့ရောင်းချလျက်ရှိသည်ဟု မြန်မာဘက်မှ ပြောင်းနှင့်ငရုပ်ဝယ်ယူနေသည့် ထိုင်းကုန်သည်တဦးက ပြောသည်။

No comments: